
နေပြည်တော် ဖေဖော်ဝါရီ ၁၆
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံး များမှ သံတမန်များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သံတမန်များ လေ့လာရေးခရီးစဉ် အတွက် ယနေ့နံနက်တွင် နေပြည်တော်သို့ ရောက်ရှိကြ သည်။ အဆိုပါခရီးစဉ်ကို နိုင်ငံ ခြားရေးဝန်ကြီးဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ရုံးက စီစဉ်ဆောင်ရွက် ခြင်း ဖြစ်သည်။
အဆိုပါ လေ့လာရေးခရီးစဉ်၏ အစီအစဉ်တစ်ခုအဖြစ် ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှိ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ရုံး၌ “Presentation on MLC Special Fund Projects in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပွဲ ကျင်းပသည်။
ဆွေးနွေးပွဲ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သံတမန်များ လေ့လာရေးခရီးစဉ် သည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၌ မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကို မြင်သာစေရုံသာမက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရား ပိုမိုခိုင်မာစေရေး အတွက် သတင်းအချက်အလက် များ၊ အလေ့အကျင့်ကောင်း များ၊ သဘောထားအမြင်များ နှင့် စိတ်ကူးအကြံဉာဏ်များကို ချစ်ခင်ရင်းနှီးစွာ ဖလှယ်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို ဖော်ဆောင် ပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု၊ စိတ်ချယုံကြည်ရမှု စသည့်စံနှုန်းများကို အခြေခံသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းစဉ်သည် မဲခေါင်-လန်ချန်းဒေသရှိ ပြည်သူများ အတွက် လက်ဆုပ်လက်ကိုင်ပြ နိုင်သည့် အကျိုးရလဒ်များကို အောင်မြင်စွာ ဖော်ဆောင်ပေး လျက်ရှိသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိက သော့ချက်ပင်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄ သန်းတန်ဖိုးရှိ အထူးရန်ပုံငွေ စီမံကိန်း ၉၂ ခုကို ပေးအပ်ခဲ့သည့် အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်း ရေးအဖွဲ့(မြန်မာ)ကို ကူညီ ထောက်ပံ့ပေးနေမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ သံရုံးကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ကူညီပေးမှုအတွက် မဲခေါင်နိုင်ငံ များကိုလည်းကောင်း ကျေးဇူး တင်ရှိပါကြောင်း ထည့်သွင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်း ရေးအဖွဲ့(မြန်မာ)၏ ဒုတိယ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းက မြန်မာ နိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု၊ ပြီးစီးမှုနှင့် အကျိုးရလဒ်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် စီမံကိန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီး ဌာနများဖြစ်ကြသည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တို့က စီမံကိန်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိမှုကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ ဝန်ကြီးဌာနများ၏ ရှင်းလင်းဆွေးနွေးမှု အပြီးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၌ ရှေ့ဆက် ဆောင်ရွက်မည့် လမ်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ် များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စား လှယ်အဖွဲ့များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အနက် တစ်ခုဖြစ်သော စိုက်ပျိုး ရေးဆိုင်ရာ စာရင်းအင်းအချက် အလက်စင်တာသို့ သွားရောက် လေ့လာကြသည်။
အစာရေစာများ ကျွေးမွေး
ထို့နောက် ကိုယ်စားလှယ် အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် သို့ သွားရောက်ဖူးမြော်ကြည်ညို ကြပြီး အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့ပြင် စေတီ တော်အနီးရှိ ရဋ္ဌနန္ဒက ဆင်ဖြူ တော်လေးအပါအဝင် ဆင်ဖြူ တော်များရှိရာသို့ သွားရောက် ကြည့်ရှုကြပြီး အစာရေစာများ ကျွေးမွေးကြသည်။
ညနေပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန် ကိုယ်စားလှယ် အဖွဲ့များကို M-Gallery ဟိုတယ်၌ ကြိုဆို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်