လူထုအားကစား တစ်ခေတ်ဆန်းသစ်စေချင်ပါသည်

Type

 

အားကစားပရိသတ်တစ်ဦး
 

မန်ယူ၊ အာကြီး(အာဆင်နယ်)အသင်း အားကစားဝတ်စုံကိုယ်စီနှင့် လူငယ်လေးတစ်သိုက် ဘောလုံးသွားကစားဖို့  ကားငှားနေသည်။ အသက် ၁၄၊ ၁၅ နှစ် ဝန်းကျင်  ဆယ်ကျော်သက်အရွယ် လူငယ်လေးများ   ဖူဆယ်ကွင်းသွားကန်ကြဖို့   ဖြစ်မည်။  အားကစားနည်းမျိုးစုံရှိသည့်အနက်   ဘောလုံးအားကစားသည် မြန်မာနိုင်ငံ၏ အမျိုးသားအားကစားနည်းတစ်ရပ်လိုဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ။ ယောကျ်ားလေး အားလုံးနီးပါးလိုလို ငယ်စဉ်ဘဝတွင်  ဘောလုံးမကစားဖူးသူများ   မရှိသလောက် ရှားပါးသည်။

 

ကျွန်တော်တို့ငယ်စဉ်(၁၉၇၀ ကျော်၊ ၈၀ ပြည့် နှစ်များ)  ကဆိုမူ   ယခုခေတ်ထက်   ဘောလုံး အားကစားကို ရူးသွပ်စွဲလမ်းစွာ ကစားခဲ့ကြသည်။ နေပူမိုးရွာမရှောင်   အချိန်မရွေး၊    နေရာမရွေး။   အင်္ဂလန်ပရီးမီးယားလိဂ်ဆိုသည်မှာ ဘာမှန်းမသိ၊ ကျွန်တော်တို့ သိသည်က နှစ်သစ်၏ဇန်နဝါရီလတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့်   ပြည်နယ်နှင့်   တိုင်း ဘောလုံးပြိုင်ပွဲ။

 


ကျွန်တော်တို့၏ အိမ်ကွင်း


ထို့အတူ  မန်ယူ၊  အာကြီး၊  ရီးရဲလ်၊  ဘာကာ၊ အင်တာ၊ ဂျူဗီအသင်းဝတ်စုံလှလှလေးတွေ ဆိုသည် မှာ ယခုလိုဝတ်ဆင်ကစားဖို့ မဆိုထားဘိ မြင်ပင် မမြင်ဖူးခဲ့ချေ။ တစ်ခါတစ်ရံ စွပ်ကျယ်နှင့်၊ ရံဖန်ရံခါ ကျောဗလာ၊ ပုဆိုးခါးထောင်းကျိုက်နှင့်။ ကွင်းဆို လည်း ယခုခေတ်  အခကြေးငွေပေးကစားရသည့် ဖူဆယ်ကွင်းများ မရှိသေး။ ရပ်ကွက်ထဲက ဘောလုံး ကစား၍ရသော ကွင်းပြောင်ပြောင်မှန်သမျှသည် ကျွန်တော်တို့၏ အိမ်ကွင်း  အိုးထရက်ဖို့ဒ် (မန်ယူ အိမ်ကွင်း)သာ ဖြစ်သည်။
ဘောလုံးအားကစားနည်းကို ဝါသနာပါလာစေ ရန် စတင်မိတ်ဆက်ထိတွေ့ပေးခဲ့ သူမှာ ကျွန်တော့်  အဖေဖြစ်သည်။   တစ်နေ့  အဖေ ရုံးကအပြန်တွင် ကျွန်တော့်အတွက် ဘောလုံးတစ်လုံးပါလာသည်။ ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ကုန်တိုက်(၁)မှ ဝယ်ယူ ပေးခဲ့ခြင်းဖြစ်သည်။ ဘောလုံးလေးက ကလေးများ နှင့်သင့်လျော်သည့်   အလတ်စားအရွယ်   ဒဗလျူ ဘောလုံးလေး။ စက်မှု(၁)  မှော်ဘီဘောလုံးစက်ရုံထုတ်ဟုဆိုသည်။ တန်ဖိုးကား ၁၆ ကျပ် ပြား ၄၀။

 


ကမ္ဘာကျော် ဘရားဇီးလ်ဘောလုံးသမားများ၏ ငယ်ဘဝနည်းတူ ထိုခေတ်ကာလကလည်း ကျွန်တော့် တို့ရပ်ကွက်ထဲရှိ    ကလေးအများစုမှာ   ကိုယ်ပိုင် ဘောလုံးတစ်လုံး ဝယ်ကိုင်ကစားနိုင်ဖို့က ခက်ခဲပါ သည်။ များသောအားဖြင့်   စက်ဘီးပြင်ဆိုင်တွင် စက်ဘီးနှင့်အတူ ငှားရမ်း၍ရသော ဘောလုံးတစ်လုံး ကို နာရီဝက်၊  တစ်နာရီစာ   အခကြေးငွေပေး၍ ငှားရမ်းကစားခဲ့ကြရသည်။   အဖေဝယ်ပေးသည့် ကိုယ်ပိုင်ဘောလုံးတစ်လုံးရလာတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်သည်  နေ့နေ့ညည   အချိန် မရွေး၊ နေရာ မရွေး၊ နေပူ မိုးရွာမရှောင် ပျော်မဆုံး၊ မော်မဆုံး ဘောလုံးကစားခဲ့ကြပါသည်။

 


ရပ်ကွက်ထဲရှိ   ရပ်မိရပ်ဖလူကြီးမိဘများက လည်း  အားပေးကြသည်။   အပတ်စဉ်   ကျောင်း ပိတ်ရက်များတွင်  ပြိုင်ပွဲငယ်လေးများကို   ဦးစီး ဦးဆောင်ပြု၍ပင်  ကျင်းပပေးပါသည်။  ရပ်ကွက် ထဲရှိ ပြိုင်ပွဲဝင်ကလေးတိုင်းလိုလို တစ်ဦးလျှင် မုန့်ဖိုး ငွေထဲမှ ၁၀ ပြား၊ ၁၅ ပြားကို အသင်းဝင်ကြေးအဖြစ် ထည့်ဝင်ကြရသည်။   လူကြီးများက   ထိုအသင်း ဝင်ကြေးအကြွေလေးများကို တစ်ကျပ်တန်၊ ငါးကျပ် တန် ငွေစက္ကူတို့ဖြင့် လဲလှယ်၍ ဒိုင်းဆုကတ်ပြားတွင် ကပ်ကာ ပထမဆုအဖြစ် ပေးအပ်ပါသည်။ အနိုင်ရ ဗိုလ်စွဲသည့်အသင်းသည် ထိုဒိုင်းဆုကို ကိုင်မြှောက် ၍ ကွင်းတစ်ပတ် လှည့်လည်အောင်ပွဲခံကြရသည်။ 

 


ရင်ခုန်စိတ်လှုပ်ရှားဖွယ်


ဒီဇင်ဘာအားကစားလတွင်မူ   ကျွန်တော်တို့ ကလေးငယ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲတစ်ရပ်ရှိပြန်ပါသည်။   ရပ်ကွက်အားကစားနှင့် ကာယပညာကော်မတီက နှစ်စဉ်ကြီးမှူးကျင်းပလေ့ ရှိသည်နှင့် ၄ ပေ ၉ နှင့် ၅ ပေ ၂ လက်မအောက် ဘောလုံးပြိုင်ပွဲဖြစ်သည်။   အခြားရပ်ကွက်ပေါင်းစုံမှ အသင်းများနှင့်ယှဉ်ပြိုင်ဗိုလ်လု ရသည့်ပြိုင်ပွဲဖြစ်၍ သူ့ရပ်ကွက်၊  ကိုယ့်ရပ်ကွက်    ပရိသတ်များမှာ ကွင်းလေးဖက်လေးတန်     အပြည့်အလျှံလာရောက် အားပေးလေ့ရှိကြသည်။
တကယ့်ပြိုင်ပွဲဖြစ်၍   ဒိုင်လူကြီးများ    ပါဝင် ကြီးကြပ်ပေးရုံမက    အသင်းတိုင်းနည်းပြနှင့် အုပ်ချုပ်သူနှင့်ဖြစ်သည်။ ပရိသတ်ကလည်း   ကိုယ့် ရပ်ကွက်ထဲကအသင်းကို   တစ်ခဲနက်   အားပေးကြ သည်။ ပိုက်ဆံချမ်းသာသည့် ရပ်ကွက်အသိုင်းအဝိုင်း က  အသင်းဆိုပါက    အသင်းတူညီဝတ်စုံကအစ တကယ့်အပျံစား။ ပထမပိုင်းအပြီး အားလပ်ချိန်တွင် အမောပြေ စားနိုင်ရန် လိမ္မော်သီး၊ ရှောက်ချိုသီးများမှ အစ တောင်းကြီးတောင်းငယ်နှင့်။

 


ကျွန်တော်တို့အသင်းကမူ ရပ်ကွက်ထဲရှိ အရပ် ၄ ပေ ၉ လက်မအောက် ဒုတိယတန်း   ဘီအသင်း မျှသာဖြစ်၍ အရပ် ၅ ပေ ၂ လက်မအောက် ပထမ အသင်းကြီးလောက် တင့်တောင့်တင့်တယ်မရှိလှပါ။ အသင်းအုပ်ချုပ်သူမှာလည်း    လူငယ်အားကစား ဝါသနာရှင်တစ်ဦးမျှသာဖြစ်၍      ကိုယ့်ဘဝ အခြေအနေဖြင့်  ကိုယ့်အားကိုယ်ကိုးကြရသည်။
ကန်စွန်းရွက်များကို ထုထောင်းအရည်ညှစ်ချ ပြီး ကျောနံပါတ်အဖြစ် ရေးထိုးထားသော ထိုစဉ်က ပြိုင်ပွဲဝင် အဖြူရောင်စွပ်ကျယ်ချိုင်းပြတ် အင်္ကျီလေး ကို ကျွန်တော် ပြန်မြင်ယောင်လာမိသည်။ ရေလျှော် လိုက်လျှင် ပျက်သွားမည်စိုး၍ မလျှော်ရက်၊ မဖွပ် ရက်။ အနံ့အသက်ပျောက်အောင် နေလှန်းရုံမျှသာ။

 


တန်ဖိုးထားနေဆဲ 


သို့တစေ ထိုဝတ်စုံလေးကို ယခုအသက်အရွယ် အထိ ကျွန်တော်မမေ့နိုင်ပါ။   စွဲလမ်းမြတ်နိုး တန်ဖိုး ထားနေဆဲ။ အဘယ်ကြောင့်ဆိုပါလျှင်   ဘဝ၏ အတားအဆီး၊ အခက်အခဲ  ဖြတ်ကျော်ပြိုင်ပွဲများ အတွက် ကျွန်တော်ပထမဆုံး  ဝတ်ဆင်ခဲ့ရသော ပြိုင်ပွဲဝင်   ချပ်ဝတ်တန်ဆာတစ်ခု   ဖြစ်နေသော ကြောင့်ပင်။  ပြီးတော့   ဆယ်ကျော်သက်အရွယ် လူငယ်ဘဝတွင်   မြို့နယ်ဥက္ကဋ္ဌဖလား  ရပ်ကွက် ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်လက်ရွေးစင် အဖြစ် ကိုယ်စားပြုယှဉ်ပြိုင်ခဲ့စဉ်က ဝတ်ဆင်ခဲ့ရ သော ကျောနံပါတ် ၈ အားကစားဝတ်စုံလေး။

 


ထိုအားကစားဝတ်စုံလေးများကား ဟောင်းနွမ်း၊  ဆွေးမြည့်ပျက်စီးသွားခဲ့ပါပြီ။ သို့တစေ   ခန္ဓာကိုယ် ရှေ့ဘက် နှလုံးသားအတွင်းဝယ်မူ အနိုင်မခံအရှုံး မပေးသော တိုက်ပွဲဝင်စိတ်ဓာတ်၊ စုပေါင်းညီညာအောင်ကြောင်းဖြာဆိုသည့် အသင်းအဖွဲ့စိတ်ဓာတ်၊ သန့်သန့်ရှင်းရှင်း     ယှဉ်ပြိုင်ရသည့်အားကစား စိတ်ဓာတ်၊ မူးယစ်ဆေးဝါးကို ဝေးဝေးကရှောင်ကြဉ် ရသည့်အားကစားသမားကောင်းတို့ လိုက်နာရမည့် အနေအထိုင်အပြုအမူ၊ စည်းမျဉ်းစည်းကမ်းတို့ကမူ ယခုတိုင်   သစ်လွင်နေဆဲ။  အားကစားကို   လူထု အားကစားအသွင်   အောက်ခြေအထိ    စည်းရုံး ဆောင်ရွက်ပေးခဲ့ပါသော တစ်ချိန်က တာဝန်ရှိသူ များ၊ အားကစားကို ချစ်မြတ်နိုးပြီး ဝါသနာပါလာ အောင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့ ကြပါသော ဖခင်ကြီးနှင့် တစ်ချိန်က ရပ်မိရပ်ဖများ ၏ ကျေးဇူးများပါပေ။

 


ထို့နောက်ပိုင်း ဆယ်စုနှစ်ကာလများမှာတော့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စသည့်အခါကြီး ရက်ကြီးများမှအပ ရပ်ကွက်တွင်းအားကစားပြိုင်ပွဲများက ပါးရှားလာသည်ဟု ဆိုရမည်။ အားကစား ကို ဝါသနာပါသည့်လူငယ်များအဖို့ နိုင်ငံ့လက်ရွေးစင် အဆင့်သို့    အဆင့်ဆင့်တက်လှမ်းဖို့ရာအတွက် လှေကားထစ်များက အလှမ်းကျဲလာသည်။
ကျွန်တော်တို့ငယ်စဉ်ကမူ   ၄ ပေ ၉ လက်မ အောက်၊ ၅ ပေ ၂ လက်မအောက် ရပ်ကွက်ဘောလုံး ပြိုင်ပွဲ၊ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ထို့နောက် မြို့နယ်ဥက္ကဋ္ဌ ရပ်ကွက်ပေါင်းစုံပြိုင်ပွဲ၊ ထိုမှတစ်ဆင့် မြို့နယ်ပေါင်းစုံပြိုင်ပွဲ၊   ခရိုင်အဆင့်၊  တိုင်းအဆင့် ဘောလုံးပြိုင်ပွဲများကား အချိတ်အဆက်မိမိ ကွင်း ဆက်ပမာ ကျင်းပနိုင်ခဲ့သည်။ အဆင့်မီလျှင်မီသလို နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အဆင့်အထိ တက်လှမ်း နိုင်ပါသည်။ 
ထို့အတူ အားကစားလိုက်စားသည့်   ကလေး သူငယ်၊  လူငယ်လူရွယ်များလည်း   ကျွန်တော်တို့ ငယ်စဉ်ကထက် နည်းပါးလာသည်ဟု  ဆိုရမည်။ ယခင်က တောရောမြို့အနှံ့  ခုံခုံမင်မင်  ကစားလေ့ ရှိသည့်  ဘောလီဘောအားကစားဆိုလျှင်   ယခု နောက်ပိုင်း ရန်ကုန် မြို့တွင်မမြင်မတွေ့ရသလောက် ပင်။ ပိုက်ကျော်ခြင်းကစားသူများလည်း နည်းလာ သည်။ ဘောလုံးကစားသူ လူငယ်လူရွယ်များကိုမူ မြင်တွေ့နိုင်သေးပါသော်လည်း ကျွန်တော်တို့ ငယ်စဉ် အချိန်ကာလလောက် မများတော့၊ မရှိတော့ချေ။ ကျွန်တော်တို့ငယ်စဉ်က    ရပ်ကွက်ကွင်းများမှာ ညနေဆို လူအမြဲပြည့်လျှံနေသောကြောင့် စောစော စီးစီးသွား၍ ကွင်းလုရသည်။ ယနေ့ခေတ်မှာတော့ ရပ်ကွက်အားကစားကွင်းများသည် များသောအား ဖြင့် အရှင်သခင်ကင်းမဲ့နေသည်။ 

 


စစ်တမ်းကောက်ယူမှု


မျက်မှောက်ခေတ်နည်းပညာရပ်များ   ဖွံ့ဖြိုး တိုးတက်မှု၏ ဘေးထွက်ဆိုးကျိုးလေလား။ နိုင်ငံ တကာမှာတော့ စစ်တမ်းကောက်ယူမှုများရှိသည်။ အမေရိကန်နိုင်ငံရှိ ကလေးအများစုကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကစစ်တမ်းကောက်ယူကြည့်ရာတွင် ကလေးအများစုသည် ရုပ်မြင်သံကြားကို တစ်ပတ် လျှင် နာရီ ၄၀ ခန့် ကြည့်လေ့ရှိကြောင်း၊ တစ်ရက် လျှင် ၂၄ နာရီရှိသည့်အနက် ရုပ်မြင်သံကြားကြည့်ရှု ချိန်က ပျမ်းမျှ ၆ နာရီ ခန့်ရှိခဲ့ကြောင်း၊ ရုပ်သံလိုင်းပေါင်းစုံကိုကြည့်ရုံမက  အင်တာနက်၊  ဗီဒီယိုဂိမ်း ကစားခြင်းများကိုလည်း စွဲမက်လာ၍ အမြင်အာရုံနှင့်သာအချိန်ကုန်ခဲ့ကြသည်ဟု စစ်တမ်းထုတ်ပြန် ချက်အရ သိရသည်။
တစ်ဆက်တည်းမှာပင်  ဗီဒီယိုဂိမ်း၊  ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ အွန်လိုင်းစသည့် အဆင့်မြင့်နည်းပညာ များသည်  ယနေ့ခေတ်ကလေးများအတွက်   ပို၍ သင့်လျော်ကောင်းမွန်မှု ရှိ မရှိ စစ်တမ်းကောက်ယူ ကြည့်ရာတွင်လည်း ၂၉ ရာခိုင်နှုန်းက ပို၍ကောင်းမွန် ကြောင်း သဘောတူခဲ့ကြသော်လည်း ၃၇ ရာခိုင်နှုန်း က  သဘောမတူခဲ့ကြချေ။  ၃၄   ရာခိုင်နှုန်းကမူ ကောင်းသည်၊ ဆိုးသည်ကိုဝေခွဲမရဟု ဆိုကြသည်။ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ စစ်တမ်းကောက်ယူ ကြည့်လျှင် တိတိကျကျသိနိုင်ပေလိမ့်မည်။
မျက်မြင်အားဖြင့်မူ    မြန်မာလူငယ်လူရွယ် အများစုသည် ဖုန်း၊ အင်တာနက်၊ အွန်လိုင်းစသည့် အဆင့်မြင့်နည်းပညာများနှင့်သာ   ပို၍   ထိတွေ့ ပျော်မွေ့လာကြသည်။ ဂိမ်းကစားနည်းများကိုပို၍ စွဲလမ်းနှစ်ခြိုက်လာကြသည်။ လက်ဖက်ရည်ဆိုင်၊   ကော်ဖီဆိုင်များတွင် အုပ်စုလိုက် ဂိမ်းကစားသူများ ကို ပို၍မြင်တွေ့လာရသလို ဂိမ်းနှိပ်ရာမှ  အားမလို အားမရ ညည်းတွားသံများကိုလည်း ပို၍ကြားလာရ သည်။ ထို့ကြောင့် လက်ရှိကာလတွင်   နိုင်ငံတော် အစိုးရသည် ဦးတည်ချက် (၉) ရပ်အနက်  “တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်    ပညာရည်မြင့်မား ရေး”   ဟူသည့်   လူမှုရေးဦးတည်ချက်နှင့်အညီ အားကစားကဏ္ဍကို ပို၍အလေးထား  ဆောင်ရွက် လျက်ရှိသည်။

 


နိုင်ငံတကာပြိုင်ပွဲများတွင် အနိုင်ရဗိုလ်စွဲခဲ့ကြ သည့် အောင်ပွဲရ  အားကစားသမားများကို ဆုကြေးငွေများ ထိုက်ထိုက်တန်တန်ပေးအပ် ချီးမြှင့်လျက်ရှိရုံမက နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက်လည်း   စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ်   လက်ခံကျင်းပမည့်  (၃၂)  ကြိမ်မြောက် အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင်ရန်    လျာထားသည့်  အားကစားနည်းများအနက်မှ ဘော်လီဘော၊  ဝူရှူး၊   ပြေးခုန်ပစ်နှင့်   လက်ဝှေ့အားကစားနည်းများမှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမား စုစုပေါင်း ၁၀၁ ဦးတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ပူးတွဲလေ့ကျင့်မှု ပြုလုပ်ရန် ပထမသုတ်အဖြစ်  ယခုနိုဝင်ဘာလအတွင်း စေလွှတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုး တိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများပေါ် ထွက်လာစေရန်ရည်ရွယ်၍  ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက်(အမျိုးသား)  ဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့်  အောက်တိုဘာ  ၂၀ ရက်မှ  နိုဝင်ဘာ ၃ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၌ ကျင်းပပေးခဲ့ရာ မကွေးတိုင်းဒေသကြီးအသင်းက ပထမ၊ ကချင်ပြည်နယ်အသင်းက ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက တတိယ၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက    စတုတ္ထဖြင့်    ဆုများရယူဆွတ်ခူးသွားခဲ့ကြသည်။

 


အားကစားဝါသနာရှင် မျိုးဆက်သစ်လူငယ်များအတွက်   မင်္ဂလာ ရှိသော သတင်းကောင်းတစ်ခုပါပေ။ မျက်မှောက်ကာလတွင် အားကစား သည် ကျွန်တော်တို့ခေတ် ငယ်စဉ်ကလို အားမှကစားရသည့်ဝါသနာရှင် အပျော်တမ်းသက်သက်မဟုတ်တော့။       ဘဝရပ်တည်ရေးအတွက်    အသက်မွေးဝမ်းကျောင်းနိုင်သည့် ပရော်ဖက်ရှင်နယ်အဆင့် ဖြစ်လာ သည်။    လတ်တလောမှာပင် မြန်မာ့လက်ရွေးစင် ဘောလုံးသမား အများစုသည် အိမ်နီးချင်း ပြည်ပကလပ်အသင်းများတွင် ဆုကြေးစား သွားရောက်ကစားနေကြသည်။ အမျိုးသမီးလက်ရွေးစင်     ဘောလုံး သမားအချို့နှင့် ဘော်လီဘောအားကစားသမားအချို့လည်း ပြည်ပ ထွက် ကစားလျက်ရှိသည်။
သို့ဖြင့် အားကစားကို ဝါသနာရှင်အဆင့်မှ  ပရော်ဖက်ရှင်နယ် အဆင့်အထိ တက်လှမ်းနိုင်ရန် ငယ်စဉ်ကတည်းက စနစ်တကျလေ့လာ သင်ယူသင့်ပါသည်။    ရပ်မိရပ်ဖ   လူကြီးမိဘများအနေဖြင့်လည်း    ကျွန်တော်တို့ငယ်စဉ်ကလိုပင် ရပ်ကွက်အတွင်းရှိ ကလေးသူငယ်၊   လူငယ်လူရွယ်များကို   ငယ်စဉ်ကတည်းက   အားကစားဝါသနာပါအောင်    ဦးစီးဦးဆောင်ပြု၍  မြေတောင်မြှောက်  ပျိုးထောင်ပေးသင့်ပါသည်။

 


မြန်မာအားကစား   တိုးတက်မြင့်မားရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက်ဆိုပါလျှင် ပိရမစ်အသွင် အောက်ခြေမှ ကျယ်ပြန့်စွာ အခြေတည် တည်ဆောက်ကြရပေမည်။ သို့အတွက်   လူထုတစ်ရပ်လုံးပါဝင်သည့် လူထုအားကစားကို တစ်ခေတ်ဆန်းသစ် စေချင်ပါသည်။ 

 


တစ်ချိန်က   ရွှေခေတ်မြန်မာလက်ရွေးစင်ဘောလုံးအသင်း၏ ဘယ် တောင်ပံတိုက်စစ်မှူး ဘပု(ဦး)သည် ငယ်စဉ်က ကတ္တရာလမ်းပေါ် တွင် ဘောလုံးကစားရင်း အောင်မြင်ကျော်ကြားသော မြန်မာ့လက် ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်လာခဲ့သည် မဟုတ်ပါလား။       ။