
အဲလက်စ်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့နဲ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာအုပ်စုတို့အနားက ဧရာဝတီကမ်းပါး ကျောက်သားနံရံပေါ်မှာ ဗုဒ္ဓဆင်းတုတော်တွေကို ဖူးတွေ့နိုင်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာရောက်ဖူးမြော်ကြတဲ့ နေရာကတော့ အကောက်တောင်ဖြစ်ပါတယ်။
ထုံးဘိုမြို့ဟာ ပြည်မြို့အနောက်ဘက်မှာရှိပြီး ပြည်ကနေ မိုင် ၄၀ လောက် ဝေးပါတယ်။ ထုံးဘိုမြို့ကနေ အကောက်တောင်ဆီကို လမ်း နှစ်သွယ်နဲ့သွားနိုင်ပြီး ခရီးသွားအများစုကတော့ ရေလမ်းခရီးကို ရွေးချယ်ကြပါတယ်။ ထုံးဘိုရေဆိပ် ကနေ စက်လှေနဲ့ မိနစ် ၂၀ လောက် စီးနင်းတဲ့အခါ လမ်းတစ်လျှောက်မှာ စိမ်းညို့မတ်စောက်လှတဲ့ မြစ်ကမ်းနံရံကျောက်သားတွေမှာ ရှေးဟောင်း ဘုရားဆင်းတုတော်တွေကို စတင်ဖူးတွေ့ရပါမယ်။
အကောက်တောင်မှာ ကျောက်ဆစ်လက်ရာ ဗုဒ္ဓဆင်းတုတော်ပေါင်း ၃၇ဝ ခန့်ကို ဖူးမြော်တွေ့ရှိနိုင် ပြီး ဆင်းတုတော်အားလုံးဟာ ကျောက်သားနံရံပေါ် မှာ ထွင်းထုထားတာ ဖြစ်ပါတယ်။ ထိုင်တော်မူ ဆင်းတုတော် ၂၄၆ ဆူ၊ ရပ်တော်မူဆင်းတု ၁ဝ၉ ဆူ နဲ့ လျောင်းတော်မူဆင်းတုတော် ၁၅ ဆူ ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ လက်ရာတွေကတော့ ကုန်းဘောင်ခေတ်လက်ရာလို့ ကျွမ်းကျင်သူတွေက ဆိုကြပြီး အင်းဝခေတ်လက်ရာအချို့လည်း ပါဝင်နေ တယ်လို့ သိရပါတယ်။
အကောက်တောင်ကြီးရဲ့ကျောက်မြေသားနံရံများပေါ်မှာ ဘုရားပုံတော်များစွာကို သဒ္ဓါတရား ထက်သန်စွာနဲ့ ထွင်းထုပူဇော်ကြသူတွေကတော့ သာမန်အရပ်သား လှေကုန်သည်တွေဖြစ်တယ်လို့ အဆိုရှိပါတယ်။ အဲဒီနေရာမှာ ကုန်းဘောင်ခေတ်က လှေတွေကို အခွန်ကောက်တဲ့နေရာလို့ ဆိုကြပြီး လှေပေါ်မှာပါလာတဲ့ ကျောက်ဆစ်ပညာရှင်တွေက ကျောက်ကမ်းပါးနံရံတွေမှာ မိမိတို့ လုပ်အားတွေနဲ့ တစ်ခေါက်ရောက်ရင်တစ်ခါ အချိန်ရှိသရွေ့ ထွင်းထု ကြတယ်လို့ သိရပါတယ်။ နှစ်ပေါင်းများစွာ လေဒဏ် မိုးဒဏ်တွေကြောင့် ဆင်းတုတော်တွေ ပျက်စီးသွား လို့သာ အခုလောက်ပဲ ဖူးတွေ့ရတာဖြစ်ပြီး မူလက ဆင်းတုတော် ၁၀၀၀ ခန့်ရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓတစ်ထောင် အကောက်တောင်လို့ ခေါ်ကြ ပါတယ်။
အကောက်တောင်ရဲ့ ရှေးဟောင်းသမိုင်းကလည်း စိတ်ဝင်စားစရာကောင်းပြီး သမိုင်းပုံရိပ်တွေကို ပိုမို သိရှိနိုင်ဖို့ အကောက်တောင်ပေါ်က ရွှေမြင်းတင် စေတီကို သွားရောက်ဖူးမြော်ရင်း သိရှိနိုင်ပါသေး တယ်။ ထူးခြားချက်အနေနဲ့ သမိုင်းဝင် ကျောက်ဆစ် ဆင်းတုတော်တွေကို တစ်လမ်းလုံး ဖူးတွေ့နိုင်သလို အကောက်တောင်ပေါ်က ဆရာတော် ကျွေးမွေးတဲ့ စတုဒိသာ သက်သတ်လွတ်ထမင်း ဟင်းလျာတွေ ကလည်း ဘုရားဖူးတွေ အကြိုက်တွေ့စေမှာပါ။
ကျောက်သားနံရံတွေပေါ်က ပျားအုံအကွက်တွေ လို ထွင်းထုထားတဲ့ ဂူပေါက်အလွတ်တွေကတော့ တစ်ချိန်ကအတွင်းမှာ ဆင်းတုတော်တွေရှိခဲ့ပုံရတဲ့နေရာတွေဖြစ်ပြီး ရာသီဥတုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရလို့ ပျက်စီးသွားတဲ့ နေရာမျိုးတွေဖြစ်မှာပါ။ သဘာဝအလှ၊ ရှေးမြန်မာတို့ရဲ့ ဘာသာတရားအပေါ် ရိုသေကိုင်းရှိုင်းမှု၊ ကျောက်ဆစ်ပညာရှင်တို့ရဲ့ သဒ္ဓါတရားကို မြင်တွေ့ရမယ့် အကောက်တောင်ဟာ ခရီးသွားတွေကို လာလှည့်ပါလို့ ဖိတ်ခေါ်နေသယောင် ဧရာမြစ်ကမ်းနဖူးပေါ်မှာ တည်တည်ငြိမ်ငြိမ် တည်ရှိ ပါတယ်။
ခရီးသွားတွေအနေနဲ့ အကောက်တောင်က အပြန် ထုံးဘိုပြန်ရောက်တဲ့အခါ အသစ်ဖွင့်လှစ်ထား တဲ့ ထုံးဘိုကမ်းခြေမှာ လေရှူရင်း ပျော်ပျော်ရွှင်ရွှင် ရေကစားနိုင်ကြတဲ့အတွက် အားလပ်တဲ့ ပွင့်လင်း ရာသီမှာ ရှေးဟောင်းဘုရားတွေ ဖူးသွားကြပါလို့ တိုက်တွန်းချင်ပါတယ်။ အားလုံးကျန်းမာ ချမ်းသာ စွာ ခရီးသွားနိုင်ကြပါစေ။