
နေပြည်တော် အောက်တိုဘာ ၂၀
စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေး ကြိုးပမ်း ရာတွင် ထွန်ထယ်ကိရိယာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးသာမက ခေတ်မီလယ်ယာသုံး စက်ကိရိယာများ၊ ရိတ်သိမ်းခြွေလှေ့ စက်ကြီးများ၊ ဒရုန်းနည်းပညာများ၊ သိုလှောင်ကြိတ်ခွဲ ပြုပြင် ထုပ်ပိုးခြင်းဆိုင်ရာ စက်ကိရိယာများကို စနစ်တကျ အကျိုးရှိစွာ အသုံးပြုနိုင်ရေးသည်လည်း လိုအပ်လာ လျက်ရှိကြောင်း၊ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း ၌ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင် မှုလက်မှတ်ရ သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်း ဖြစ်သည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု လက်မှတ်ရ သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကို တို့သည် သင်တန်းသား များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြပြီး သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှု စစ်ဆေးသည်။
လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု လက်မှတ်ရ သင်တန်းသို့ အခြေခံပညာအထက်တန်း ပြီးမြောက်သူများ တက်ရောက်နိုင်ပြီး သင်တန်း ကာလမှာ တစ်နှစ်ကြာမြင့် မည်ဖြစ်ကာ သင်တန်း ပြီးဆုံး၍ အရည်အချင်း ပြည့်မီသူများကို မြန်မာနိုင်ငံ ပညာရေး အရည်အသွေး စံသတ်မှတ်ချက်မူဘောင် အဆင့် (၄) Myanmar National Qualification Framework (MNQF) Level(4) ရှိ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်သွားမည်ဖြစ် ပြီး ထူးချွန်သူများကို မြန်မာနိုင်ငံ ပညာရေးအရည် အသွေးစံသတ်မှတ်ချက် မူဘောင်အဆင့် (၅) Myanmar National Qualification Framework (MNQF) Level(5) ဖြစ်သည့် သတ်မှတ်အစိုးရ နည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ များတွင် စက်မှုလယ်ယာနည်းပညာ ပထမနှစ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ယခုဖွင့်လှစ် သည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု လက်မှတ်ရသင်တန်း အမှတ်စဉ် (၁) သင်တန်းသို့ ပြင်ပသင်တန်းသား ၂၅ ဦး ၊ ဌာနတွင်းဝန်ထမ်း ၁၅ ဦး စုစုပေါင်း ၄၀ တက်ရောက်ကြပြီး ပြင်ပ သင်တန်းသား ၂၀ အတွက် မြန်မာနိုင်ငံ လယ်ယာ သုံး စက်ကိရိယာ လုပ်ငန်းရှင်အသင်းဝင်ကုမ္ပဏီ လေးခုက ပညာသင်စရိတ် ထောက်ပံ့ပေးသွားမည်ဖြစ် ကာ ကျန်ငါးဦးကို စက်မှုလယ်ယာဦးစီးဌာနက ပညာသင်စရိတ် ထောက်ပံ့ပေးနိုင်ရေး စီစဉ်ထားရှိ ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်းကျောင်း (မိတ္ထီလာ) သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက လယ်ယာသုံး စက်ကိရိယာ အခြေခံသော စက်မှုလက်မှု နည်းပညာဖွံ့ဖြိုးရေး အတွက် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးဆိုင်ရာများကို လည်း ကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျွမ်းကျင် သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးနှင့် နည်းပညာအခြေခံသော အသက်မွေးဝမ်းကျောင်း ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း ဆွေးနွေးမှာကြားခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ် ကံဦး စံပြကျေးရွာအနီးရှိ မွေးမြူရေး အသုံးချသုတေသန နှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်း) သို့ ရောက်ရှိကြပြီး စံပြကန်အမှတ် (၁) နှင့် စံပြကန် အမှတ် (၂) အတွင်း ရေသိုလှောင်ထားရှိမှု၊ စံပြကန်အမှတ် (၃) တူးဖော် မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်