
နေပြည်တော် ဩဂုတ် ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ဖူးမြော်ကြည်ညိုကြသူများဖြင့် ကြက်ပျံ မကျစည်ကားလျက်ရှိသည်ကို မြင်တွေ့ ရသည်။
လာရောက်မှုများပြား
ယနေ့တွင် ရာသီဥတုကြည်လင်လျက် ရှိသည့်အပြင် ရုံးပိတ်၊ ကျောင်းပိတ်ရက် ဖြစ်သည့်အားလျော်စွာ အနယ်နယ်အရပ် ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးခရီးသည်များ သည် နံနက် ၆နာရီအချိန် စတင်ဖူးမြော်ခွင့် ရသည့်အချိန်မှစတင်၍ တဖွဲဖွဲရောက်ရှိလာ ခဲ့ကြသည်။ နံနက် ၉နာရီကျော်မှစတင်၍ နေ့စဉ်စီစဉ်နေကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များအပြင် နောက်ထပ်အင်အားဖြည့်တင်း ကာ ယာဉ်ကြောရှင်းပေးခဲ့ရသည်အထိ ဘုရားဖူးမော်တော်ယာဉ်များ လာရောက် မှုများပြားခဲ့သည်။
ဘုရားဖူးခရီးသွားများ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း သွားလာမှုလွယ်ကူ စေရန်အတွက် စီစဉ်ပေးထားသည့် ဘက်ဂီမော်တော်ယာဉ်ငယ်များမှာလည်း ရဟန်းသံဃာ၊ သီလရှင်များနှင့် သက်ကြီး ဘိုးဘွားများကိုတင်ဆောင်ကာ ခေါက်တုံ့ ခေါက်ပြန်မနားတမ်းပင် ပို့ဆောင်ပေး လျက်ရှိသကဲ့သို့ ခြေကျင်ဝင်ရောက်သည့် ဘုရားဖူးခရီးသည်တို့မှာလည်း လမ်း တစ်လျှောက် တိုးမပေါက်နိုင်အောင် စည်ကားလျက်ရှိသည်။
စိတ်အေးချမ်းစွာဖူးမြော်
နိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပနေမှုကို ကမ္ဘာကိုပြသရန်၊ နိုင်ငံ၌ ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု၏ ဗဟိုချက်မအဖြစ် သာသနာတော်ပြန့် ပွားရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရန်၊ ပြည်သူ ပြည်သား အားလုံး အေးချမ်းစွာနေထိုင် စားသောက် ပညာသင်ကြားနိုင်စေရန် ဗုဒ္ဓမြတ်စွာ၏ အေးမြသည့် မေတ္တာရိပ်အောက်တွင် အားလုံးလုံခြုံအေးချမ်းစွာ ဖြင့် သာယာ ပျော်ရွှင်စွာ နေထိုင်နိုင်ရန်၊ ဗုဒ္ဓဘာသာကို အခြေခံပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာ မှုဖြစ်စေရန် စသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် တည်ထားကိုးကွယ် ခဲ့သည့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး အား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် အပေါင်းတို့ကစိတ်အေး ချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာ ပွားများခြင်းနှင့် ဘာသာ ရေးအသင်းအဖွဲ့ များက မိမိတို့အစီအစဉ် များဖြင့် စုပေါင်းရွတ်ဖတ်ပူဇော်နေကြ ခြင်းတို့ကိုလည်း တွေ့ရှိရသည်။
မန္တလေးမြို့ရှိ အတုမရှိကျောင်းတော် ကြီး၏ပုံစံတူ ပဋ္ဌာန်းဒေသနာတော်မြတ် အား ရည်စူး၍ အနုပညာလက်ရာကွဲပြား သည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်တို့တွင် လည်း ဘုရားဖူးခရီးသည်များက နေပူမခ အေးချမ်းလုံခြုံစွာဖြင့် ဘုရားဖူးမြော်လျက် ရှိသည်။ မြတ်စွာဘုရားရင်ပြင်တော်ပေါ်ရှိ သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီးအား တီးခတ်၍ ကုသိုလ်အဖို့ဘာဂ အမျှဝေကြ သူများ၊ ဘုရားရင်ပြင်တော်အောင်မြေပေါ် တွင် အဓိဋ္ဌာန်ဆုတောင်းဖူးမြော်ကြသူ များအပြင် ရင်ပြင်တော်ပေါ်နှင့် ဗောဓိ ညောင်ပင်၊ လင်းလွန်းပင်နှင့် လုမ္ဗိနီ အင်ကြင်းပင်ပျိုများအနီး အစုအဖွဲ့အလိုက်၊ မိသားစုလိုက် အမှတ်တရ ဓာတ်ပုံရိုက်ကူး ကြသူများကလည်း များပြားလွန်းလှသည် ကို တွေ့ရသည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နှင့် တပ်မတော်သား အင်ဂျင်နီယာ များ၊ ကျွမ်းကျင်ဗိသုကာ ပညာရှင်များ၏ လက်ရာတို့ဖြင့် တည်ဆောက်ထားသည့် ပိဋကတ်သုံးပုံကို ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးထားသည့် ကျောက်စာများနှင့် ကျောက်စာရုံစေတီ ၇၂၀ တို့ကို ဘုရားဖူးများ စိတ်ပါဝင်စားစွာ ဖြင့် ဖူးမြော်ကြည်ညိုကြသည်ကိုလည်း မြင်တွေ့ရသည်။ ဆရာတော်၊ သံဃာတော် မထေရ်မြတ်တို့၏ ဩဝါဒဖြင့် တည်ထား ကိုးကွယ်သည့် မုစလိန္ဒကန်နှင့် နဂါးရုံ ဘုရားတို့တွင်လည်း ရဟန်းရှင်လူ ပြည်သူ များက ဘုရားဖူးရင်း အပန်းလည်းပြေစေ နိုင်မည်ဖြစ်ပါသည်။
အများပြည်သူလေ့လာကြည်ညိုနိုင်
ထို့အတူ မာရဝိဇယရုပ်ပွားတော်မြတ် ကြီး၏ အခြံအရံကုသိုလ်တော်တစ်ခုဖြစ် သည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီးကိုလည်း အများပြည်သူတို့ လေ့လာ ကြည်ညိုနိုင်ရန် စီစဉ်ပေးထားသည်။ ဘုရားဖူးလာရောက်ကြသူများသည် ၂၅၅ ဧက ကျယ်ဝန်းသည့် ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းရှိ ရေပန်းရင်ပြင်များတွင်လည်းကောင်း၊ ရတနာပုံခေတ်လက်ရာအတိုင်း ကျွမ်းကျင်ပညာရှင်များက အဆင့်အတန်း မြင့်မားစွာ တည်ဆောက်ထားသည့် သုဓမ္မာဇရပ် ခြောက်ဆောင်တို့တွင်လည်း ကောင်း စည်ကားများပြားစွာ ဘုရားဖူး အပန်းဖြေကြသည်။
“ဒီနေ့ကတော့ ပိတ်ရက်နဲ့လည်း တိုက်ဆိုင်မှုရှိတဲ့အတွက် ဘုရားဖူးလာသူ တွေ အတော်များပါတယ်။ စဖွင့်တဲ့ရက် တုန်းကလည်း တစ်ခေါက်ရောက်တယ်။ စတုဒိသာကျွေးတဲ့ နေရာဆိုရင် တိုးလို့ တောင်မပေါက်တော့ဘူး။ မော်တော်ယာဉ် တွေက အရင်ရက်က ကားပါကင်မှာရပ်လို့ ရပေမယ့် ဒီနေ့ ကားပါကင်မရောက်ခင် အဝင်လမ်းမှာတင် ကားတွေ ပြည့်နေခဲ့ တယ်။ ဘုရားဖူးတွေအတွက် လုံခြုံရေး အစီအမံတွေရော၊ စတုဒိသာကျွေးမွေးမှု ရော အဆင်ပြေသလို၊ ဖူးမြော်ရတာလည်း ရင်ပြင်တော်က ကျယ်ဝန်းတဲ့အတွက် လူများပေမယ့် သက်တောင့်သက်သာရှိခဲ့ ပါတယ်။ ရာသီဥတုကလည်း မိုးအုံ့ပြီး အေးချမ်းတော့ နေပြည်တော်အတွင်းက ဘုရားဖူးတွေကလည်း အစီးရေမနည်း ဘူး။ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာနဲ့ မန္တလေးတစ်ကြောက ဘုရားဖူး ကားတွေ၊ တောင်ငူ၊ ဖြူးနဲ့ မကွေး၊ တောင်တွင်းကြီးဘက်က ဘုရားဖူးကား တွေရော အတော်လေးများပါတယ်။ အခုလိုဖူးမြော်ခွင့်ရတဲ့အတွက်ရော၊ လှူဒါန်း ကျွေးမွေးတဲ့အတွက်ရော အလှူရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဇေယျာသီရိမြို့နယ်မှ လာရောက်ဖူးမြော် ခဲ့သူ ကိုသက်လွင်က ဆိုသည်။
အလှူခံဌာနရှိရာ မဏ္ဍပ်တွင်လည်း အလှူရှင်များက ကြည်ညိုသဒ္ဓါထက်သန် စွာဖြင့် လှူဒါန်းခဲ့ကြပြီး ဘုရားဖူ လာ ရောက်သည့် ပရိသတ်များထဲမှ အချို့က လည်း မိမိတို့သဒ္ဓါတရားအရ ဘုရားရင်ပြင် တော် သန့်ရှင်းရေးကုသိုလ်များဆောင် ရွက်ခြင်း၊ ဘုရားဖူးများ စွန့်ပစ်သည့်အမှိုက် များကို စုစည်းကောက်ယူခြင်းနှင့် ဖိနပ်များ ကို စနစ်တကျသိမ်းဆည်းပေးခြင်းတို့ကို လည်း ပြုလုပ်ပေးကြသည်ကို တွေ့ရသည်။
မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူများ အခမဲ့ဖူးမြော်ခွင့်ကို ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ပေးထား ပြီးဖြစ်ရာ လာရောက်ဖူးမြော်နိုင်ရန် အတွက် ဖိတ်ခေါ်ထားပြီး ညနေပိုင်းနှင့် ညပိုင်းတို့တွင်လည်း မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှိ သာသနိကအဆောက်အအုံများအား မီးရောင်စုံများဖြင့် အလင်းပေးပူဇော်ထား သဖြင့် ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်နိုင် သည်။ ယနေ့ရုံးပိတ်ရက်တွင် အနယ်နယ် အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူ ၅၀၀၀၀ ခန့် လာရောက်ဖူးမြော်ကြည်ညို ကြရာ အထူးပင်စည်ကားများပြားလျက် ရှိသည်။
ခင်ရတနာ
ဓာတ်ပုံ-မေဦးမိုး၊ သတင်းစဉ်