
နေပြည်တော် ဒီဇင်ဘာ ၂၈
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ၌ ကျင်းပသည်။
ပြည်သူလူထု သိရှိနားလည်ရန်
အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်း သုံးစွဲခွင့် ကြိုတင်ဆောင်ရွက်ခြင်းမရှိစေရေးနှင့် ခွင့်ပြုချက် မရရှိမီ အခြားနည်းသုံးစွဲခြင်းကိစ္စရပ်များ လုံးဝရပ်တန့် သွားအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့ ပြည်သူ လူထုအကြား ရေပန်းစားနေသည့် လူမှုကွန်ရက်မီဒီယာ လောကတွင် လယ်ယာမြေများကို အိမ်ရာခြံမြေအဖြစ် အကွက်ရိုက်ရောင်းချမှု ကြော်ငြာများဖြင့် ဆောင်ရွက်နေ သည်များကို တွေ့မြင်နေရပါကြောင်း၊ ယခုကဲ့သို့ လယ်ယာ မြေများကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အဦများ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပါက လယ်ယာမြေ ဥပဒေအရ အရေးယူခြင်းခံရ မည်ကို ပြည်သူလူထုအကြား သိရှိနားလည်စေရန်နှင့် ရောင်းမှားဝယ်မှားမဖြစ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး အစည်းအဝေးတွင် အတွင်း ရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ဆွေးနွေးဆုံးဖြတ် ရမည့် လုပ်ငန်းများကို ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်း အလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။
လယ်ယာမြေလျှောက်ထားသည့် ကိစ္စများ ဆွေးနွေး
ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူ ခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့်ကိစ္စ၊ ရန်ကုန်တိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လှည်းကူးမြို့နယ် အတွင်း စက်မှုဥယျာဉ်မြို့တော် စီမံကိန်းဆောင်ရွက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ တင်ပြလာခြင်းကိစ္စ၊ ဌာနဆိုင်ရာ၊ သာသနာရေးဆိုင်ရာနှင့် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေးတို့အတွက် အခြားနည်းသုံးစွဲခွင့် လျှောက်ထားလာမှု ကိစ္စရပ်များ၊ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ ပြန်လည်စိစစ်တင်ပြလာသော ကိစ္စရပ် များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာသည့် ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ကြသည်။
ထို့အပြင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအရ ခွင့်ပြု ချက်မရရှိမီ ကြိုတင်အသုံးပြုထားသည့်အတွက် လယ်ယာ မြေ ဥပဒေ ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်ရန် အဆိုပြုတင်ပြလာသော လုပ်ငန်းကိစ္စရပ် များ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အခြားနည်း အသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်သည့် ကိစ္စရပ် များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ခံချက်များဖြင့် ပြီးပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က) အရ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်လုပ်ငန်း စာတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃၅၊ ၃၆ တို့အရ ယခင်အစိုးရ ကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟို အဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာ သည့် လုပ်ငန်းစာတွဲများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ပြုပါရန် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများကို တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များ ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ စိစစ်ပြီး ခွင့်ပြုခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်