
နေပြည်တော် နိုဝင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ စမ်းသပ်ထုတ်လုပ်သည့် အပေါ့စား လက်ဆွဲကောက်စိုက်စက် တတိယအကြိမ် လက်တွေ့သရုပ်ပြကောက်စိုက်ခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ကွင်း ၌ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
သရုပ်ပြပွဲတွင် အင်ဂျင်ပါဝါ နှစ်ကောင် အားဖြင့် စိုက်တန်း ခြောက်တန်း စိုက်နိုင် သည့် လက်ဆွဲကောက်စိုက်စက် သုံးမျိုးနှင့် ပတ်သက်၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေး နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ သရုပ်ပြပွဲ တက်ရောက် လေ့လာသူ တောင်သူက ကိုယ်တိုင် စမ်းသပ်အသုံးပြုပြီး လက်ဆွဲကောက်စိုက် စက် တစ်ခုချင်းစီ၏ လက်တွေ့အသုံးပြု မှု အတွေ့အကြုံနှင့် အားသာချက် အားနည်းချက်များ၊ တစ်နှစ် သုံးသီး စိုက်ပျိုးရာတွင် ရာသီချိန်မီဆောင်ရွက် နိုင်ရန် တောင်သူများအနေဖြင့် ကောက်စိုက် စက် အသုံးပြုရန် လိုအပ်သဖြင့် ယခုကဲ့သို့ တောင်သူ လက်လှမ်းတမီဈေးနှုန်းဖြင့် ဝန်ပေါ့ အလုပ်တွင်ကျယ်သော စက် ကိရိယာများအသုံးပြုနိုင်ရေး စီမံဆောင် ရွက်ပေးခြင်းအတွက် ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း တင်ပြသည်။
စက်မှုလယ်ယာဦးစီးဌာန လယ်ယာ သုံး စက်ကိရိယာစက်ရုံ(အင်းကုန်း)က စမ်းသပ်ထုတ်လုပ်သည့် အပေါ့စား လက်ဆွဲကောက်စိုက်စက်ကို တောင်သူ များအသုံးပြုရန် သင့်တော်ကောင်းမွန် သည်အထိ မွမ်းမံမှုများ ဆောင်ရွက်ပြီးပါ က ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များ အား နည်းပညာလွှဲပြောင်းပေးအပ်ပြီး တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ် ခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်း ဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများကို တွေ့ဆုံ၍ နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး၊ အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ ဆီအုန်းနှင့် ရော်ဘာ ကဲ့သို့ နှစ်ရှည်ပင်များ စိုက်ပျိုးထုတ်လုပ် ရာတွင် ပင်ပျိုများ အစားထိုးစိုက်ပျိုးရာ၌ ခုတ်လှဲရှင်းလင်းသည့် ပင်အိုများကို အလေအလွင့်မရှိ အသုံးချနိုင်မည့် နည်းလမ်းများ အသုံးပြုရန်လိုအပ်ချက် များ၊ ကော်ဖီသီးနှံစိုက်ပျိုးရာတွင် ပို့ကုန် အတွက်သာမက ပြည်တွင်းစားသုံးသူ အကြိုက် ကော်ဖီမျိုးများတိုးချဲ့ စိုက်ပျိုး၍ သွင်းကုန်အစားထိုးနိုင်ရေး ထည့်သွင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်