
မောင်စော
(မွေးမြူဆေးကု၊ မွေးသု)
အကျိုးပြုအဏုဇီဝပိုးဆိုတာ ဘာလဲ
လူနှင့်တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာပြင်ပနှင့် အတွင်း၌ ဗက်တီးရီးယား(Bacteria)၊ ဗိုင်းရပ်စ် (Virus)နှင့် မှို(Fungi)များဖြင့် ပြည့်နှက်နေပါသည်။ ယင်းတို့ကို စုပေါင်း၍ မိုက်ခရိုဘိုင်အုမ်း (Microbiome)ဟု ခေါ်ပါသည်။ အချို့ ဗက်တီးရီးယားပိုးများသည် ရောဂါနှင့်ဆက်နွှယ်နေသော်လည်း အများစုသည် ကိုယ်ခံအားစနစ်၊ နှလုံး၊ ကိုယ် အလေးချိန်နှင့် အခြားကျန်းမာရေးကဏ္ဍများစွာအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း လေ့လာသိရှိရပါသည်။
အဏုဇီဝပိုး ထရီလီယံ(တစ်ဂဏန်း နောက်တွင် သုည ၁၂ လုံးပါသောအရေ အတွက်)ပေါင်းများစွာသည် အဓိက အားဖြင့် အူလမ်းကြောင်းတွင်းနှင့် အရေ ပြားပေါ်၌နေထိုင်ကြပါသည်။ လူတိုင်း၏ ခန္ဓာကိုယ်တွင် အတူတကွမှီတင်းနေထိုင် ကြသည့် အဏုဇီဝဆဲလ်ပေါင်း ၁၀ ထရီလီယံမှ ၁၀၀ ထရီလီယံအထိ ရှိကြ ပါသည်။ လူသားများနှင့် ၎င်းပိုးများသည် နှစ်ပေါင်းသန်းနှင့်ချီ၍ အတူတကွ ဆင့်ကဲဖြစ်ပေါ်လာခဲ့ကြပြီး လူ့ခန္ဓာကိုယ် ၏ အလွန်အရေးကြီးသည့် အခန်းကဏ္ဍ များတွင် ပါဝင်ခဲ့ကြပါသည်။ အကယ်၍ အူတွင်းအဏုဇီဝပိုးများ (Gut Micro- biome)၏ ပူးပေါင်းဆောင်ရွက်မှုသာ မပါရှိလျှင် သတ္တဝါများ အသက်ရှင်ရန်ပင် အလွန်ခက်ခဲမည် ဖြစ်ပါသည်။
လူ့ကျန်းမာရေးနှင့် အူတွင်းအကျိုးပြု အဏုဇီဝပိုးများ
သုတေသန အထောက်အထား တွေ့ရှိချက်များအရ ကလေးငယ်များ သည် မိခင်၏သားအိမ်ထဲ၌ ရှိစဉ် ကတည်းကပင် အူတွင်းအကျိုးပြုအဏုဇီဝပိုးများနှင့် ဆက်နွှယ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ အကျိုးပြုအဏုဇီဝ ပိုးများသည် လူသားတို့မွေးကင်းစမှ သေဆုံးသည်အထိ ကြီးထွားမှုအဆင့် ဆင့်တိုင်းတွင် ကိုယ်ခန္ဓာကို နည်းအမျိုး မျိုးဖြင့် အကျိုးသက်ရောက်စေပါသည်။
မိခင်နို့ကို အစာချေဖျက်ခြင်း
ကလေးငယ်များ၏ အူထဲတွင် ပထမ ဦးဆုံး စတင်ပေါက်ပွားလာသည့် ဗက်တီးရီးယားအချို့ကို ဘီဖီဒို ဗက်တီးရီးယား (Bifidobacteria) ဟုခေါ်ပါသည်။ ၎င်းတို့သည် ကလေးငယ် ၏ ကျန်းမာရေးနှင့် ကြီးထွားမှုအတွက် အရေးကြီးသော မိခင်နို့တွင်းရှိ သကြား ဓာတ်များကို ချေဖျက်ပေးပါသည်။
အမျှင်ဓာတ်ကိုချေဖျက်ခြင်း
အချို့သော ဗက်တီးရီးယားပိုးများ သည် အမျှင်ဓာတ်(Fibre)ကိုချေဖျက်ပြီး ကျန်းမာရေးအတွက် အရေးကြီးသည့် အကျိုးပြုအဆီအက်ဆစ်(short-chain fatty acids) သဘာဝဓာတ်ပေါင်း (အော်ဂဲနစ် - Organic)များကို ထုတ်လုပ် ပေးသည်။ အမျှင်ဓာတ်သည် ကိုယ် အလေးချိန်တိုးခြင်း၊ ဆီးချိုရောဂါ၊ နှလုံး ရောဂါနှင့် ကင်ဆာအန္တရာယ်တို့ကို ကာကွယ်ပေးနိုင်ပါသည်။
ကိုယ်ခံအားစနစ်ကို ကူညီပေးခြင်း
အူတွင်းအဏုဇီဝပိုးများသည် ကိုယ်ခံ အားဆဲလ်များနှင့် ဆက်သွယ်ခြင်းဖြင့် ကိုယ်ခံအားစနစ် လုပ်ဆောင်မှုကို ထိန်းချုပ်ပြီး လိုအပ်သလို ရောဂါကာကွယ် ရေးနှင့် ရောဂါကူးစက်မှုကို ကိုယ်ခန္ဓာက မည်သို့တုံ့ပြန်ရမည်ကို ထိရောက်အောင် ထိန်းချုပ်ဆောင်ရွက်နိုင်သည်။ အဏုဇီဝ ပိုးမွှားများနှင့် ကိုယ်ခန္ဓာ၏ပထမဆုံး ထိတွေ့မှုသည် မမွေးဖွားမီကတည်းကပင်ရှိခဲ့ပြီးဖြစ်သောကြောင့် အလိုက်သင့် ရှင်သန်နိုင်သော ကိုယ်ခံအားစနစ် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
ဦးနှောက်ကျန်းမာရေးကို ထိန်းချုပ်ရန်
ကူညီပေးခြင်း
သုတေသနအသစ် တွေ့ရှိချက်များ အရ အူတွင်းအဏုဇီဝပိုးများသည် ဦးနှောက်လုပ်ဆောင်မှုကို ထိန်းချုပ်ပေး သည့် ဗဟိုနဗ်ကြောစနစ်ကိုလည်း သက်ရောက်မှုများရှိကြောင်း ဖော်ပြထား သည်ကို တွေ့ရပါသည်။
အာဟာရဓာတ်များရရှိအောင်
ဆောင်ရွက်ပေးခြင်း
အူတွင်းအဏုဇီဝပိုးများသည် အစား အစာမှ စွမ်းအင်ကိုစုပ်ယူသည့်အပြင် လူတို့ကို အာဟာရဓာတ်များစုပ်ယူရန် ကူညီပေးရန် မရှိမဖြစ်လိုအပ်ပါသည်။ ဥပမာ- အသားနှင့် ဟင်းသီးဟင်းရွက်များ တွင် ရှုပ်ထွေးလှသော ဒြပ်စင်ဖွဲ့စည်းမှု (မော်လီကျူး)များပါဝင်ပြီး ၎င်းတို့ကို ဖြိုဖျက်ရန် အူတွင်းအဏုဇီဝပိုးများက ကိုယ်ခန္ဓာကိုကူညီပေးသည်။ ကိုယ်ခန္ဓာ သည် အူတွင်းအဏုဇီဝပိုးများ၏ အကူ အညီမပါဘဲ အပင်ဆဲလ်လူလို့(Cellulose)ကို ချေဖျက်နိုင်မည်မဟုတ်ပါ။ ထို့အပြင် အူတွင်းအဏုဇီဝပိုးများသည် အစာစား ချင်စိတ်နှင့် ငြင်းပယ်လိုစိတ်များကို ဖြစ်ပေါ်စေရန် ကိုယ်ခန္ဓာ၏ဇီဝတွင်း ဖြစ်ပျက်မှုကိုပါ လွှမ်းမိုးနိုင်သည်။ အူတွင်း အဏုဇီဝပိုးများနှင့် ဦးနှောက်တို့သည် အချင်းချင်း စဉ်ဆက်မပြတ်ဆက်သွယ် လျက်ရှိပြီး သတ္တဝါတို့၏ အူတွင်း လုပ်ဆောင်မှုများကိုလည်း လွှမ်းမိုး သက်ရောက်မှုများရှိကြောင်း လေ့လာ သိရှိရပါသည်။
ရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်မှုများ
သတ္တဝါများ၏ အစာချေဖျက်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဗက်တီးရီးယား ကောင်ရေသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း သုတေသနတွေ့ရှိချက်များ က ဖော်ပြထားကြပါသည်။ အူတွင်း ဗက်တီးရီးယားကောင်ရေကျဆင်းခြင်း သည် အဝလွန်ရောဂါနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့နှင့်လည်း ဆက်နွှယ်မှု ရှိပါသည်။ အူတွင်းအဏုဇီဝပိုး အရေ အတွက်သည် ကိုယ်ခန္ဓာ၏ဇီဝဖြစ်စဉ် များနှင့်လည်း တိုက်ရိုက်ဆက်နွှယ်လျက် ရှိပါသည်။ ထို့အပြင် အူလမ်းကြောင်း ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး အူလက္ခဏာစု (Irritable Bowel Syndrome - IBS)နှင့် အူရောင်ရောဂါ (Inflammatory Bowel Disease - IBD)ကဲ့သို့သော အူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း ဖြစ်စေနိုင်ပါသည်။ ဗက်တီးရီးယားပိုးမွှားက ထုတ်လွှတ် သည့် လေနှင့်ဓာတ်ငွေ့များကြောင့် လေပွ ခြင်းနှင့် ဗိုက်အောင့်၊ ဗိုက်နာခြင်း စသည့် ရောဂါလက္ခဏာများကိုလည်း ဖြစ်စေ နိုင်ပါသည်။ အစားအစာတွင် အကျိုးပြုဗက်တီးရီးယား(Probiotic)၊ အဆိုပါ ပိုးများပေါက်ပွားမှုကို အားပေးသည့် အမျှင်ဓာတ်များ(Prebiotics)နှင့် အခြား ဖြည့်စွက်ပစ္စည်းများ မျှတစွာပါဝင်အောင် စားသောက်ပါက ဖော်ပြပါရောဂါများ ဖြစ်ပွားမှုကို လျော့နည်းစေနိုင်သည်။ အူတွင်းအဏုဇီဝပိုးများနှင့် စိတ်ပိုင်း ဆိုင်ရာ ရောဂါများ(ဥပမာ- အချို့ကလေး ငယ်များတွင် ငယ်စဉ်ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသည့် အထီးကျန် စိတ်ဝေဒနာ (ခေါ်) စိတ်ကျဝေဒနာ (Autism Spectrum Disorder-ASD) စသည့်ရောဂါများ) အကြားဆက်နွှယ်မှု များကိုလည်း သုတေသီများက တွေ့ရှိခဲ့ ကြပါသည်။
ကိုယ်အလေးချိန်တိုးခြင်းကိုလျှော့ချနိုင်
အူအတွင်းတွင် ဗက်တီးရီးယား မျိုးကွဲပေါင်း ထောင်နှင့်ချီ၍ရှိသည့်အနက် အများစုသည် ကျန်းမာရေးကို အကျိုးပြု ကြသော်လည်း ကျန်းမာရေးကိုထိခိုက် စေသည့် ပိုးမွှားကောင်ရေမြင့်တက်လာ ပါကလည်း ရောဂါဖြစ်စေနိုင်ပါသည်။ တစ်ခါတစ်ရံ အကျိုးပြုအဏုဇီဝပိုးများ နှင့် ဆိုးကျိုးဖြစ်စေသည့်အဏုဇီဝပိုးများ ဟန်ချက်မညီမျှမှု(Dysbiosis)ဖြစ်လာ ပါက ကိုယ်အလေးချိန်တိုးလာပြီး အဝ လွန်ရောဂါနှင့် အခြားဇီဝကမ္မဆိုင်ရာ ရောဂါများကို ဖြစ်စေပါသည်။
Probiotics နှင့် ဒိန်ချဉ်တို့တွင်ပါဝင် သည့် အကျိုးပြုအဏုဇီဝပိုးများဖြစ် ကြသည့် ဘီဖီဒိုဗက်တီးရီးယားနှင့် တုတ်တံပိုး(Lactobacilli) ဗက်တီးရီး ယားအချို့တို့သည် အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်ပြီး ရောဂါဖြစ်စေနိုင်သည့် ဗက်တီးရီးယား များက အူနံရံကိုတွယ်ကပ်မှုမရှိအောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ်တွင်ပါဝင်သည့် တုတ်တံပိုးကို အကျိုးပြုဗက်တီးရီးယား အဖြစ် ပုံမှန်သုံးစွဲပါက ကိုလက်စထရော ဓာတ်ကို လျော့နည်းစေနိုင်ပြီး ကိုယ် အလေးချိန်တိုးလာခြင်းကို ကာကွယ်နိုင် ကြောင်း ဖော်ပြထားပါသည်။ သို့သော် ပဋိဇီဝဆေးဝါးများကို စနစ်တကျမသုံးစွဲ ပါက အကျိုးပြုဗက်တီးရီးယားပိုးများ ကို ထိခိုက်စေပြီး အူလမ်းကြောင်းရောဂါ များကို ဖြစ်ပွားစေရုံသာမကဘဲ ဆေးယဉ်ပါးမှုကိုပါ ဖြစ်စေနိုင်ပါသည်။
နှလုံးကျန်းမာရေးကို အကျိုးပြုနိုင်
အူတွင်းအဏုဇီဝပိုးမွှားများသည် လူ၏နှလုံးကျန်းမာရေးကိုပင် လွှမ်းမိုး သက်ရောက်စေနိုင်ကြောင်းကို လူပေါင်း ၁၅၀၀ ၌ ပြုလုပ်ခဲ့သော သုတေသနတစ်ခု တွင် အူတွင်းအဏုဇီဝပိုးမွှားများသည် ကျန်းမာရေး အထောက်အကူပြု သိပ်သည်းဆမြင့် လိုက်ပိုပရိုတင်း(High- Density Lipoprotein -HDL) ကိုလက် စထရောနှင့် ထရိုင်ဂလစ်ဆရိုက်ဒ် (Triglycerides)တို့ကို ပွားများအောင် ဆောင်ရွက်ပေးသည့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း တွေ့ရှိခဲ့ သည်။ ကျန်းမာရေးကို ဆိုးကျိုးပေးသည့် အူတွင်းအဏုဇီဝပိုးမွှားမျိုးစိတ်အချို့ ကြောင့် နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ရောဂါကိုဖြစ်စေသည့် ထရိုင် မီသိုင်းအေမင်း အင်န်အောက်ဆိုက် (Trimethylamine N-oxide TMAO)ဒြပ် ပေါင်းကို ထုတ်လုပ်ခြင်းအားဖြင့် နှလုံး ရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့ အူတွင်းအဏုဇီဝပိုးတို့သည် အနီရောင် အသားနှင့် အခြားတိရစ္ဆာန်အသားတို့ တွင် တွေ့ရှိရသည့် အာဟာရဓာတ်များ ဖြစ်သည့် ကလိုရင်းနှင့် အယ်လ်ကာ နီတင်းတို့ကို TMAO အဖြစ်သို့ ပြောင်းလဲ စေနိုင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကို အားပေးနိုင်ကြောင်း သုတေသနတွေ့ရှိ ချက်များတွင် ဖော်ပြထားပါသည်။
ဆီးချိုရောဂါအန္တရာယ်ကို
လျော့နည်းစေနိုင်
အူတွင်းအဏုဇီဝပိုးများသည် ဆီးချို ရောဂါအမျိုးအစား (၁)နှင့် (၂) ဖြစ်ပွားစေ နိုင်သည့် သွေးထဲရှိသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်သည်။ မကြာသေးမီက ပြုလုပ်ထားသော သုတေသနတစ်ခု၌ မွေးရာပါဆီးချိုရောဂါရှိသည့် နို့စို့အရွယ် ကလေး ၃၃ ဦးတွင် ဆီးချိုရောဂါအမျိုး အစား (၁) စတင်ဖြစ်ပွားခါနီးအချိန်တွင် အူတွင်းရှိ အကျိုးပြုအဏုဇီဝပိုးကောင်ရေ အလွန်ကျဆင်းနေပြီး ဆိုးကျိုးပေး နိုင်သည့် အူတွင်းအဏုဇီဝပိုးကောင် ရေမှာ သိသာစွာမြင့်တက်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။
ဦးနှောက်ကျန်းမာရေးအပေါ်
သက်ရောက်မှု
အူတွင်း အဏုဇီဝပိုးများသည် ဦးနှောက်ကျန်းမာရေးကို နည်းလမ်း အမျိုးမျိုးဖြင့် အကျိုးပြုနိုင်ကြောင်းနှင့် အချို့သော ဗက်တီးရီးယားမျိုးစိတ်များ သည် ဦးနှောက်အာရုံကြောစနစ်တွင် အရေးကြီးသည့် အာရုံကြောဓာတုပစ္စည်း များကို ထုတ်လုပ်ပေးရန် ကူညီပေးနိုင် ကြောင်း သုတေသနပြုချက်များတွင် ဖော်ပြထားပါသည်။ (ဥပမာ စိတ်ကျ ဝေဒနာကို တိုက်ဖျက်နိုင်သည့် Neurotransmitters ဖြစ်သည့် ဆီရိုတိုနင်(Serotonin)ကို အူလမ်း ကြောင်းမှ အဓိကထုတ်လွှတ်ပေးပါ သည်။) အူလမ်းကြောင်းသည် သန်းနှင့် ချီသော အာရုံကြောများမှတစ်ဆင့် ဦးနှောက်နှင့် ဆက်သွယ်ထားသဖြင့် အူတွင်းအဏုဇီဝပိုးများသည် ဦးနှောက် နှင့်အာရုံကြောကို အကျိုးသက်ရောက်မှု များစွာ ရှိစေနိုင်ပါသည်။ စိတ်ဝေဒနာ အမျိုးမျိုးရှိသူတို့ကို လေ့လာမှုပြုလုပ် ထားသည့် သုတေသနများ၌ ကျန်းမာသူများနှင့်နှိုင်းယှဉ်ကြည့်ပါက ၎င်းတို့၏ အူတွင်းတွင် ကွဲပြားနေသည့်ဗက်တီးရီး ယားမျိုးစိတ်အမျိုးမျိုး ရှိကြကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အူတွင်း အဏုဇီဝပိုးများသည် ကိုယ်ခန္ဓာ၏ အရေး ကြီးလုပ်ဆောင်မှုများနှင့် လူ့ကျန်းမာ ရေးကို လွှမ်းမိုးသက်ရောက်နိုင်သည်ကို တွေ့ရပါသည်။
လူ့အပြုအမူအပေါ် အကျိုးသက်ရောက်မှု
အူတွင်းအဏုဇီဝပိုး အကျိုးပြု ဗက်တီးရီးယား(Probiotics)များသည် စိုးရိမ်ပူပန်မှုကဲ့သို့သော စိတ်ကျန်းမာ ရေးပြဿနာအချို့ကို လျော့နည်းစေရန် ဗဟိုအာရုံကြောစနစ်အပေါ် အပြု သဘောဆောင်သော အကျိုးသက်ရောက် မှုများရှိပါသည်။ တိရစ္ဆာန်များကိုသုံးပြီး သုတေသနပြု စမ်းသပ်ချက်များအရ စိုးရိမ်ပူပန်မှုနှင့်ဆက်နွှယ်သည့် အပြု အမူများနှင့် စိတ်ဖိစီးမှုကို တုံ့ပြန်မှုတို့ အပေါ် အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါသည်။
တိရစ္ဆာန်များ၏ အပြုအမူအပေါ်
အကျိုးသက်ရောက်မှု
သုတေသန တွေ့ရှိချက်များအရ အူတွင်းအဏုဇီဝပိုးများသည် တိရစ္ဆာန် များ၏အပြုအမူအပေါ်တွင်လည်း များစွာ လွှမ်းမိုးသက်ရောက်ကြောင်း၊ အကျိုးပြုအူတွင်းအဏုဇီဝပိုးများမပါဘဲ မွေးမြူ ထားသည့် စမ်းသပ်သတ္တဝါများသည် ပုံမှန်မဟုတ်သည့် အပြုအမူများပြသ လေ့ရှိကြောင်း၊ ထို့အပြင် တိရစ္ဆာန်အချင်း ချင်း ဆက်သွယ်မှုပြုလုပ်ရာတွင်လည်းကောင်း၊ အုပ်စုဖွဲ့ရာတွင်လည်းကောင်း အဏုဇီဝပိုးများဖြင့် ဆွဲဆောင်စေသည့် ဖီယိုမုန်း(pheromones) ခေါ် ဓာတု ပစ္စည်းတစ်မျိုးထုတ်လွှတ်၍ အချက်ပြ လေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ ပျားများတွင်လည်း အူတွင်းအဏုဇီဝပိုး များသည် အာရုံကြောများ၏ လုပ်ဆောင် မှုကို လွှမ်းမိုးသက်ရောက်ကြောင်း၊ အုပ်စုဖွဲ့သည့်အပြုအမူများကို ပုံမှန် မဟုတ်ဘဲ ပြောင်းလဲစေနိုင်ကြောင်းကို လည်း ဖော်ပြထားသည်ကို တွေ့ရှိရပါ သည်။
တိရစ္ဆာန်မွေးမြူရေးနှင့် အူတွင်း
အဏုဇီဝပိုးများ အပြန်အလှန် အကျိုးသက်ရောက်မှု
တိရစ္ဆာန်များ၏ အာဟာရဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ရောဂါကာကွယ်ရေး၊ ထုတ်လုပ်မှုကောင်းမွန်ရေးနှင့် အမူအကျင့် များကိုပါ အူတွင်းအဏုဇီဝပိုးများက များစွာ လွှမ်းမိုးသက်ရောက်ကြောင်း လေ့လာတွေ့ရှိထားကြပါသည်။
တိရစ္ဆာန်များ၏ အာဟာရဖွံ့ဖြိုးရေး အတွက် အကျိုးသက်ရောက်မှု
မွေးမြူရေးတိရစ္ဆာန်များ၏ အစာ အိမ်အတွင်းရှိ အကျိုးပြုအူတွင်းအဏုဇီဝ ပိုးများသည် ကျွေးလိုက်သည့်အစာများ ကို ထိရောက်သည့် အာဟာရဓာတ်များ အဖြစ် ပြောင်းလဲကာ အသားနှင့် နို့ထွက် နှုန်းတို့ကို တိုးတက်စေပါသည်။ အထူး သဖြင့် စားမြုံ့ပြန်သတ္တဝါများ၏ အစာ အိမ်သည် အခန်းလေးခန်းဖြင့် ဖွဲ့စည်း ထားပြီး စားလိုက်သည့်အပင်တွင် ပါဝင် သော ပေါ်လီဆက်ကရိုက် (Polysaccha-rides)များကို ခန္ဓာကိုယ်တွင်းအစာ ချေဖျက်ရန် အင်ဇိုင်း(enzyme)ခေါ် ဓာတ်ပြောင်း အကူဒြပ်မရှိပေ။ အစာအိမ် အတွင်းရှိ အဏုဇီဝပိုးများက စားလိုက် သည့်အစာများကို အဓိကချေဖျက် ပေးပြီး ၎င်းတိရစ္ဆာန်အတွက် လိုအပ် သည့် အာဟာရဓာတ်များနှင့် စွမ်းအင် များကို ရရှိစေခြင်းဖြစ်ပါသည်။ ထို့ကြောင့် စားမြုံ့ပြန်သတ္တဝါများ အသက်ရှင်သန် ရေးအတွက် အာဟာရဖွံ့ဖြိုးရန် အူတွင်း အဏုဇီဝပိုးများသည် မရှိမဖြစ်လိုအပ်ပါ သည်။
မွေးမြူရေးထုတ်လုပ်မှုကို
အထောက်အကူပြုနိုင်
မွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှု မြင့်မားပြီး တွက်ခြေကိုက်စေရန် အစာ တွင် ဖြည့်စွက်စာအဖြစ် ဗီတာမင်၊ သတ္တု ဓာတ်နှင့် အင်ဇိုင်းတို့ကို မဖြစ်မနေ ထည့်သွင်း၍ ကျွေးမွေးကျင့်သုံးလျက်ရှိ ပါသည်။ ထို့အပြင် ပဋိဇီဝဆေးဝါးများကို လည်း ရောဂါကာကွယ်ရန်နှင့် ကြီးထွား နှုန်းကောင်းစေရန် မွေးမြူရေးတိရစ္ဆာန် အစာများတွင် ပုံမှန်ထည့်ကျွေးကြပါ သည်။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် တိရစ္ဆာန်များတွင် ဆေးယဉ်ပါးမှုပြဿနာ နှင့် ဆေးယဉ်ပါးမှုဖြစ်နေသည့် ဗက်တီးရီးယားပိုးများသည် တိရစ္ဆာန်မှ တစ်ဆင့် လူသို့ကူးစက်မှုပြဿနာများ ပေါ်ပေါက်နိုင်သဖြင့် ယခုအခါ မွေးမြူရေး လုပ်ငန်းတွင် ပဋိဇီဝဆေးဝါးများ အလွန် အကျွံသုံးစွဲမှုကို ကမ္ဘာနှင့်တစ်ဝန်းတားမြစ်လာကြပြီဖြစ်ပါသည်။ အထူး သဖြင့် ဥရောပနိုင်ငံများ၌ မွေးမြူရေး တိရစ္ဆာန်များတွင် ကြီးထွားနှုန်းကောင်း စေရန် ပဋိဇီဝဆေးဝါးများသုံးစွဲမှုကို တားမြစ်ထားပြီး သုတေသနပညာရှင် များအနေဖြင့်လည်း တိရစ္ဆာန်ရောဂါ ကာကွယ်နိုင်သည့် အကျိုးပြုအဏုဇီဝပိုး များဖြင့် အစားထိုးအသုံးပြုနိုင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လာကြသည် ကို တွေ့ရပါသည်။ ဂျပန်နိုင်ငံသည် လွန်ခဲ့သည့်နှစ် ၃၀ ခန့်မှစတင်၍ မျိုးစိတ် ပေါင်းများစွာပါဝင်သော အကျိုးပြု ဗက်တီးရီးယားအရည်ကို တီထွင်ခဲ့ကြ ပြီး နိုင်ငံတကာသို့ပင် နည်းပညာဖြန့်ဝေ ခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။ တိရစ္ဆာန်များ၏ ကိုယ်ခန္ဓာထဲသို့ အကျိုး ပြုဗက်တီးရီးယားဝင်ရောက်ပြီးနောက် ၎င်းပိုးများသည် လျင်မြန်စွာတိုးပွား လာနိုင်ပြီး ရောဂါဖြစ်စေနိုင်သည့် အခြားပိုးမွှားများပေါက်ပွားမှုကို ကန့်သတ် ထိန်းချုပ်ထားနိုင်ကာ တိရစ္ဆာန်ခန္ဓာကိုယ် အတွက် အရေးပါသောဗီတာမင်များထောက်ပံ့ပေးပြီး အာဟာရဓာတ်များ လည်း ထုတ်လုပ်ပေးနိုင်ပါသည်။
မွေးမြူရေးထွက်ကုန်ကို
တန်ဖိုးမြှင့်ပေးနိုင်
အကျိုးပြု အဏုဇီဝပိုးများသည် အူလမ်းကြောင်းသာမက တိရစ္ဆာန် ကျန်းမာရေးကိုပါ ကောင်းမွန်အောင် ကူညီပံ့ပိုးပေးခြင်းကြောင့် ရောဂါဖြစ်နိုင် ခြေကို လျော့နည်းစေသည့်အပြင် အသား၏ အနံ့နှင့် အဆင်းအရသာသည် ပုံမှန်မဟုတ်သော အနံ့ဆိုးများကင်းပြီး ထုတ်ကုန်များသည်လည်း အချိန်ကြာမြင့် စွာ လတ်ဆတ်နေကာ အသားနှင့်အသား ထုတ်ကုန်များ၏ အရသာကို မြှင့်တင် ပေးစေပါသည်။ ထို့အတူ နို့စားနွားမ များကို အကျိုးပြုအဏုဇီဝပိုးဖြစ်သည့် Lactobacillus ကို ဖြည့်စွက်ကျွေးမွေး ပေးခြင်းဖြင့် နို့ထုတ်လုပ်မှုကိုတိုးတက် စေရုံသာမက နို့တွင်းအဆီဓာတ်များ၏ အရည်အသွေးကိုပါ မြင့်မားလာစေနိုင်ပြီး နို့စားနွားမများ၏ ကျန်းမာရေး ပိုမို ကောင်းမွန်လာစေကာ ထုတ်လုပ်မှုစရိတ် ကို လျှော့ချနိုင်ခြင်းနှင့် မွေးမြူရေးခြံ အတွင်း အနံ့အသက်ကိုလည်း လျှော့ချ နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါ သည်။
အကျိုးပြုအူတွင်း အဏုဇီဝပိုးများကို
တိုးတက်ကောင်းမွန်စေသည့်
နည်းလမ်းများ
လူ့ကျန်းမာရေးအထောက်အကူပြု အူတွင်းအဏုဇီဝပိုးများ ပွားများလာပြီး တိုးတက်ကောင်းမွန်လာစေရန် အောက်ပါ အတိုင်း ဆောင်ရွက်သင့်ပါသည် -
အစားအစာအမျိုးမျိုး အမယ်စုံ အောင်စားပါ။ အစားအစာအမယ်စုံ အောင် စားသောက်ခြင်းဖြင့် အဏုဇီဝ မျိုးစုံကို ပွားများစေနိုင်ပြီး အစာအိမ် အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။ အထူး သဖြင့် ပဲမျိုးနွယ်အပင်များ၊ ပဲမျိုးစုံနှင့် သစ်သီးများတွင် အမျှင်များစွာပါဝင်ပြီး ကျန်းမာရေး အထောက်အကူပြု Bifidobacteria ပွားများမှုကို အားပေး ပါသည်။အချဉ်ဖောက်(Fermented)ထား သော အစားအစာကို စားသုံးပါ။ ဥပမာ- ဒိန်ချဉ်နှင့် ဟင်းရွက်ချဉ် ကဲ့သို့သော အချဉ်ဖောက်ထားသည့် အစားအစာများ အားလုံးတွင် ကျန်းမာရေးအထောက် အကူပြု ဗက်တီးရီးယား(အထူးသဖြင့် Lactobacilli အုပ်စု)များစွာပါဝင်ပြီး ရောဂါဖြစ်စေသော ဗက်တီးရီးယားပိုး မျိုးစိတ်ပမာဏကို လျော့နည်းစေနိုင်ပါ သည်။
အချိုခဲ(သို့မဟုတ်) အချိုရည်အတု တို့ကို အကန့်အသတ်ဖြင့်သာ စားသောက်ပါ။ သဘာဝထွက်ကုန် မဟုတ် သည့် အချိုခဲ (သို့မဟုတ်) အချိုရည် အတုများသည် အူလမ်းကြောင်းတွင် ကျန်းမာရေးကို ဆိုးကျိုးပေးနိုင်သည့် ဗက်တီးရီးယားများ (ဥပမာ- Enterobacteriaceae) ပွားများလာစေ ရန် လှုံ့ဆော်ပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ်ကို တိုးပွားစေကြောင်း သုတေသနအထောက်အထား အချို့က ဖော်ပြထားကြပါသည်။
Probiotic ပွားများစေရန် အထောက် အကူပြုသည့် အစားအစာများ (prebiotic)ကို စားပါ။ Prebiotic များ သည် ကျန်းမာရေးကို အကျိုးပြု ဗက်တီးရီးယားများ ပွားများလာအောင် လှုံ့ဆော်ပေးသည့် အမျှင်ဓာတ်ကြွယ်ဝ သော အစားအစာများပင်ဖြစ်သည်။ Prebiotic အဖြစ် စားသုံးနိုင်သည့် အစား အစာများမှာ ဥပမာ- artichokes ခေါ် ဂေါ်ဖီထုပ်ကဲ့သို့သော ဟင်းရွက်တစ်မျိုး၊ ငှက်ပျောသီး၊ ကညွတ်၊ ပန်းသီးနှင့် ဂျုံ (oats)စသည်တို့ဖြစ်ပါသည်။
ရင်သွေးငယ်များကို အနည်းဆုံး ခြောက်လသားအရွယ်အထိ မိခင်နို့ တိုက်ကျွေးခြင်း။ မွေးကင်းစအရွယ်တွင် မိခင်နို့တိုက်ကျွေးခြင်းသည် အူတွင်း အဏုဇီဝပိုး ပွားများစေရေးအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ပါ သည်။ အနည်းဆုံးခြောက်လကြာ မိခင် နို့တိုက်ကျွေးထားသည့် ရင်သွေးငယ် များသည် နို့ဘူးတိုက်ကျွေးပြီး ပြုစု စောင့်ရှောက်သည့် ကလေးများထက် အကျိုးပြုဗက်တီးရီးယား Bifido-bacteria အရေအတွက် ပိုမိုများပြား လေ့ရှိပါသည်။
အနှံမှရရှိသည့် ကောက်ပဲသီးနှံများများစားသုံးခြင်း။ ဘာလီနှင့် ဆန်လုံးညို (လုံးတီးဆန်)ကဲ့သို့သော အနှံမှရရှိ သည့်အစေ့များတွင် အမျှင်ဓာတ် အမြောက်အမြားပါဝင်ပြီး beta-glucan ကဲ့သို့သော အကျိုးပြု ကာဘိုဟိုက်ဒရိတ် ဓာတ်များလည်း ပါဝင်သဖြင့် အူတွင်း အဏုဇီဝပိုး ပွားများစေကာ အဝလွန်ခြင်း၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် အခြား ရောဂါများကိုလည်း ကာကွယ်ပေးနိုင် ကြောင်း တွေ့ရှိရပါသည်။
အသီးအရွက်ကို များများစားသုံးပါ။ အသီးအရွက်ကို များများစားသုံးခြင်းဖြင့် အကျိုးပြု အူတွင်း အဏုဇီဝပိုးပွားများစေ ကာ E. coli ကဲ့သို့သော ရောဂါဖြစ်စေနိုင် သော ဗက်တီးရီးယားပိုးပမာဏကို လျော့နည်းစေနိုင်သည့်အပြင် ရောင်ရမ်း ရောဂါနှင့် ခန္ဓာကိုယ်မှ ကိုလက်စထရော ဓာတ်တို့ကိုပါ လျော့နည်းစေနိုင်ပါ သည်။
Polyphenols ကြွယ်ဝသော အစား အစာများကိုစားပါ။ ပေါ်လီဖနောလ်များ (Polyphenols)သည် အနီရောင်စပျစ်သီး ဝိုင်၊ လက်ဖက်ရည်ကြမ်း၊ ချောကလက် နှင့် သံလွင်ဆီ စသည်တို့တွင် တွေ့ရှိရ သော အပင်ဒြပ်ပေါင်းများဖြစ်သည်။ ၎င်းအပင်ဒြပ်ပေါင်း ပြိုကွဲခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြု ဗက်တီးရီးယားပွားများမှုကို လှုံ့ဆော်ပေး ကြောင်း လေ့လာသိရှိရပါသည်။
Probiotic ပါသော ဖြည့်စွက်စာကို စားသုံးပါ။ Probiotic ပါသော ဖြည့်စွက် စာကို စားသုံးပေးခြင်းဖြင့် အူလမ်း ကြောင်းတွင် ကျန်းမာရေးအထောက် အကူပြု ဗက်တီးရီးယားပွားများအောင် ပြန်လည် အစပြုပေးနိုင်ပါသည်။
ပဋိဇီဝဆေးဝါးများကို လိုအပ်မှသာ သုံးပါ။ ပဋိဇီဝဆေးဝါးများသည် ရောဂါ ဖြစ်စေနိုင်သော ဗက်တီးရီးယားများ သာမက အကျိုးပြုအူတွင်းဗက်တီးရီးယားများစွာကိုပါ သေစေနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကိုယ်အလေးချိန်တိုးလာခြင်းနှင့် ပဋိဇီဝ ဆေးကိုယဉ်ပါးမှုဖြစ်လာခြင်း စသည့် ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့်ပဋိဇီဝဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုအပ်မှသာ သုံးစွဲသင့်ပါသည်။
လူနှင့် တိရစ္ဆာန်ကျန်းမာရေး အပြန်အလှန် အကျိုးပြု အူတွင်းအဏုဇီဝ ပိုးကောင်ရေ တိုးမြှင့်ရေး နေထိုင်စားသောက်ပေး။
ထို့ကြောင့် အကျိုးပြုအူတွင်းအဏုဇီဝပိုးများသည် လူနှင့်တိရစ္ဆာန်တို့၏ နေ့စဉ်အသက်ရှင်သန်ရေးနှင့် ကျန်းမာ ရေးအပေါ် အလွန်အရေးပါသည့် အခန်း ကဏ္ဍမှပါဝင် ဆက်နွှယ်လွှမ်းမိုး သက်ရောက်သဖြင့် ၎င်းပိုးများရှင်သန် ပွားများအောင် အထူးဂရုစိုက် နေထိုင် စားသောက်သင့်ပါကြောင်း တင်ပြလိုက် ရပါသည်။ ။
မှီငြမ်းကိုးကားစာရင်း
Ganguly, P. (2019). Microbes in us and their role in human health and disease. News and Events, National Human Genome Research Institute
Forcina, G., Peဴrez- Pardal, L., Carvalheira, J., & Beja-Pereira, A. (2022). Gut Microbiome Studies in Livestock: Achievements, Challenges, and Perspectives. Animals, 12(23), 3375
- Log in to post comments