
မော်လမြိုင် ဖေဖော်ဝါရီ ၂၅
မော်လမြိုင်မြို့ တောင်ဝိုင်းတောင်၊ တောင်ရိုးတန်း တွင် တည်ထားကိုးကွယ်တော်မူသော ငြိမ်းချမ်း သစ္စာနိမိန္ဒမျက်ရှင်တော် စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီးများကို ဖူးမြော် ကြည်ညိုခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကာ မော်လမြိုင်မြို့ ဖက်တန်းရပ် အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဂန္ထဝါစက ပဏ္ဍိတ၊ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ တော် ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရား တော်များ နာယူကြည်ညိုခြင်း၊ ငြိမ်းချမ်းသစ္စာနိမိန္ဒ မျက်ရှင်တော် စေတီတော်မြတ်ကြီးတွင် တင်လှူ ပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား ဆက်ကပ်ပူဇော်ခြင်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက် ကြကာ မော်လမြိုင်မြို့ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ အနုမောဒနာ တရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို စေတီတော်လက်ယာရစ်သုံးပတ် လှည့်လည်ပင့်ဆောင် ၍ မင်္ဂလာအချိန်တွင် မင်္ဂလာရထားပျံဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီး များက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူး တော်၊ တင်လှူပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)