
မြေပုံ မေ ၂၉
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် အငူကျေးရွာရှိ ဧလပဗ္ဗတတော်ပေါ်တွင် တည်ထားကိုးကွယ် လျက်ရှိသော ဗုဒ္ဓရင်ရိုးတော်ဓာတ်စေတော်မြတ်ကြီး၌ ဘုရားဖူးများအလွယ်တကူ တက်ရောက်ဖူးမြော်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားသော ဓာတ်လှေကားကို မေ ၂၈ ရက်က ဓာတ်လှေကား အဝင်ရင်ပြင်တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော် တီးခတ်၍ ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ဦး၊ ဂေါပကဥက္ကဋ္ဌ ဦးတင်အေးနှင့် ဂေါပကအတွင်းရေးမှူး ဦးထွန်း မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (ယာပုံ) ဂေါပကဥက္ကဋ္ဌ ဦးတင်အေးက ဗုဒ္ဓရင်ရိုးတော်ဓာတ် စေတီတော်မြတ် ဓာတ်လှေကား ဖွင့်ပွဲအထိမ်းအမှတ် အလံနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ဗိုလ်မှူးကြီး မျိုးညွန့်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်ထံ ပေးအပ်ကြသည်။
ထို့နောက် ဂေါပကဥက္ကဋ္ဌ ဦးတင်အေးက ဓာတ်လှေကား စတင်အကောင်အထည်ဖော်လာပုံသမိုင်းကြောင်းနှင့် ငွေကြေးအလှူခံရရှိမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဓာတ်လှေကား တည်ဆောက်ရာ တွင် မြေအောက်ဖောင်ဒေးရှင်း (၁၀ ပေ x ၆ လက်မ)၊ မြေပေါ်မှ လျှောက်လမ်းအထိ အမြင့်ပေ ၇၆ ပေ နှင့် လျှောက်လမ်းအထက် အမြင့်ပေ (၂၃ ပေ x ၃ လက်မ)၊ ဓာတ်လှေကားမှ ဘုရားရင်ပြင်အထိ လျှောက်လမ်းမှာ (အလျား ၁၁၈ ပေ x အနံ ၁၀ ပေ) ရှည်လျားကာ ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်း ငွေကျပ်သိန်း ၁၅၀၊ စေတနာရှင်အလှူရှင်များက လှူဒါန်းငွေကျပ် သိန်း ၂၉၈၂၆၈၄၁၀ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ငွေကျပ်သိန်း ၃၀၀၀ ကျော် ဖြစ်ကြောင်း သိရသည်။
တင်ဝင်း(ပြန်/ဆက်)