
သစ်တောမောင်
ကမ္ဘာ့ရေဝပ်ဒေသများနေ့
“ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့သဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့သည် အစိုးရအချင်းချင်း သဘောတူစာချုပ်ဖြစ်သည့် Wetlands Convention (Ramsar Convention) ၏ နှစ်ပတ်လည်နေ့ဖြစ်သကဲ့သို့ ကမ္ဘာ့ ရေဝပ်ဒေသများနေ့ (World Wetlands Day) လည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် မတ် လ ၁၇ ရက်နေ့တွင် ရမ်ဆာရေဝပ်ဒေသ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အဖြစ် စတင်ပါဝင်ခဲ့ပါသည်။ ယနေ့ အချိန်အထိ ရေဝပ်ဒေသများကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံ ရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ် ဒေသပေါင်း ၂၅၀၃ ခု စုစုပေါင်းဧရိယာ ၂၅၇၁၈၃၆၄၃ ဟက်တာကို သတ်မှတ် ထိန်းသိမ်းထားလျက်ရှိပါသည်။ “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ” ဟုလည်း ခေါ်ဆိုပါသည်။
ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျ ချိန်တွင် ရေအနက် ခြောက်မီတာထက် ပိုမနက်သည့် အဏ္ဏဝါရေပြင်များ အပါ အဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများရှိသော ယာယီ သို့မဟုတ် အမြဲတမ်းရှိနေသော သဘာဝ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီး ထားသော ရွှံ့နွံမြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေ နှင့် ရေပြင်ဧရိယာများကို ခေါ်ဆိုပါသည်။ ရေဝပ်ဒေသများကို ပင်လယ်ကမ်းခြေ ရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီး ထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်း ရေချိုရေဝပ်ဒေသများဟူ၍ သုံးပိုင်း ခွဲခြားထားပါသည်။ ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန်နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွှံ့မြေ များ၊ စိုစွတ်သည့်မြက်ခင်းလွင်ပြင် များ၊ ပင်လယ်သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစုငယ်များ၊ ပင်လယ်ဝ ဧရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသ များ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတော များ၊ ကမ်းရိုးတန်းဒေသများ၊ သန္တာ ကျောက်တန်းများ၊ ငါးကန်၊ ပုစွန်ကန် များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်ရေလှောင်တမံများ၊ ဆည်ရေသောက် ဧရိယာများ စသည့်နေရာများ ပါဝင် ပါသည်။
ရေဝပ်ဒေသများသည် နိုင်ငံတစ်နိုင်ငံ ချင်းစီအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာ့ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေး အတွက်လည်း အထူးအရေးပါလျက် ရှိပါသည်။ ရေဝပ်ဒေသများ၏ လူသား များအပေါ် အကျိုးပြုမှုများကို သိမြင် နိုးကြားလာစေရန်နှင့် ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ် ခြင်းနှင့် အကျိုးရှိစွာ အသုံးချခြင်း (Wise Use) လုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် ရည်ရွယ်ပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားများ၊ အသိပညာပေးရေး လှုပ်ရှားမှုများကို ကမ္ဘာတစ်ဝန်း ကျင်းပ ဆောင်ရွက်ကြပါသည်။ ယခုနှစ်အတွက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဦးတည်ချက် ဆောင်ပုဒ်မှာ “လူသားတို့ကျန်းမာ ပျော်ရွှင်ဖို့၊ ရေဝပ်ဒေသများ ထိန်းသိမ်းစို့” (Wetlands and Human Wellbeing) ဖြစ် ပါသည်။
ရေဝပ်ဒေသများက
ပံ့ပိုးသော အကျိုးကျေးဇူးများ
ရေဝပ်ဒေသများသည် စားရေရိက္ခာ ဖူလုံရေး၊ ဒေသခံပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ဘေးအန္တရာယ်များမှ အကာအကွယ်ပေး ရေးတို့အတွက် မရှိမဖြစ် လိုအပ်သည့် အရေးပါသော ဂေဟစနစ်ဖြစ်ပါသည်။ ရေဝပ်ဒေသများသည် လူသားများ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာပျော်ရွှင် စေရန်နှင့် ရာသီဥတု သာယာမျှတစေရန် အတွက် အောက်ဖော်ပြပါ အဓိက ကျသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှု များကို ပံ့ပိုးပေးလျက်ရှိပါသည်-
မြေဆီလွှာများအတွင်း ကာဗွန် သိုလှောင်မှုတိုးပွားပြီး ရာသီဥတု ပြောင်းလဲမှု လျှော့ချနိုင်ခြင်း၊
ရေကြီးခြင်း၊ ရေလျှံခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊
ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းခြင်း၊
ရေချိုများ ပံ့ပိုးပေးခြင်းနှင့် ရေထု ညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊
ငါး၊ ပုစွန်၊ ကဏန်း စသည့်ရေထွက် ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန် များနှင့် တိရစ္ဆာန်မွေးမြူရေးစသည့် လုပ်ငန်းများအတွက် အထောက်အပံ့ ပြုပြီး စားရေရိက္ခာဖူလုံစေရန် ပံ့ပိုး ပေးခြင်း၊
ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများအတွက် အရေးပါ ခြင်း၊
ဒေသခံပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေ ခြင်း စသည့်အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများ
မြန်မာနိုင်ငံသည် သဘာဝသယံ ဇာတပေါကြွယ်ဝသကဲ့သို့ ရေဝပ်ဒေသ ဂေဟစနစ်အပါအဝင် မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထား ပါသည်။ သစ်တောသယံဇာတများနှင့် အတူ အလွန်အရေးပါသော ရေဝပ်ဒေသ များကို ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်း ဒေသများတွင် ၈၅ ခု၊ သံလွင်မြစ်ဝှမ်း ဒေသတွင် ခြောက်ခု၊ စစ်တောင်းမြစ်ဝှမ်း ဒေသတွင် ငါးခုနှင့် ရခိုင်ကမ်းရိုးတန်းဒေသ တွင် သုံးခု စုစုပေါင်း ၉၉ ခုကို ဖော်ထုတ် မှတ်တမ်းတင် ထားရှိပြီးဖြစ်ပါသည်။
မြန်မာ့ရေဝပ်ဒေသများကို ကမ္ဘာ့ အဆင့် အရေးပါသော ရမ်ဆာရေဝပ် ဒေသ (Ramsar Site)များအဖြစ်လည်း အသိအမှတ်ပြု သတ်မှတ်ခြင်းခံထား ခဲ့ရရာ နိုင်ငံတကာ အသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၈၆၉၇ ဟက်တာ (၆၈၈၃၈၂ ဧက) ကျော်ကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၀၄ ခုနှစ်တွင် မိုးယွန်းကြီးအင်း (မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော)၊ ၂၀၁၆ ခုနှစ်တွင် အင်းတော်ကြီး (အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) ၊ ၂၀၁၇ ခုနှစ်တွင် မိန်းမလှ ကျွန်း (မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) နှင့် မုတ္တမပင်လယ်ကွေ့ ဒေသ၊ ၂၀၁၈ ခုနှစ်တွင် အင်းလေးကန် (အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) နှင့် ၂၀၂၀ ပြည့်နှစ်တွင် နံ့သာကျွန်းနှင့် မေယုမြစ်ဝဒေသ စသည် ဖြင့် ရမ်ဆာရေဝပ်ဒေသ ခြောက်နေရာကို သတ်မှတ်ခံရပြီးဖြစ်ပါသည်။
ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း ၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေသည့် ထူးခြားရှားပါး သည့် ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်အတွက် အပင်နှင့် တိရစ္ဆာန် မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ အပင်နှင့် တိရစ္ဆာန် မျိုးစိတ်များ၏ အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံးအခြေအနေကို ပေးနိုင် သော၊ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသ ဖြစ်ခြင်း၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နှင့် အထက် ပုံမှန်ကျက်စားနိုင်သော ရေဝပ် ဒေသဖြစ်ခြင်းအပါအဝင် စံသတ်မှတ် ချက်ကိုးချက်အနက် အနည်းဆုံးတစ်ချက် နှင့် ကိုက်ညီခြင်းတို့ကြောင့် နိုင်ငံ တကာအသိအမှတ်ပြု ရမ်ဆာရေဝပ် ဒေသအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ပါ သည်။
ရေဝပ်ဒေသများ၊ ငှက်ပျံသန်းရာ
လမ်းကြောင်းများနှင့် ဆောင်းခိုငှက်များ
ရေဝပ်ဒေသများသည် သားငှက် တိရစ္ဆာန်မျိုးစိတ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဒေသမျိုးရင်း ငှက်မျိုးစိတ်အမျိုးမျိုး၏ နေရင်းဒေသများဖြစ်ရုံသာမက မိုင် ထောင်ချီကွာဝေးသည့် ကမ္ဘာ့အအေးပိုင်း ဒေသများက လာရောက်ကြသည့် ဆောင်းခိုငှက်များအတွက်လည်း မှီခိုရာ၊ တည်းခိုရာ၊ နားနေရာ ဂေဟစနစ်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် နိုင်ငံ အဆင့်နှင့် ကမ္ဘာ့အဆင့် ထူးခြားသည့် ရေဝပ်ဒေသများကို ပံ့ပိုးပေးသည့်နေရာ အများအပြားကို ပိုင်ဆိုင်ထားပြီး အရှေ့ အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်း (East Asian-Australian Flyway) နှင့် ဗဟိုအာရှဒေသ ငှက်ပျံ သန်းရာလမ်းကြောင်း (Central Asian Flyway) တွင် ကျရောက်သဖြင့် ဆောင်းခိုငှက်များစွာ လာရောက်နားခို ကြသည်ကိုလည်း တွေ့ရှိရပါသည်။
ဆောင်းခိုငှက်များစွာ ပျံသန်းသော နေရာဒေသများဖြစ်သည့် မုတ္တမပင်လယ် ကွေ့၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ၊ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပလိပ် အင်းနှင့် ပြူကန် အစရှိသည့် ငှက်ပျံသန်း ကွန်ရက်နယ်မြေ ရှစ်ခုအား နိုင်ငံတကာ အသိအမှတ်ပြု ငှက်ပျံသန်းရာ လမ်းကြောင်းများအဖြစ် သတ်မှတ်နိုင် ခဲ့ပြီးဖြစ်သည်။
အဆိုပါနေရာများသည် လုံခြုံစိတ်ချ ရပြီး အစားအစာများပေါများသော ရေဝပ် ဒေသများဖြစ်သောကြောင့် ဌာနေဒေသမျိုးရင်းငှက်မျိုးစိတ်များ ပေါကြွယ်ဝ သကဲ့သို့ ကမ္ဘာ့အအေးပိုင်းဒေသများမှ လာရောက်ကြသော ဆောင်းခိုငှက် များစွာ လာရောက်ခိုနားကြသည်ကို လည်း တွေ့နိုင်ပါသည်။ ရေညှောင့် နှုတ်သီးဝိုင်းငှက် (Spoon-billed Sandpiper) နှင့် ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard)၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ် (Endangered-EN) ဖြစ်သည့် ခြေစိမ်းခြောက် (Spotted Greenshank)၊ နော့(Great Knot-EN)နှင့် မြစ်တွေး ဗိုက်မည်း (Black-bellied Tern) ကဲ့သို့ ရွှေ့ပြောင်းနေထိုင်သော ရေပျော်ငှက် မျိုးစိတ်များစွာအတွက် ဆောင်းခိုသည့် ရာသီတွင် နိုင်ငံတကာအဆင့် သတ်မှတ် ချက်နှင့် ကိုက်ညီသည့်အရေးပါသော နေရာများ (Staging Sites) နှင့် ရပ်နား ရာနေရာများ (Stopover Sites) ဖြစ်ပါ သည်။
သစ်တောဦးစီးဌာန၏ နှစ်စဉ် ငှက်စာရင်း ကောက်ယူမှုများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုး စိတ် ၁၂၀ နှင့် ကောင်ရေ ၂၄၆၃၇ ကောင်၊ မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၃၉ မျိုးနှင့် ကောင်ရေ ၃၆၁၁၃ ကောင်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ် ဒေသတွင် ငှက်မျိုးစိတ် ၁၈၄ မျိုးနှင့် ကောင်ရေ ၁၆၇၁၁ ကောင်နှင့် မိန်းမ လှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသ၌ ငှက်မျိုးစိတ်ပေါင်း ၁၈၁ မျိုး၊ ကောင်ရေ ၁၀၅၉၉ ကောင်တို့ နေထိုင်ကျက်စားကြောင်း တွေ့ရှိရပါ သည်။
ရေညှောင့် နှုတ်သီးကောက် (Curlew Sandpiper)၊ နော့နီ (Red Knot)၊ ပျံဖြူ နားမည်း (Asian Dowitcher)၊ ကုလား ကောက် (Eurasian Curlew)၊ နှုတ်သီးရှည် မြီးမည်း (Black-tailed Godwit)၊ ရေညှောင့်နှုတ်သီးဝိုင်း (Spoon-Billed Sandpiper)၊ ခြေစိမ်းခြောက် (Spotted Greenshank)၊ ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard)၊ ငှက်ကြီးတုံးစပ် (Greater Adjutant)၊ မြစ်တွေးဗိုက်မည်း (Black-Bellied Tern)၊ ရေဗလုံ (Masked Finfoot) အစရှိသည့် ငှက်မျိုးစိတ် များ ပါဝင်ကြောင်း လေ့လာတွေ့ရှိရပါ သည်။
ရေဝပ်ဒေသများထိန်းသိမ်းခြင်း
ရေဝပ်ဒေသများသည် မြေအသုံးချမှု ပြောင်းလဲခြင်း၊ ရေအရည်အသွေး ကျဆင်းခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်း၊ ပြင်ပမျိုးစိတ်များ ကျူးကျော်ဝင်ရောက် ခြင်း၊ ရေဝပ်ဒေသများ၏ ဂေဟစနစ်၊ ရေရှည်တည်တံ့မှုကို ထိခိုက်နိုင်ခြေရှိ သည့် ရေရှည်တည်တံ့မှုမရှိနိုင်သော ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်း အစရှိသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင် ကြုံတွေ့လျက်ရှိပါသည်။ ရေဝပ်ဒေသများမှ ရေကိုအလွန်အကျွံ ထုတ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနက်ကွင်းစိုက်ပျိုးမြေ များ ဖော်ထုတ်ခြင်း၊ ရွှေနှင့် ဓာတ်သတ္တု အမျိုးမျိုး တူးဖော်ထုတ်လုပ်ခြင်း၊ ကမ်းရိုးတန်းဒေသများတွင် ဒီရေတော များ ပြုန်းတီးခြင်း စသည်တို့သည် မြစ်၊ ချောင်းများ၊ အင်းအိုင်များအပါအဝင် ရေဝပ်ဒေသများအတွင်းသို့ ရေစီးဆင်းမှု နှင့် ရေဝပ်ဒေသ၏ ရေလွှမ်းလွင်ပြင် ဧရိယာများကိုပြောင်းလဲစေပြီး ပံ့ပိုးလျက် ရှိသော ရေဝပ်ဒေသများကို ထိခိုက် ပျက်စီးစေပြီး ရေဝပ်ဒေသများက ပံ့ပိုး ပေးသော ဝန်ဆောင်မှုများကို ဆုံးရှုံးစေ ပါသည်။
အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင် ရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် “အမျိုးသား ရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ” ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ လတွင် စတင်ရေးဆွဲနိုင်ခဲ့ပြီး ရေဝပ်ဒေသ များကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြု ခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်း ဆောင်ရွက်စေခြင်း၊ ပြည်သူများ ပူးပေါင်း ပါဝင်လာစေခြင်း၊ သိမြင်နိုးကြားမှုအား မြှင့်တင်ခြင်း၊ ဒေသနှင့် နိုင်ငံတကာ ရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်း ဟူသည့် ရေဝပ်ဒေသ မူဝါဒခြောက်ချက် ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်း ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ကို လည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဆက်စပ်ဌာနများအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
ရေဝပ်ဒေသများ ထိန်းသိမ်းရေး အတွက် အရေးကြီးသည့်သတင်းအချက် အလက်များ ပြည်သူများ၊ အကျိုး ဆက်စပ်ပတ်သက်သူများထံ သတင်းပါး နိုင်ရေးအတွက် သတင်းမီဒီယာအမျိုးမျိုး ဖြင့်ဖြန့်ဝေခြင်း၊ ဆွေးနွေးပွဲများ၊ ပြပွဲ ပြိုင်ပွဲများကျင်းပခြင်း၊ ပညာရေးအစီ အစဉ်များတွင် ပေါင်းစပ်ဆောင်ရွက်ခြင်း နှင့် အသိပညာပေးခြင်း၊ ဒေသခံပြည်သူ များအပါအဝင် အကျိုးဆက်စပ်ပတ်သက် သူများ ပူးပေါင်းပါဝင်စေခြင်းနှင့် ရေဝပ် ဒေသဆိုင်ရာ သိမြင်နိုးကြားမှုတိုးပွား လာစေရန်ဆောင်ရွက်ခြင်း (Communi-cation, Education, Participation and Awareness-CEPA) တို့ကို ဆောင်ရွက် လျက်ရှိပါသည်။
ရေဝပ်ဒေသများ ပျက်စီးဆုံးရှုံးရခြင်း အကြောင်းရင်းများကို ရှာဖွေ ဖော်ထုတ်ဖြေရှင်းခြင်း၊ လျော့ပါးစေရန် ကန့်သတ်ခြင်းနှင့် ပင်မဧရိယာမှ ဖယ်ထုတ်ခြင်း၊ ရေဝပ်ဒေသဂေဟစနစ် များ သဘာဝအလျောက် ပြန်လည် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ဆောင်ရွက် ခြင်း၊ ရေဝပ်ဒေသများမှ ပံ့ပိုးထောက်ပံ့ သော ငါး၊ ပုစွန် အစရှိသည့် ရေထွက် ပစ္စည်းများ၊ ရေချိုများအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားစေရန် ဆောင်ရွက်ခြင်း၊ ဒေသ မျိုးရင်းတောရိုင်းတိရစ္ဆာန်များ၊ အပင် မျိုးစိတ်များ ထိန်းသိမ်းခြင်းနှင့် ပြင်ပမှ မျိုးစိတ်များကို ဖယ်ရှားခြင်း၊ ဒေသခံ ပြည်သူများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ပညာရေးကဏ္ဍမှ ဆရာ ဆရာမများ၊ ဂေဟစနစ်ထိန်းသိမ်းရေး ပညာရှင်များ နှင့် လက်တွေ့ဆောင်ရွက်နေသူများ အားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်နိုင် စေရန် ဆောင်ရွက်ခြင်းဖြင့် ရေဝပ်ဒေသ များ ထိန်းသိမ်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
လူသားတို့ ကျန်းမာပျော်ရွှင်ဖို့၊
ရေဝပ်ဒေသများ ထိန်းသိမ်းစို့
ရေဝပ်ဒေသများသည် ပတ်ဝန်းကျင် ဆိုင်ရာဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေး လျက်ရှိပြီး ရာသီဥတုသာယာမျှတစေရန် ထိန်းညှိပေးခြင်းဖြင့် ဒေသခံပြည်သူများ ၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေ ကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိပါသည်။ ရေဝပ် ဒေသများသည် ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိ ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရေချိုသယံ ဇာတများရရှိရေးအတွက်လည်း အရေးကြီး သောအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ရေဝပ်ဒေသများကို စဉ်ဆက်မပြတ် ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။
ပင်လယ်ကမ်းခြေရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီးထားသော ရေဝပ်ဒေသ များနှင့် ကုန်းတွင်းရေချိုရေဝပ်ဒေသများ ဟူသည့် မတူညီသော ရေဝပ်ဒေသဂေဟ စနစ်များနှင့် ဆက်စပ်နေသော သစ်တော ဂေဟစနစ်များကို ထိန်းသိမ်းခြင်းဖြင့် လူ့ဘောင်အဖွဲ့အစည်းများက ရင်ဆိုင် နေရသော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ များကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး လူသား များအတွက် ကျန်းမာခြင်းနှင့် ပျော်ရွှင် ခြင်းဆုလာဘ်များ ရရှိနိုင်မည်ဖြစ်ပါသည်။ “လူသားတို့ ကျန်းမာပျော်ရွှင်ဖို့၊ ရေဝပ် ဒေသများထိန်းသိမ်းစို့” ဟူသည့် ကမ္ဘာ့ ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်နှင့်အညီ ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများ တွင် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော် ရင်း “၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများ နေ့” ကို ဂုဏ်ပြုအပ်ပါသည်။ ။
- Log in to post comments