မော်လမြိုင်မြို့ ပန်းပဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ ဝိုင်ယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

 

နေပြည်တော်    ဩဂုတ်     ၄


မွန်ပြည်နယ် မော်လမြိုင်မြို့ ပန်းပဲတန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ   အထက်တန်းကျောင်း၌ ဩဂုတ် ၃ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဝိုင်ယာ ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အရှေ့တောင် တိုင်းစစ်ဌာနချုပ်    ကွပ်ကဲမှုအောက်    နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များက     မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၉ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ 


ထိုသို့    မီးလောင်မှုကြောင့်   ကျောင်းအုပ်ကြီး  ရုံးခန်း၊   စာရေးအခန်းနှင့်  စာသင်ခန်း  ကိုးခန်းပါ နှစ်ထပ်ဆောင် အဆောက်အဦ တစ်လုံး၊ စာသင်ခန်း ခုနစ်ခန်းပါ သုံးထပ်ဆောင် အဆောက်အဦ တစ်လုံး တို့ မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။


အဆိုပါ    မီးလောင်မှုဖြစ်ပွားခဲ့သည့်   ကျောင်း  သို့    ယနေ့နံနက်ပိုင်းတွင်   ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ပြီး ဆရာ ဆရာမများအားတွေ့ဆုံ၍ တင်ပြချက်များ အပေါ်    လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။                    

သတင်းစဉ်