
မောင်သောင်းဝင်း(တမန်ဟောင်း)
မကြာမီ မြန်မာလူမျိုးတို့၏ မဟာသင်္ကြန်ပွဲတော်ကြီး ကျရောက်တော့မည်ဖြစ်သည်။ ရပ်ကွက်ထဲတွင် သင်္ကြန်တေးသီချင်းများ ကြားနေရပြီး သင်္ကြန် အငွေ့အသက်ကို ကြိုတင်ခံစားနေရပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် သင်္ကြန်ပွဲတော်အတွက် ကြိုတင် ပြင်ဆင်နေကြပြီဖြစ်သည်။ သင်္ကြန်ကာလကို အသက်အရွယ်အလိုက် ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်း ကြသည်။ လူငယ်များသည် ရေကစားကြသည်။ လူလတ်ပိုင်းအရွယ်များက အလှူအတန်းပြုလုပ်ကြ သည်။ လူကြီးပိုင်းများသည် ဘုရား တန်ဆောင်း၊ ဘုန်းကြီးကျောင်းများသို့သွားကာ ဥပုသ်သီတင်း သီလဆောက်တည်ကြသည်။ တရားရိပ်သာဝင်ကြ သည်။ အမှန်တော့ မဟာသင်္ကြန်သည် မြန်မာတို့ အတွက် ထူးခြားလေးနက်သော ပွဲတော်တစ်ခုပင် ဖြစ်သည်။ သင်္ကြန်ရေပက်ဖျန်းရင်း ကောင်းမှု ကုသိုလ်လည်း ပြုလုပ်ခွင့်ရကြသည်။
ရေကစားခြင်းနှင့် ကုသိုလ်ပြုခြင်း
သင်္ကြန်အကြိုနေ့တွင် နိုင်ငံတစ်ဝန်းရှိ ရေကစားမဏ္ဍပ်များကို ဖွင့်လှစ်ကြသည်။ ရောင်စုံ ဝတ်စုံများဖြင့် လှချင်တိုင်းလှနေကြသည့် ယိမ်းပျိုဖြူ များ၏ ရှုမငြီးဖွယ်အကအလှကို ရုပ်မြင်သံကြား လိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပေးသည်။ အကြို နေ့မှစ၍ ရေကစားမဏ္ဍပ်များတွင် လှပျိုဖြူယိမ်း အဖွဲ့များက လာရောက်ဖျော်ဖြေကြသည်။ အထူး သဖြင့် နာမည်ကြီးအနုပညာရှင်များ၏ ဖျော်ဖြေမှု များကို ကြည့်ရှုခွင့်ရရှိကြသည်။ ရေကစားမဏ္ဍပ်များ တွင် ပျော်ရွှင်အေးချမ်းစွာ ရေကစားကြပြီးအကအလှ များ ကြည့်ရှုခံစားကာ မြန်မာအစားအစာများကို စားသောက်ရင်း ဖြတ်သန်းကြရသဖြင့် တစ်နှစ်ပတ် လုံး ပင်ပန်းလာမှုများကို ပြေပျောက်စေပါသည်။
မြန်မာတို့သည် သင်္ကြန်ကာလကို အပျော် သက်သက်ဖြင့် ကုန်ဆုံးလေ့မရှိပေ။ သင်္ကြန်ကာလ တွင်း၌ ရေကစားနေသည့်တိုင်အောင် မြန်မာ နှစ်ဆန်း ၁ ရက်နေ့တွင်မူ ဘုရား၊ ကျောင်းကန်များသို့ ရောက်ဖြစ်ကြသည်။ ထိုနေ့တွင် တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်း၊ ဥပုသ်သီတင်းသီလဆောက်တည် ခြင်း၊ ရေလှူခြင်း၊ ဘုရားစေတီများကို ရေသပ္ပာယ် ခြင်း၊ သက်ကြီးဘိုးဘွားများကို လက်သည်း ခြေ သည်းညှပ်ပေးခြင်း၊ ရေချိုး ခေါင်းလျှော်ပေးခြင်း၊ တတ်နိုင်သမျှကန်တော့လှူဒါန်းခြင်း စသည့် ကောင်းမှုကုသိုလ် အမျိုးမျိုးကို ပြုလုပ်ဖြစ်ကြသည်။
နွေရာသီနှင့် ခရမ်းလွန်ရောင်ခြည်
မြန်မာနိုင်ငံတွင် နွေရာသီအပူချိန်သည် မတ်လ ကတည်းက တဖြည်းဖြည်း မြင့်တက်လျက်ရှိသည်။ အချို့သောဒေသများတွင် အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီဖြစ်သည်။ အပူချိန် မြင့်မားသော နေ့ခင်းဘက်နေရောင်ခြည်တွင် ခရမ်း လွန်ရောင်ခြည် ပါဝင်မှုနှုန်း မြင့်မားလာလျက် ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကလည်း ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိ ပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားရှိသည်။ မြန်မာ နိုင်ငံ အပူပိုင်းဒေသများတွင် နွေရာသီ၌ ခရမ်းလွန် ရောင်ခြည် ပိုမိုကျရောက်လေ့ရှိသည်။ ထိုဒေသများ ရှိ ပြည်သူများသည် သင်္ကြန်ကာလတွင် ခရမ်းလွန် ရောင်ခြည်အန္တရာယ်ကိုလည်း အထူးဂရုပြု ကာကွယ်သင့်ပါသည်။
ခရမ်းလွန်ရောင်ခြည်ဆိုသည်မှာ
ခရမ်းလွန်ရောင်ခြည်သည် လူသားတို့၏ သာမန်မျက်စိဖြင့် မမြင်နိုင်သော နေရောင်ခြည်မှ ဖြာထွက်လာသည့် လျှစ်စစ်ရောင်စဉ်လှိုင်းတစ်ခု ဖြစ်သည်။ အင်းဆက်ပိုးမွှားများနှင့် ငှက်များ ကဲ့သို့သော တိရစ္ဆာန်များသာလျှင် ၎င်းရောင်ခြည်ကို မြင်နိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည်သည် မြင်နိုင် သည့် ခရမ်းရောင်ထက် လှိုင်းနှုန်း၊ အလျားနှင့် စွမ်းအင်တို့ ပိုမိုမြင့်မားလျက်ရှိသည်။ ၁၈၀၁ ခုနှစ်က ဂျာမနီရူပဗေဒပညာရှင် Johann Wilhelm Ritter က ခရမ်းလွန်ရောင်ခြည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ခရမ်းလွန်ရောင်ခြည်တွင် အခြေခံအားဖြင့် Ultraviolet A-UVA၊ Ultraviolet B-UVB နှင့် Ultraviolet C- UVC တို့ကိုသာ လူသိများကြသည်။ ထို့အပြင် Near Ultraviolet-NUV၊ Middle Ultraviolet- MUV၊ Far Ultraviolet- FUV၊ Hydrogen Lyman-alpha - H lyman-'a၊ Vacuum Ultraviolet- VUV နှင့် Extreme Ultraviolet-EUV တို့ကိုလည်းတွေ့ရှိနိုင်ပါသည်။
ခရမ်းလွန်ရောင်ခြည်အန္တရာယ်
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကို အစိမ်း၊ အဝါ၊ လိမ္မော်၊ အနီနှင့် ခရမ်းရောင်ဟူ၍ ခွဲခြား ထားသည်။ အစိမ်းရောင်သည် အညွှန်းကိန်း(၀ မှ ၂ ဒသမ ၉) အထိရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း နည်းပါးသည်။ ထိုအခြေအနေမျိုးတွင် ပြင်းထန်သည့်နေရောင်အောက်သို့ သွားလာမည် ဆိုပါက နေကာမျက်မှန်နှင့် နေပူခံလိမ်းဆေးတို့ကို အသုံးပြုထားသင့်သည်။ အဝါရောင်သည် အညွှန်း ကိန်း(၃ မှ ၅ ဒသမ ၉)အထိရှိပြီး ခရမ်းလွန်ရောင်ခြည် အတန်အသင့် ပါဝင်လာပြီဖြစ်သည်။ ထိုအခြေအနေ မျိုးတွင် သတိထားရတော့မည်ဖြစ်သည်။ နေရောင် ခြည်အောက်သို့ သွားလာမည်ဆိုလျှင် နေရောင်မထိ အောင် လုံလုံခြုံခြုံဝတ်ဆင်သွားရန် လိုအပ်သည်။ အထူးသဖြင့် အပူချိန်မြင့်မားသည့် နေ့ခင်းဘက်တွင် အရိပ်အာဝါသအောက်၌သာ နေထိုင်သင့်သည်။
လိမ္မော်ရောင်သည် အညွှန်းကိန်း(၆ မှ ၇ ဒသမ ၉) အထိရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း မြင့်မားလာပြီဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ခန္ဓာကိုယ်တစ်ခုလုံးကို နေရောင်ခြည်တိုက်ရိုက်ထိရောက်ခြင်းမှ ကာကွယ်နိုင်သည့် အဝတ်အစားများ ဝတ်ဆင်ခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်း၊ ထီး၊ ဦးထုပ်များဆောင်းခြင်း၊ နေလောင်ဒဏ်ကာကွယ် သည့်ခရင်မ် (Sun Protection Factor- SPF) များ ကြိုတင်သုံးစွဲခြင်း၊ နေရောင်ခြည်အောက်သို့ သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားခြင်းတို့ ပြုလုပ်ရန် လိုအပ်လာပြီဖြစ်သည်။ အနီရောင်သည် အညွှန်းကိန်း(၈ မှ ၁၀ ဒသမ ၉)အထိရှိပြီး ခရမ်းလွန် ရောင်ခြည်ပါဝင်မှုနှုန်း အလွန်မြင့်မားလာပြီဖြစ်ကာ ထိုအခြေအနေမျိုးတွင် SPF များသုံးစွဲခြင်း၊ နေကာ မျက်မှန်တပ်ဆင်ခြင်း၊ ဦးထုပ်နှင့် ထီးဆောင်းခြင်းနှင့် နေရောင်ခြည်အောက်သို့ ကြာမြင့်စွာ သွားလာခြင်း တို့ကို အထူးဂရုပြုရှောင်ရှားသွားရန် လိုအပ်သည်။
ခရမ်းရောင်သည် အညွှန်းကိန်း( ၁၁နှင့် အထက်) ရှိပြီး ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း လွန်ကဲစွာ မြင့်မားနေသည့် အန္တရာယ်ရှိသောအဆင့်ဖြစ်သည်။ အဘက်ဘက်မှသတိထားရမည့် အခြေအနေဖြစ် သည်။ ထိုအခြေအနေမျိုးတွင် နေလောင်ဒဏ်ခံ SPF များ သုံးစွဲခြင်း ၊ အင်္ကျီလက်ရှည်နှင့်ဘောင်းဘီ ရှည်များဝတ်ဆင်ခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်း နှင့် နေရောင်ခြည်အကာအကွယ်ပေးနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းခြင်းတို့ပြုလုပ်ပြီး အပူချိန် မြင့်မားသည့် မွန်းတည့်ချိန်နှင့် နေ့လယ်ပိုင်းတို့တွင် နေရောင်ခြည်အောက်သို့ သွားလာခြင်းမျိုးကို လုံး၀ ရှောင်ကြဉ်သင့်ပါသည်။ ဆိုရလျှင် ခရမ်းလွန် ရောင်ခြည်တိုက်ရိုက်ကျရောက် ထိတွေ့ခံရသူများ သည် အသားအရေများ တဖြည်းဖြည်းညိုမည်းလာ ပြီး နေလောင်ဒဏ်ခံစားရမည်ဖြစ်သည်။ လွန်ကဲစွာ ကျရောက်ထိတွေ့ခံရပါက အရေပြားကင်ဆာဖြစ် ပွားသည်အထိ ခံစားရမည်ဖြစ်သည်။
အကျိုးပြုအိုဇုန်းလွှာ
နေရောင်ခြည်မှဖြာထွက်လာသော ခရမ်းလွန် ရောင်ခြည် (Ultraviolet-UV)အား ရောင်ခြည်ဖြာ ထွက်မှုအလျားကို အခြေခံလျက် UV-a၊ UV-b နှင့် UV-c ဟူ၍ သုံးမျိုးခွဲခြားထားသည်။ အိုဇုန်း မော်လီကျူးများသည် သက်ရောက်မှုမတူညီသည့် ခရမ်းလွန်ရောင်ခြည် သုံးမျိုးအပေါ် မတူညီသော ရောင်ခြည်တန်းများဖြင့် တုံ့ပြန်ကာကွယ်ပေးသည်။ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် UV-c အပေါ် ထိရောက်စွာတုံ့ပြန်နိုင်ပြီး ကမ္ဘာ့မြေပြင်အထက် မိုင် ၂၀ ခန့်အကွာတွင် လုံး၀ကာကွယ်ပေးနိုင်သည်။ အိုဇုန်းဓာတ်ငွေ့သည် ခရမ်းလွန်ရောင်ခြည် UV-a ကို အနည်းငယ်သာ ကာကွယ်ပေးနိုင်သော်လည်း ၎င်းရောင်ခြည်သည် နေလောင်ခြင်း သို့မဟုတ် မျိုးရိုးဗီဇပျက်စီးမှုကို တိုက်ရိုက်ဖြစ်ပွားစေခြင်း မရှိသဖြင့် လွန်စွာပူပန်စရာမလိုပေ။
ခရမ်းလွန်ရောင်ခြည် UV-b သည် ကမ္ဘာမြေပေါ် သို့ အဆိုးရွားဆုံး သက်ရောက်မှုရှိစေသည့် ရောင်ခြည်တစ်မျိုးဖြစ်သည်။ လူ့ခန္ဓာကိုယ်ပေါ်သို့ ၎င်း UV-b တိုက်ရိုက်ကျရောက်ပါက အရေပြား ကင်ဆာကဲ့သို့သော DNA ပျက်စီးမှုများအထိ ပြင်းထန်စွာခံစားရသည်။ သို့သော် ကံကောင်း ထောက်မစွာဖြင့် အိုဇုန်းလွှာသည် ခရမ်းလွန်ရောင် ခြည် UV-b အများစုကို ကာကွယ်ပေးထားပြီး အချို့ သာလျှင် ကမ္ဘာမြေပေါ်သို့ ကျရောက်လျက်ရှိသည်။ ထို့ကြောင့် အိုဇုန်းလွှာပါးလွှာပျက်စီးမှု ဖြစ်ပေါ်လာ သလောက် ကမ္ဘာမြေပေါ်သို့ UV-b ကျရောက်မှု အဆင့်လည်း မြင့်မားလာနိုင်ပါသည်။
သင်္ကြန်ကာလနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်
ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် နေလောင် ခြင်း၊အသားအရောင်ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင် သည်။ ထိတွေ့မှုကာလကြာမြင့်လာသည့်အခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများစွာကိုဖြစ် ပေါ်စေနိုင်သည်။
သင်္ကြန်ပွဲတော်ကာလတွင် လူငယ်အများစု သည် နေ့ခင်းဘက်၌ ရေထွက်ကစားကြတော့မည် ဖြစ်သည်။ ထို့ကြောင့် ရေပက်ခံထွက်မည်ဆိုလျှင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့် ပေသည်-
(၁) နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ခန့်အတွင်း
တွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့
ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း။
(၂) အပြင်ထွက်ရန်လိုအပ်ပါက မျက်နှာ၊
လည်ပင်းနှင့် ပခုံးတို့ပါလုံခြုံသော ထီး၊
ဦးထုပ်များ ဆောင်းသွားခြင်း။
(၃) နေရောင်ထိတွေ့နိုင်သည့် အသားအရေ
များကို SPF 15+ ကြိုတင်လိမ်းသွားခြင်း။
(၄) နေကာမျက်မှန်တပ်ခြင်း။
(၅) ချည်သားထူထူပွပွ အဝတ်အထည်များ
ကို ဝတ်ဆင်ခြင်း။
(၆) သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ
ကို အထူးဂရုပြုကာကွယ်ပေးခြင်း။
ရေကစားထွက်ကြမည်ဆိုလျှင် နံနက် ၁၀ နာရီ မတိုင်မီနှင့် ညနေ ၄ နာရီနောက်ပိုင်း အချိန်များတွင် ရေကစားခြင်းသည်သာလျှင် တစ်ကိုယ်ရေကျန်းမာ ရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်။ အညွှန်း ကိန်းမြင့်မားသည့် ခရမ်းလွန်ရောင်ခြည်များ ကြာမြင့်စွာ ကျရောက်ထိတွေ့ခံရပါက အသားအရေ များနေလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်ပွားခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းတို့ ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် သင်္ကြန်ကာလတွင် ရေပက်ခံထွက် ရေကစားမည်ဆိုလျှင် ခရမ်းလွန်ရောင်ခြည် ကျရောက်ထိတွေ့မှုမှ ကာကွယ်နိုင်ရေးအတွက် အပူဒဏ်ခံ အဝတ်အစားများ၊ အရိပ်အကာများ၊ နေကာမျက်မှန်များနှင့် နေလောင်ဒဏ်ခံခရင်မ် များကို ကြိုတင်ကာကွယ် အသုံးပြုသွားနိုင်ရန် တိုက်တွန်းအကြံပြုလိုက်ရပါသည်။ ။
- Log in to post comments