မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်စတင်ကျင်းပ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲ

 

နေပြည်တော်   နိုဝင်ဘာ   ၂၅


ပြည်ထောင်စုနယ်မြေ      နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း    တည်ထား ပူဇော်အောင်မြင်ခဲ့သည့်     ကမ္ဘာပေါ်ရှိ ထိုင်တော်မူ    ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက်   ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွင် ယနေ့  ညနေပိုင်းမှ စတင်၍ တန်ဆောင်တိုင်မီးထွန်းပွဲတော် အား စည်ကားသိုက်မြိုက်စွာ   ကျင်းပ လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးလာပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲ ကြသည်။ 
ဦးစွာ တာဝန်ရှိသူများက တန်ဆောင် တိုင်မီးထွန်းပွဲတော်လာ ဘုရားဖူးပြည်သူ များ    ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ    ဘုရားဖူးမြော်ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဘုရားမုခ်ဦး များရှေ့တွင် လုံခြုံရေးအရ   လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သံဃာ တော်များ၊ မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာ ရေးလွယ်ကူစေရန်အတွက်    မော်တော် ယာဉ်ငယ်များဖြင့် စနစ်တကျပို့ဆောင်ပေး ကြသည်။ 
ထို့နောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့်ဘုရားဖူး လာ ရဟန်း ရှင်လူ၊  ပြည်သူများသည်  စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း နှင့် ဆီမီးကပ်လှူ ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီး ၉၀၀၀ ကပ်လှူ   ပူဇော်ခြင်း၊   အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းနှင့်  ဝတ်အသင်းအဖွဲ့ များက ဝတ်ရွတ်စဉ်များဖြင့်  ပူဇော်ခြင်း တို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း တရားဓမ္မအသံများဖြင့် ထုံမွမ်းလျက်ရှိသည်။ 
ထို့ပြင်     ဘုရားကြီးဝင်းအတွင်း သတ်မှတ်နေရာများအလိုက် မီးရှူးမီးပန်း များ ပစ်လွှတ်ခြင်း၊ မီးပုံးပျံအသေးများ၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီး များ လွှတ်တင်ပူဇော်ခြင်းတို့ဖြင့်လည်း နေပြည်တော်တန်ဆောင်မုန်းလ၏ ည အလှကို ပိုမိုပေါ်လွင်စေခဲ့သည့်အပြင်  ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်    အတွင်း၌လည်း LED မီးများဖြင့်   အလှဆင်ပူဇော်ထား ရှိသည့်အတွက်     ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်း ဗိသုကာလက်ရာများကိုလည်း လာရောက် ကြသည့်    ဘုရားဖူးလာပြည်သူများ တစ်နှစ်တွင် တစ်ကြိမ်သာကြုံတွေ့ရမည့် တန်ဆောင်တိုင်    မီးထွန်းပွဲတော်နှင့် ယှဉ်တွဲ၍ ဖူးမြော်ကြည်ညိုလေ့လာနိုင်ကြ မည်ဖြစ်သည်။ 
ဆက်လက်၍   ကျောက်စာရုံ   စေတီ တော်၊  မုစလိန္ဒကန်၊     နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊      သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုလေ့လာကြသည့် ဘုရား ဖူးလာပြည်သူများက ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေး နေရာများ၌လည်း  မိသားစုလိုက်သော် လည်းကောင်း၊    မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့လိုက်    သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြ သည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။ 
ထို့အတူ    ပွဲတော်လာပြည်သူများ အတွက် ဖျော်ဖြေရေးအစီအစဉ်ကောင်းများအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်    ပြည်သူ့ ဆက်ဆံရေးနှင့်     စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး      မြဝတီတေးဂီတ အဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် တေးသံရှင်များကလည်း     တေးသီချင်း ကောင်းများဖြင့်     သီဆိုဖျော်ဖြေကြရာ လာရောက်အားပေး   နားဆင်ကြသည့် တေးချစ်သူများဖြင့်လည်း ကြိတ်ကြိတ် တိုး စည်ကားလျက်ရှိသည်။ 
အလားတူ ဘုရားဖူးလာပြည်သူများ ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင် ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်း များ၏ ဒေသထွက်ကုန်၊ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ‌ပေးလျက်ရှိရာ   ဘုရားဖူးပြည်သူများ စိတ်ဝင်တစားဖြင့်    ကြိတ်ကြိတ်တိုး ဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ၌လည်း မြန်မာ မုန့်များအား   နှစ်သက်စွာဖြင့်    ဝယ်ယူ အားပေးကြရာ ပစ္စည်းများပြတ်လပ်သည် အထိ ရောင်းချခဲ့ရကြောင်း သိရသည်။ 
ထို့ပြင် ဘုရားဖူးလာ ကလေးငယ်များ အတွက် အစီအစဉ်ကောင်းတစ်ခုအဖြစ်  ထည့်သွင်းထားသည့် ကလေးကစားကွင်း များ၌လည်း   ကစားနည်းများအလိုက် စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကစားနေကြ သည့် ကလေးငယ်များဖြင့်လည်း အထူး စည်ကားလျက်ရှိသည်။ 
တန်ဆောင်တိုင် မီးထွန်းပွဲတော်လာ ပြည်သူများ   စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ပွဲတော် ကို ဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း တို့က ဘုရားပရိဝုဏ်အတွင်း စနစ်တကျ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး သည့်အပြင်   ဘုရားဖူးလာပြည်သူများ ကျန်းမာရေး   တစ်စုံတစ်ရာဖြစ်ပေါ်လာ ပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရန်အတွက်လည်း  ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ ဖွင့်လှစ်ထား ရှိသည်ကိုလည်း တွေ့မြင်ရသည်။ 
အဆိုပါ တန်ဆောင်တိုင်    မီးထွန်း ပွဲတော်အား နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်  ညပိုင်းတွင်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  ရေပန်းရင်ပြင်တော်၌ ရက်ကန်းစင် ကိုးစင်ဖြင့်   မသိုးရွှေကြာ သင်္ကန်းစတင်ရက်လုပ်ပြီး နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ ကပ်လှူပူဇော်သွားမည် ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ ကုသိုလ်ယူပါဝင် နိုင်ကြောင်းလည်း သိရသည်။ 


မျိုးဆက်သစ်၊ ဓာတ်ပုံ- ထိန်အေး