မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်

 

အိမ်တိုင်းအိမ်တိုင်းက မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့မှ  အောက်ပါစည်းကမ်း ချက်များကို  လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည်-
(၁)     မိမိနေအိမ်ခြံဝင်းကို သန့်ရှင်းသပ်ရပ်စွာထားပါ။
(၂)     မီးလောင်လွယ်သော   အရာဝတ္ထုများကို   သေချာစွာ   ထုပ်ပိုးသိမ်းဆည်းခြင်း၊  အသုံးမပြုလိုလျှင်  စနစ်တကျ   စွန့်ပစ်ခြင်းများ ဆောင်ရွက်ပါ။
(၃)     အမှိုက်မီးရှို့လိုလျှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြား၍ ခွင့်ပြုမှသာ ဆောင်ရွက်ပါ။
(၄)     ထင်းမီးဖိုအသုံးပြုလျှင် လုံခြုံစွာကာရံခြင်း၊ ကျင်းတူး၍ အသုံးပြုခြင်းများ ဆောင်ရွက်ပါ။
(၅)     ဓာတ်ငွေ့မီးဖြင့်   အသုံးပြုချက်ပြုတ်လျှင်   အသုံးမပြုမီ  နားလည်တတ်ကျွမ်းသူများဖြင့် သေချာစွာစစ်ဆေးပါ။
(၆)     လျှပ်စစ်မီးကို  အသုံးပြုချက်ပြုတ်လျှင်  ဝန်အားမျှတသည့် ဝိုင်ယာကြိုးများကို အသုံးပြုခြင်း၊ လျှပ်စီးပတ် လမ်းကို အလိုအ‌လျောက်ဖြတ်တောက်ပေးသော  ပစ္စည်းကိရိယာများကို  အသုံးပြုခြင်း၊ ဝန်အားမနိုင်လျှင် လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများ  တပ်ဆင်ထားရှိခြင်းများကို  နားလည် တတ်ကျွမ်း သော ပညာရှင်များ၏ အကူအညီရယူဆောင်ရွက်ပါ။
(၇)    နေအိမ်တွင် အသုံးပြုထားရှိသော လျှပ်စစ်ပစ္စည်းများကို   နှစ်စဉ် စစ်ဆေးပြီး အသုံးပြုရန် မသင့်လျော်သော ဟောင်းနွမ်းခြင်း၊ ပေါက်ပြဲခြင်း၊ ဝန်အားမမျှခြင်းစသည့်  အန္တရာယ်ရှိသည့် အစိတ်အပိုင်းများကို အစားထိုး လဲလှယ်ပါ။
(၈)     နေအိမ်ခြံဝင်းအတွင်း   လောင်စာဆီ၊   စားသုံးဆီ၊   စက်သုံးဆီ၊ အမွှေးဆီစသည့် မီးလောင်လွယ်သော ဆီအမျိုးမျိုးကို သိုလှောင် ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ မပြုပါနှင့်။
(၉)     မီးခြစ်အစရှိသော မီးဖြစ်စေသော ပစ္စည်းများကို ကလေးသူငယ်များ လက်လှမ်းမမီသောနေရာ၊ အပူဒဏ် မခံစားရသော နေရာများတွင် သေချာစွာ သိမ်းဆည်းထားရှိပါ။
(၁၀)     ကလေးငယ်များကို   မီးဖြစ်ပေါ်စေသောပစ္စည်းများ  သို့မဟုတ် မီးလောင်လွယ်သော  ပစ္စည်းများနှင့်  အသုံးပြု ချက်ပြုတ်စေခြင်း၊ ဆေးလိပ်၊ ခြင်ဆေးခွေနှင့် အမွှေးတိုင်အစရှိသောပစ္စည်းများအား မီးညှိစေခြင်း၊ ဆော့ကစား ခြင်းများ မပြုပါစေနှင့်။
(၁၁)    ဆေးလိပ်ကို မီးငြိမ်းသည်ဟု သေချာမှသာ စနစ်တကျစွန့်ပစ်ပါ။
(၁၂)    အိပ်ရာ၊  အဝတ်တန်း၊ အဝတ်ပုံနှင့် လောင်စာဆီများအနီးတွင် ခြင်ဆေးခွေ  ထွန်းညှိထားခြင်း၊  ဖယောင်းတိုင် မီးထွန်းခြင်း၊ အမွှေးတိုင်ထွန်းညှိထားခြင်းများ မပြုပါနှင့်။
(၁၃)    ဘုရားရှိခိုးအပြီး လူစောင့်မထားရှိဘဲ မီးပူဇော်ထားရှိခြင်း၊ အမွှေးတိုင် ထွန်းညှိပူဇော်ထားရှိခြင်းများ မပြုပါနှင့်။
(၁၄)    ထမင်းဟင်းချက်ပြုတ်ခြင်း၊ မီးပူတိုက်ခြင်း၊ အမှိုက်မီးရှို့ခြင်းနှင့် မီးနှင့်ပတ်သက်သော  သို့မဟုတ်   မီးလောင် နိုင်သောပစ္စည်းများကို ကိုင်တွယ်အသုံးပြုပြီးတိုင်း သေချာစွာစစ်ဆေးဖြတ်သိမ်းခြင်း၊ ငြှိမ်းသတ်ခြင်း၊ လူစောင့် ထားရှိခြင်းများ ဆောင်ရွက်ပါ။
(၁၅)    အကြောင်းကိစ္စ  တစ်စုံတစ်ရာကြောင့်  နေအိမ်မှထွက်ခွာလိုလျှင် မထွက်ခွာမီ မီးလောင်နိုင်သော  ကိစ္စဟူသမျှ သေချာစွာ စစ်ဆေးပြီး မီးမလောင်နိုင်ဟု သေချာမှသာ နေအိမ်မှထွက်ခွာပါ။
(၁၆)    လူမနေသော အဆောက်အအုံ၊ ဂိုဒေါင်များကို ညစောင့်ထားရှိပါ။
(၁၇)    နေအိမ်များတွင် မီးချိတ်၊ မီးကတ်၊ လှေကား၊ ရေနှင့် သဲအစရှိသော မီးငြှိမ်းသတ်ရေးကိရိယာများ စုံလင်စွာ ထားရှိပါ။ ငွေကြေးတတ်နိုင်ပါက မီးသတ်ဆေးဘူးထားရှိပါ။ အထပ်မြင့်အဆောက်အအုံဖြစ်ပါက အထပ်တိုင်း တွင် မီးသတ်ဆေးဘူးထားရှိပါ။
(၁၈)    မီးငြှိမ်းသတ်ရေးကိရိယာများကို အသုံးပြုတတ်စေရန် လေ့ကျင့်သင်ကြားပါ။   နေအိမ်ရှိလူတိုင်း    အသုံးပြု တတ်အောင်လည်း သင်ကြား၍ အခါအားလျော်စွာ လေ့ကျင့်ပါ။
(၁၉)    မီးချိတ်၊ မီးကတ်၊ လှေကား၊ ရေနှင့် သဲများထားရှိရာတွင် မီးချိတ်သည် အရွယ်ရောက်ပြီး လူငယ်တစ်ဦး ခိုစီး နိုင်လောက်အောင် ခိုင်ခံ့ရမည်။   မီးကတ်သည်  လွှဲရမ်းခံနိုင်လောက်အောင်  တောင့်တင်းရမည်၊ လှေကား သည် အရွယ်ရောက်ပြီး လူငယ်တစ်ဦး သယ်ယူနိုင်ရမည်ဖြစ်ပြီး လူကြီးနှစ်ဦးအတက်ခံနိုင်သည်အထိ ပေါ့ပါး ခိုင်ခံ့ရမည်၊ ရေနှင့်သဲကို အရွယ်ရောက်ပြီး လူငယ်တစ်ဦး သယ်ယူပက်ဖျန်းစေနိုင်သော ပုံးဖြင့်ဖြစ်စေ အများ အပြားထားရှိပါက   အလွယ်တကူ   သယ်ယူပက်ဖျန်းနိုင်စေရန်   မီးသတ်ရေပုံး ထားရှိဆောင်ရွက်ရပါမည်။
(၂၀)    မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ  အခါအားလျော်စွာ  ထုတ်ပြန်သော ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ တားမြစ် ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပါ။