မွေးမြူထုတ်လုပ်မြှင့်တင် AI နည်းပညာတစ်ခွင်အကြောင်း တစေ့တစောင်း

Type

 

မောင်စော(မွေးမြူဆေးကု)၊ မွေးသု

မွေးမြူထုတ်လုပ်ရေးနှင့် မျိုးမြှင့်တင်ရေးနယ်ပယ်တွင် AI ခေါ် Artificial Insemination (မေထုန်မဲ့သားစပ်ခြင်း)နည်းပညာကို လူသိများကြပြီး မွေးမြူထုတ်လုပ်ရေးကဏ္ဍတွင်  မရှိမဖြစ် အရေးပါသည့် နည်းပညာ တစ်ရပ်ဖြစ်သည်။   ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့သည့် AI ခေါ် Artificial Intelligence(ဉာဏ်ရည်တု)နည်းပညာသည် ဖန်တီးပြုလုပ်ထားသည့် မှတ်ဉာဏ်အတုနည်းပညာတစ်ခုဖြစ်ပြီး အလိုအလျောက် သင်ယူလေ့လာနိုင်စေရန်  ရေးဆွဲထားသော ကွန်ပျူတာပရိုဂရမ်တစ်ခုပင်ဖြစ်သည်။ ယနေ့ (၂၁)ရာစုခေတ်တွင် AI ဉာဏ်ရည်တုနည်းပညာကို  နယ်ပယ်မြောက်မြားစွာတွင် အသုံးပြုလာကြပြီဖြစ် သည်။ ထို့အတူ ယနေ့ခေတ်စားနေသည့် AI ဉာဏ်ရည်တုနည်းပညာသည် ကမ္ဘာတစ်လွှားရှိ ခေတ်မီမွေးမြူထုတ်လုပ်ရေးနှင့် ဆေးကုသရေးကဏ္ဍတွင်လည်း မရှိမဖြစ် အရေးပါသည့် နည်းပညာတစ်ရပ်ဖြစ်လာပြီး Smart livestock farm (နည်းပညာဖြင့် ပြီးပြည့်စုံသော မွေးမြူထုတ်လုပ်ရေးလုပ်ငန်း)များလည်း ထူထောင်လာကြသည်ကို တွေ့ရသည်။
နယ်ပယ်အသီးသီးတွင်
အသုံးများလာသော AI နည်းပညာ
AI ဉာဏ်ရည်တုနည်းပညာကို  ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် မောင်းသူမဲ့ကားများ၊    ဒရုန်းယာဉ်များတွင် ထည့်သွင်းအသုံးပြုရုံသာမက     မော်တော်ကား ထုတ်လုပ်ရေးစက်ရုံများတွင်    အလိုအလျောက် ကားအစိတ်အပိုင်း   တပ်ဆင်သူစက်ရုပ်များအဖြစ် လည်း အသုံးပြုကြသည်။ စားသောက်ဆိုင်များတွင် စားပွဲထိုး၊   ဧည့်ကြိုများအဖြစ်      လည်းကောင်း၊ သက်ကြီးရွယ်အို         ပြုစုစောင့်ရှောက်သူအဖြစ် လည်းကောင်း၊   ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တွင် လည်းကောင်း၊   website များ၏    search engine တွင်လည်းကောင်း၊  ကွန်ပျူတာနှင့် စမတ် ဖုန်းများတွင်   လည်းကောင်း  AI   ဉာဏ်ရည်တု နည်းပညာကို    အသုံးပြုလာကြပြီ      ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေးကဏ္ဍတွင်လည်း ရိတ်သိမ်းချိန် ရောက်မရောက်  စိစစ်ခြင်း၊  အပင်ကျန်းမာရေးနှင့် ရေလိုအပ်မှုအခြေအနေစစ်ဆေးခြင်း၊ ပေါင်းပင်နှင့် အင်းဆက်ပိုးမွှားများ ထိန်းချုပ်ခြင်းနှင့် မြေဆီလွှာရှိ မြေဩဇာဓာတ်များ ခန့်မှန်းတိုင်းတာခြင်း   စသည့် လုပ်ငန်းစဉ်များတွင် တွင်တွင်ကျယ်ကျယ်   အသုံးပြု နေကြပြီဖြစ်ကြောင်း   သိရသည်။    ထို့အတူ AI ဉာဏ်ရည်တုနည်းပညာကို     မွေးမြူထုတ်လုပ်ရေး ကဏ္ဍတွင်လည်း   မွေးမြူရေးတိရစ္ဆာန်အလိုက် အသုံးပြုနေကြပြီဖြစ်သည်။
တိရစ္ဆာန်မွေးမြူရေးတွင် အသုံးဝင်သည့် 
AI ဉာဏ်ရည်တုနည်းပညာ
AI ဉာဏ်ရည်တုနည်းပညာကို အသုံးပြုခြင်းဖြင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်း  လုပ်ကိုင် သူများသည် မိမိတို့၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို အချိန် ပြည့် စောင့်ကြည့်နိုင်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၎င်းနည်းပညာအကူအညီဖြင့်   တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက်လာပြီး အသား၊ နို့၊ ဥများ နှင့် အခြားထုတ်ကုန်များ အထွက်နှုန်းပိုမိုကောင်းမွန် လာပါသည်။ AI ဉာဏ်ရည်တု နည်းပညာအကူအညီ ဖြင့်   မွေးမြူရေးတိရစ္ဆာန်များကို    နေ့စဉ်ပြုစု စောင့်ရှောက်မှု၊ စီမံခန့်ခွဲမှုများအတွက် ပိုမိုလွယ်ကူ လာပြီး မွေးမြူထုတ်လုပ်မှုဆိုင်ရာ အချက်အလက် များ အချိန်နှင့်တစ်ပြေးညီရရှိနိုင်ပြီး  ဆုံးဖြတ်ချက် များကို လိုအပ်သလို  အချိန်မီချမှတ်နိုင်သည်။
မွေးမြူသူများသည် ၎င်းတို့၏   တိရစ္ဆာန်များ ဖျားနာနေသည့်အခြေအနေ၊   ကာကွယ်ဆေး   ထိုးသင့်သည့်အချိန်နှင့် သားစပ်ရန်   အဆင်သင့် ဖြစ်နေချိန်ကဲ့သို့ အရေးကြီးသော   သတိပေးချက်များ ရရှိရန် AI ဉာဏ်ရည်တုနည်းပညာက   အကူအညီ ပေးနိုင်သည်။   AI ဉာဏ်ရည်တု   နည်းပညာဖြင့် မွေးမြူရေးတိရစ္ဆာန်၏    ခန္ဓာကိုယ်အရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေတစ်ကောင်ချင်း စီ၏ မျက်နှာအသွင်အပြင်ကို မှတ်သားထားနိုင်၏။ တိရစ္ဆာန်များကို ရေသောက်နှုန်း၊   အစာစားသုံးနှုန်း နှင့် ကိုယ်အလေးချိန်တိုးတက်နှုန်းတို့ကို အချိန်ပြည့် စောင့်ကြည့်နိုင်ရုံသာမက   ၎င်းတို့၏    ကိုယ်ခန္ဓာ အပူချိန်၊  စရိုက်သွင်ပြင်လက္ခဏာနှင့်    အပြုအမူ တို့ကိုလည်း မှတ်တမ်းတင်နိုင်ကာ ပုံမှန်ဟုတ်မဟုတ် သုံးသပ်နိုင်သည်။ ထို့အပြင်   စက်အမြင်အာရုံခံစနစ် ကို    အသုံးပြုပြီး    မျက်နှာအသွင်အပြင်တွေကို မှတ်သားကာ ကိုယ်ခန္ဓာ၊   မျက်နှာအသွင်အပြင်နှင့် သွားလာလှုပ်ရှားဟန်များကို  တစ်ကောင်ချင်းစီ စောင့်ကြည့်မှတ်တမ်းယူနိုင်သည်။    တိရစ္ဆာန်များ ဘဝသာယာရေး(Animal welfare) စံချိန်စံညွှန်းနှင့် ညီညွတ်မှုရှိမရှိကိုလည်း  နည်းပညာအကူအညီဖြင့် ဆန်းစစ်နိုင်သည်။ 
ယခုအခါ သုတေသီများသည်  တိရစ္ဆာန်များ၏ မျက်နှာအသွင်အပြင် ခွဲခြားမှတ်သားခြင်း၊ အပြုအမူ များနှင့် ရောဂါလက္ခဏာဆိုင်ရာများ  ခွဲခြားမှတ်သား ခြင်းနှင့်   တိရစ္ဆာန်များ၏   ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို       မှတ်သားခြင်းတို့နှင့် ပတ်သက်သည့်  AI models of machine learning, deep learning, artificial neuro networks စသည့် နည်းပညာဆိုင်ရာ သုတေသနများကို တွန်းအားပေး ဆောင်ရွက်လာကြကြောင်း တွေ့ရှိရသည်။ ဖွံ့ဖြိုး တိုးတက်ပြီးသော နိုင်ငံများရှိ လယ်သမားများသည် AI ဉာဏ်ရည်တု နည်းပညာ၏  အသုံးဝင်မှုများစွာ ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ဝယ်လိုမှု လျင်မြန်စွာ    တိုးတက်လာကြောင်း  သိရသည်။ သုတေသီများ၏   ကောက်ယူခဲ့သည့်    သုတေသန စစ်တမ်းများအရ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ တစ်ခုတည်းအတွက်ပင် ကမ္ဘာ့ AI ဉာဏ်ရည်တု နည်းပညာဈေးကွက်သည်      နှစ်စဉ်အမေရိကန် ဒေါ်လာ ၈၅၂ ဒသမ ၂ သန်းခန့်  ရှိနေရာမှ  ဒေါ်လာ သန်းပေါင်း ၈၃၇၉ ဒသမ ၅ အထိ တိုးတက်လာပြီး ၂၀၂၀-၂၀၃၀ ကာလအတွင်း ၂၄ ဒသမ ၈ ရာခိုင် နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားကြ သည်။
နို့စားနွားမွေးမြူရေးခြံနှင့် AI ဉာဏ်ရည်တုနည်းပညာ 
နို့စားနွားမွေးမြူရေးတွင် တစ်ကောင်ချင်းစီ၏ နို့ထွက်နှုန်းကို ဂရုစိုက်ရန်လိုသလို   ထုတ်လုပ်မှုကို ရေရှည်ထိန်းသိမ်းရန်လည်း    အလွန်အရေးကြီး သည်။ ထုတ်လုပ်မှုကို   လွှမ်းမိုးသည့်အချက်များစွာ ရှိသည့်အနက်   အစာကျွေးမွေးမှုစနစ်သည်   နို့စား နွားမွေးမြူထုတ်လုပ်ရေးအတွက်   အရေးကြီးဆုံး အချက်တစ်ချက်ပင်ဖြစ်သည်။   နွားတစ်ကောင်ချင်း အတွက် လိုအပ်သည့် အစာပမာဏကို AI ဉာဏ်ရည် တု   နည်းပညာအကူအညီဖြင့်   တိကျမှန်ကန်စွာ တွက်ချက်စောင့်ကြည့်ကာ       လိုအပ်သလောက်သာ  ကျွေးမွေးရသောကြောင့် ကုန်ကျစရိတ်ကိုပါ အလေ အလွင့်မရှိအောင်   စီမံနိုင်ပြီး    အကျိုးအမြတ်ကို ပိုမို၍ရရှိနိုင်စေနိုင်သည်။ အာရုံခံစနစ် အသုံးပြုခြင်း ဖြင့် နွားတစ်ကောင်ချင်းစီ၏ မျက်နှာအသွင်အပြင်ကို မှတ်သားနိုင်ခြင်းကြောင့်    ၎င်း၏   လှုပ်ရှားမှု၊ လမ်းလျှောက်ချိန်၊ မစင်စွန့်ထုတ်မှု၊ အစာစားချိန်နှင့် ရေသောက်ချိန်များကို တိကျစွာ မှတ်တမ်းတင်နိုင် သည်။ ထိုသို့မှတ်တမ်းတင်ခြင်းခြင့်   ရောဂါဖြစ်ပွား နေသည့် နွားကိုလည်း အချိန်မီသိရှိဖော်ထုတ်နိုင်ပြီး လိုအပ်သည့် ကုသမှုများကို  အချိန်နှင့်   တစ်ပြေးညီ ပြုလုပ်နိုင်သည်။ နွားနို့ညှစ်ရမည့်နွားနှင့်    ညှစ်ရမည့် ပမာဏကိုလည်း ဖော်ထုတ်ပေးနိုင်၏။  ပညာရှင်များ ၏အဆိုအရ   စားသုံးသူများအတွက်    နွားနို့တွင် ပါဝင်သော   အာဟာရဓာတ်များနှင့်     နွားနို့အရည် အသွေးကိုသာမက  အစားအစာ ဘေးကင်းမှုဆိုင်ရာ အချက်အလက်များကိုလည်း  ဖော်ပြပေးနိုင်သည်ဟု သိရှိရသည်။ စားကျက်စိုက်ခင်းအတွင်း၌ နွားများ ၏   အစာစားမှုနှင့်   လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်ခြင်းအားဖြင့် စားကျက်စိုက်ခင်း အခြေ အနေနှင့်   မြက်အထွက်နှုန်းတို့ကို   သုံးသပ်နိုင်ပြီး စားကျက်စိုက်ခင်း စီမံခန့်ခွဲမှုများကိုလည်း  များစွာ အထောက်အကူပြုနိုင်သည်။
အသားထုတ်လုပ်ရေးမွေးမြူရေးခြံများနှင့်
 AI ဉာဏ်ရည်တုနည်းပညာ
အသားသည် ကမ္ဘာတစ်ဝန်းရှိ     လူသားများ အတွက် အဓိကပရိုတင်းရင်းမြစ်တစ်ခုပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ   လူအများစုသည်    ကြက်သားကို ကြိုက်နှစ်သက်ကြသည်။  ထို့အပြင် ကျွဲ၊ နွား၊ သိုး၊ ဝက်၊ ဆိတ် စသည့်   မွေးမြူရေးတိရစ္ဆာန်တို့၏ အသားများကို လူကြိုက်များပြီး စားသုံးမှုနှုန်းလည်း များပြားသည်။ ၎င်းတို့အနက် လူကြိုက်များသည့် အသားတစ်မျိုးဖြစ်သည့် ဝက်သားနှင့် ဝက်မွေးမြူ ထုတ်လုပ်ရေးသည်   အရေးပါသည့်    မွေးမြူရေး လုပ်ငန်း ဖြစ်သည်။ ဝက်မွေးမြူထုတ်လုပ်ရေးတွင် လည်း AI  ဉာဏ်ရည်တုနည်းပညာကို  ထိရောက်စွာ အသုံးပြုနိုင်သည်။  ဝက်၏ ခန္ဓာကိုယ်တွင် ဆေးမင် ကြောင်ထိုး၍ မှတ်သားထားခြင်းဖြင့် ပုံမှန်မဟုတ် သည့် ဝက်များ၏ လှုပ်ရှားမှုများကို AI ဉာဏ်ရည်တု နည်းပညာဖြင့် ဖော်ထုတ်နိုင်ပြီး လိုအပ်သည့် စီမံ ခန့်ခွဲမှုများကို အချိန်မီ ပြုလုပ်နိုင်သည်။  ထို့အတူ သိုးမွေးမြူရေးတွင်လည်း    သိုးတစ်ကောင်ချင်းစီ၏ မျက်နှာကို AI   ဉာဏ်ရည်တု     နည်းပညာဖြင့် မှတ်သားထားစေပြီး သိုးများ၏  ပုံမှန်လှုပ်ရှားမှုများ နှင့် ရောဂါဖြစ်ပွားနေသည့် သိုးများ၏ အပြုအမူများ ကို ခွဲခြားဖော်ထုတ်နိုင်သည်။ ရောဂါဖြစ်ပွားနေသည့် သိုးကို   အချိန်မီ   ဖော်ထုတ်နိုင်သဖြင့်   တိရစ္ဆာန် ဆေးကုဆရာဝန်များက    လိုအပ်သည့်    စစ်ဆေး ကုသမှုများကို ပြုလုပ်နိုင်သည်။
ထို့အပြင် အသားပြုပြင်ထုတ်လုပ်ရာတွင်လည်း အာရုံခံစနစ်သုံး စက်ရုပ်များ အသုံးပြုကာ အရိုးနှင့် အသား   ခွဲခြားဖြတ်တောက်ခြင်း၊    အသားအရည် အသွေးနှင့် အလေးချိန်ကို တိကျမှန်ကန်စွာ ခွဲခြား ထုပ်ပိုးခြင်းစသည့် လုပ်ငန်းစဉ်များတွင်  အကျိုးရှိရှိ အသုံးပြုနိုင်သည်။
ကြက်မွေးမြူရေးခြံနှင့်AI ဉာဏ်ရည်တုနည်းပညာ
မွေးမြူရေးတိရစ္ဆာန်များတွင်  ကျွေးမွေးသည့် အစာ၌    အာဟာရဓာတ်ချို့တဲ့ပါက    ကြီးထွားနှုန်း ကျဆင်းပြီး စီးပွားရေးကို ထိခိုက်နိုင်သည်။ ကြက် မွေးမြူရေးခြံများတွင်  AI ဉာဏ်ရည်တုနည်းပညာသုံးစက်များ တပ်ဆင် အသုံးပြုခြင်းဖြင့်        ကြက်တစ်ကောင်ချင်းစီ၏    ကြီးထွားမှုအခြေအနေကို သိရှိနိုင်ပြီး     ကြီးထွားနှုန်း   လျော့နည်းနေသည့် ကြက်ကိုခွဲခြားသိမြင် စေနိုင် သည်။ ကျန်းမာသည့် ကြက်များနှင့် ရောဂါကူးစက် ခံထားရသော  ကြက်များကို ခွဲခြားနားလည်အောင် စက်များကို လေ့ကျင့် ပေးနိုင်သည်။   AI ဉာဏ်ရည်တု   နည်းပညာသုံး စက်ရုပ်များသည် ကြက်မွေးမြူသူများ ကို  နည်းလမ်းအမျိုးမျိုးဖြင့် များစွာအကူအညီပေးနိုင် သည်။ ၎င်းစက်ရုပ်များသည် ကြက်များကို အစာ ကျွေးခြင်း၊ ကြက်ဥကောက်ခြင်းနှင့်    ကြက်မစင်နှင့်    အညစ်အကြေးများ     ဖယ်ရှားခြင်း    ကဲ့သို့သော လုပ်ငန်းစဉ်များကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ ဆောင်ရွက်နိုင်ကြသည်။ ကြက်ဥများကို စုဆောင်း ပေးရုံမက ရေတွက်ခြင်းနှင့် ထုပ်ပိုးခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကိုလည်း   အလိုအလျောက်ပြုလုပ် ပေးနိုင်ကာ လူတို့၏  အနီးကပ်ကြီးကြပ်မှုများကို လျှော့ချပေးနိုင်သည်။ 
ထို့ပြင် နည်းပညာအကူအညီဖြင့် ကြက်ဥများ သန္ဓေအောင်မအောင်ကို သိရှိနိုင်ရုံမက သန္ဓေသားကြီးထွားမှုအဆင့်ဆင့်ကိုပါ  သိရှိနိုင်သဖြင့်  သားမ အောင်သည့် ကြက်ဥများကို ဆောလျင်စွာ ဖယ်ရှား နိုင်သည်။ ကြက်ဥဖောက်စက်၏ အပူချိန်နှင့် စိုထိုင်းဆ တို့ကို အလိုအလျောက်  ထိန်းညှိပေးနိုင်ခြင်းကြောင့် ကြက်သားဖောက်လုပ်ငန်းတွင် ဥပေါက်နှုန်းကောင်း အောင် အထောက်အကူပြုနိုင်သည်။  AI ဉာဏ်ရည် တုနည်းပညာသုံးစက်ရုပ်များသည်  ကြက်မွေးမြူ ရေးလုပ်ငန်းအတွက်    လုပ်ငန်းတာဝန်အမျိုးမျိုး ထမ်းဆောင်နိုင်ပြီး ကြက်မွေးမြူ ထုတ်လုပ်သူများ အတွက်    ကုန်ကျစရိတ်များ   သက်သာစေပြီး        အကျိုးအမြတ်ကို   များစေသည်။
အင်းဆက်မွေးမြူရေးနှင့် AI  ဉာဏ်ရည်တုနည်းပညာ
ပျားမွေးမြူရေးလုပ်ငန်းသည်   လူသားများ အတွက် စားသုံးရန်နှင့်     ကျန်းမာရေးအထောက်အကူ ပြုသည့် ပျားရည်၊ ရွိုင်ရယ်ဂျယ်လီ၊ ပျားဝတ်မှုန်နှင့် ပျားဖယောင်းတို့ကို    ထုတ်လုပ်ပေးလျက်ရှိသော အရေးကြီးသည့် မွေးမြူရေးလုပ်ငန်းတစ်ခု     ဖြစ် သည်။    ထို့အပြင် ယနေ့တိုးပွားလာသည့်   လူဦးရေ အတွက် ပရိုတင်းလိုအပ်ချက်များကို  ဖြည့်ဆည်း ပေးနိုင်ရန် လူတို့စားသုံးနိုင်သည့် အင်းဆက်ပိုးများ မွေးမြူခြင်းသည်လည်း အရေးပါသည့်  လုပ်ငန်း တစ်ခု     ဖြစ်လာနေသည်။    AI ဉာဏ်ရည်တု နည်းပညာအသုံးပြုခြင်း ဖြင့် ပျားမွေးမြူရေးကိုလည်း များစွာအထောက်အကူပြုပြီး    ထုတ်လုပ်မှုကို   တိုးတက်စေနိုင်ကြောင်း  လေ့လာတွေ့ရှိရသည်။ အာရုံခံကိရိယာများ၏ အကူအညီဖြင့်     ပျားအုံ အလေးချိန်၊ အပူချိန်နှင့် စိုထိုင်းဆတို့ကို စောင့်ကြည့် နိုင်သည်။ ပျားများ၏ လှုပ်ရှားမှုများနှင့်   ပျားအုံ ကျန်းမာရေးအခြေအနေများကိုပါ ထောက်လှမ်း ကြည့်ရှုနိုင်သည်။ အသံလှိုင်းအတုဖြင့် ပျားများစုဝေး အုံဖွဲ့လာအောင်  ဆွဲဆောင်နိုင်ပြီး   ပျားမွေးမြူရေး သမားများ ပျားအုံရွှေ့ပြောင်းရာတွင် များစွာအသုံး ဝင်ပါသည်။   ပုရစ်ကဲ့သို့သော  အင်းဆက်ပိုးများ မွေးမြူရာတွင် အပူချိန် (၉၀ °F)နှင့် စိုထိုင်းဆ ၅၀-၉၀ ရာခိုင်နှုန်း လိုအပ်သည်။  အသံဖြင့်   အမိန့်ပေး စနစ်ပါဝင်သည့်     AI ဉာဏ်ရည်တု   နည်းပညာ တပ်ဆင်ထားခြင်းဖြင့်      အင်းဆက်တို့အတွက် အသင့်တော်ဆုံး  ပတ်ဝန်းကျင်အခြေအနေကို အလို အလျောက် ပြောင်းလဲပေးနိုင်သည်။
ငါးမွေးမြူရေးနှင့် AI ဉာဏ်ရည်တုနည်းပညာ
ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ   ငါး စားသုံးမှုမြင့်မားလာကာ ငါးထုတ်လုပ်မှု   တိုးမြှင့် ထုတ်လုပ်ရန် လိုအပ်လာသည်။ ထိုသို့လိုအပ်ချက် မြင့်မားလာသည့်အတွက်    ခေတ်မီနည်းပညာသုံး ငါးမွေးမြူရေးစနစ်ဖြင့်    ငါးမွေးမြူထုတ်လုပ်ရန် လိုအပ်လာသည်။  AI  ဉာဏ်ရည်တုနည်းပညာ အထောက်အကူဖြင့် Smart aquaculture အဖြစ် ဖန်တီးနိုင်ပြီး  ငါးမွေးမြူရေးကန်၏   ရေအရည် အသွေး(pH၊ အပူချိန်၊ အောက်ဆီဂျင်  ပျော်ဝင်မှု စသည်)ကို  သိရှိနိုင်ခြင်း၊ ရောဂါကျရောက်မှုအခြေ အနေကို သိရှိနိုင်ခြင်း၊ အစာအလေအလွင့်ကို  သိရှိ နိုင်ပြီး အစာလိုအပ်ချက် အတိအကျ ကျွေးမွေးကာ အကျိုးအမြတ်များအောင်   စီမံနိုင်ခြင်း   စသည့် အကျိုးကျေးဇူးများကို  ရရှိနိုင်သည်။   ငါးမွေးမြူ ထုတ်လုပ်ရေးတွင် ကုန်ကျစရိတ်၏ ၆၀ ရာခိုင်နှုန်း သည် အစာအတွက်  ကုန်ကျခြင်း   ဖြစ်သည်။ ထို့ကြောင့် လိုအပ်သော အစာပမာဏကို     လိုအပ် သည့်အချိန်တွင်  မှန်ကန်စွာ    ကျွေးမွေးနိုင်မှသာ အကျိုးအမြတ်များများ ရရှိနိုင်မည်။ အာရုံခံနည်းပညာ အကူအညီဖြင့် ငါးများ၏  အစာလိုအပ်ချက်များကို သိရှိနိုင်သည်။ ထို့အပြင် ငါးမွေးမြူရေးကန်တွင် ရေကိုအလိုအလျောက်   လည်ပတ်မှုစနစ်တပ်ဆင် ထားပြီး  အာရုံခံကိရိယာများ၏  အကူအညီဖြင့် လိုအပ်သည့်အချိန်တွင် ရေကိုလည်ပတ်စေနိုင်သည်။ အချို့နိုင်ငံများတွင် အသုံးပြုလျက်ရှိသည့် Aquapod ခေါ် ရွေ့လျားငါးလှောင်မွေးစနစ်တွင်  AI ဉာဏ်ရည် တုနည်းပညာကိုအသုံးပြုခြင်းဖြင့် ပင်လယ်ပြင်တွင် ထားရှိသော လှောင်အိမ်ပျက်စီးမှု ရှိ မရှိ သိရှိနိုင်ခြင်း၊ ပျက်စီးပါကလည်း   ရေအောက်စက်ရုပ်များဖြင့် အချိန်မီပြင်ဆင်နိုင်ခြင်း၊ သဘာဝအခြေအနေပေါ် မူတည်ပြီး   လိုအပ်သလို   ရွှေ့ပြောင်းနိုင်ခြင်း၊  ရေ အပေါ်ပိုင်း/ရေနက်ပိုင်း လိုအပ်သလို   ရွှေ့ပြောင်း နိုင်ခြင်း၊ ရေအရည်အသွေးများကို    အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပြီး လိုအပ်သလို   ပြောင်းရွှေ့မှု ပြုလုပ်နိုင်ခြင်း စသည့်စီမံခန့်ခွဲမှုများကို   ပြုလုပ် နိုင်သည်။
ထုတ်လုပ်မှုကဏ္ဍများနှင့်ဉာဏ်ရည်တုနည်းပညာ
ယနေ့ကမ္ဘာကြီးသည်    နည်းပညာဖွံ့ဖြိုးလာ သည်နှင့်အမျှ စိုက်ပျိုးရေး၊   မွေးမြူရေးအပါအဝင် ကဏ္ဍအသီးသီး၏ ထုတ်လုပ်မှုလုပ်ငန်းများတွင် လူသားများအတွက် သက်သောင့်သက်သာ  ဖြစ်လာ ပြီး ထုတ်လုပ်မှုနှုန်းလည်း ပိုမိုကောင်းမွန်လာသည်။ AI  ဉာဏ်ရည်တု          နည်းပညာ   အကူအညီဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကိုလည်း      စမတ်ဖုန်း တစ်လုံးရှိရုံဖြင့်  အသေးစိတ်အခြေအနေများကို သိရှိနိုင်ပြီး လိုအပ်သည်များကို အချိန်မီစီမံခန့်ခွဲမှု များကို ဆောင်ရွက်နိုင်သည်။ သို့သော်    မည်သည့် နည်းပညာမဆို အဆိုးအကောင်း ဒွန်တွဲလျက်ရှိနေ သည်။ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုလုပ်ငန်းများတွင် AI ဉာဏ်ရည်တုနည်းပညာသုံး   စက်ကိရိယာများ တပ်ဆင်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် အရင်းအနှီး မြင့်မားခြင်း၊ လုပ်သား အသုံးပြုမှုနည်းသွားသဖြင့် အနာဂတ်တွင်လူသားများအတွက် အလုပ်အကိုင် ရှားပါးလာနိုင်ခြင်း စသည့်ဆိုးကျိုးများ ရှိနိုင်ကြောင်း ပညာရှင်များက ထောက်ပြဝေဖန်မှုများလည်း ရှိနေ ကြောင်း စုစည်းတင်ပြလိုက်ရပါသည်။    ။