
နေပြည်တော် ဒီဇင်ဘာ ၂၈
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ်တို့က သက်ဆိုင်ရာနေရာများမှ Zoom Application ဖြင့် ချိတ်ဆက်တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်အမှာစကားကို စာမျက်နှာ - ၃ တွင် သီးခြားဖော်ပြထားပါသည်။)
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ရေးဆွဲအတည်ပြုခြင်းနှင့် အကောင် အထည်ဖော်ခြင်းဆိုင်ရာ ကနဦးညှိနှိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကဏ္ဍတစ်ခုချင်းစီတွင် လုပ်ငန်းစဉ်များ၊ စီမံချက်များ၊ အဆင့်အဆင့်သော ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို ဖော်ထုတ်ထားရှိပြီး သတ်မှတ်အချိန် ကာလနှင့် ဆောင်ရွက်ပြီးစီးအောင်မြင်မှုကို တိုင်းတာ နိုင်သော အညွှန်းကိန်းများပါ ထည့်သွင်းထားပြီးဖြစ်ရာ လူငယ်များကိုယ်တိုင်ပါဝင်လျက် လက်တွေ့အပြောင်းအလဲ များဖြစ်အောင် ဖော်ဆောင်နိုင်ခွင့်ရရှိနေသည့် အခြေ အနေနှင့် လူငယ်တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ အားလုံးပူးပေါင်းပါဝင်နိုင်ခွင့်ရရှိ၍ ဘက်ပေါင်းစုံက ပံ့ပိုးကူညီထောက်ပံ့ လက်တွဲဖော်ဆောင်ကြပြီး လူငယ့် ရေးရာ မူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်ကို အကောင် အထည်ဖော်ရာ၌
ကြုံတွေ့ရမည့် အခက်အခဲများတွင် ယနေ့ကြုံတွေ့နေရ သော ကိုဗစ်-၁၉ ဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ထည့်သွင်း စဉ်းစား၍ ရင်ဆိုင်ကျော်လွှားရေးကို ရှင်းလင်းပြောကြားပြီး လူငယ်ရေးရာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို ပေါက်မြောက်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ညီညွတ်စွာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
သေချာစွာလေ့လာဖတ်ရှုသုံးသပ်ရန်လို
ယင်းနောက် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤမဟာဗျူဟာစီမံချက်သည် လူငယ်များ၏ အနာဂတ် အတွက် လူငယ်ရေးရာ မူဝါဒ၏ မျှော်မှန်းချက်နှင့် ရည်မှန်း ချက်များပြည့်မီရန် စစ်မှန်သောလမ်းကြောင်းများဖြင့် လမ်းခင်းပေးလိုက်ခြင်းပင် ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ ကော်မတီဝင်များအားလုံးအနေဖြင့် ဤမဟာဗျူဟာစီမံချက် ကို သေချာစွာလေ့လာဖတ်ရှုသုံးသပ်ရန်လိုအပ်ပြီး မိမိတို့ အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ကဏ္ဍ၊ မည်သည့်ပုံစံ ဖြင့် ပါဝင်ရမည်ကို စဉ်းစားသုံးသပ်ရမည် ဖြစ်ပါကြောင်း၊ လူငယ်များသည် လာမည့်နှစ် ကာလများတွင် မိမိတို့နိုင်ငံ ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေများကို ပုံဖော်မည့် ပန်းပုဆရာများသဖွယ်ဖြစ်ပြီး လူငယ်များအနေဖြင့် နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ရာ၌ ရှေ့သို့ မျှော်မှန်းတွေးဆသည့် အမြင်များ၊ မျှတသော စဉ်းစားဆင်ခြင်ခြင်းနှင့် ဆုံးဖြတ်ခြင်း များဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း။
အဓိက ရေသောက်မြစ်သဖွယ်ဖြစ်
ဤမဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ရာ ၌ တစ်ချိန်တည်းတွင် လူငယ်များအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများနှင့် အရည်အသွေးမြှင့်တင်မှု ဆွေးနွေးပွဲများကို စနစ်တကျလုပ်ငန်းမူဘောင် (frame-work) များချမှတ်ကာ ပုံမှန်ဆက်လက် ပြုလုပ်သွားစေလိုပါ ကြောင်း၊ ဤမဟာဗျူဟာစီမံချက်သည် နိုင်ငံတော် ဘက်စုံ တိုးတက်မှုအတွက် လွန်စွာအရေးကြီးသည့် အဓိက ရေသောက်မြစ်သဖွယ်ဖြစ်ပြီး သက်ဆိုင်သူတာဝန်ရှိသူများ အားလုံးအနေဖြင့် ဤမဟာဗျူဟာစီမံချက်၏ နိုင်ငံတော် အတွက် အရေးပါမှုကို အားလုံးက သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း။
မဟာဗျူဟာစီမံချက်၏ ရည်မှန်းချက်များ ရရှိ အောင်မြင်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက် မည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များသည် လက်တွေ့ မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ နေရာဒေသအသီးသီး၏ အခြေအနေ များသည် တူညီမှုမရှိသဖြင့် နေရာဒေသတစ်ခု၏ အခြေ အနေအရပ်ရပ်နှင့် ကိုက်ညီဆောင်ရွက်သည့် လုပ်ငန်း နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များသည် အခြားနေရာဒေသ တစ်ခုနှင့် ကွဲပြားမှုရှိနိုင်ပါကြောင်း။
အသုံးချသုတေသနများကိုပါ တွဲဖက်ဆောင်ရွက်
တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ လူငယ်များ အကြား ကွန်ရက်ချိတ်ဆက်မှုများကို ပိုမိုတောင့်တင်း ခိုင်မာစေလိုပြီး လူငယ်များအချင်းချင်းပံ့ပိုးခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုအတွေ့အကြုံများနှင့် နည်းဗျူဟာများအား ဝေမျှခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း၊ မဟာဗျူဟာ စီမံချက်တွင်ပါဝင်သော အညွှန်းကိန်း (indicator) များ အတွက် လိုအပ်သောအချက်အလက် (data) များ အမှန် တကယ်ရရှိနိုင်ရေးအတွက်ကိုလည်း သုံးသပ်ဆောင်ရွက် စေလိုပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင် မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့် လုပ်ငန်းများ အား မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သည်၊ လုပ်ဆောင်ပြီးစီးနိုင်သည်နှင့် လုပ်ငန်းဆောင်ရွက်ချိန်တွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအား သိရှိစေ နိုင်ရန်အတွက် စောင့်ကြည့်အကဲဖြတ်မှုစာရင်းပုံစံ (moni-toring checklist) များဖြင့် သုံးသပ်စေလိုပါကြောင်း၊ ထို့ပြင် လုပ်ငန်းအခက်အခဲ၊ စိန်ခေါ်မှုများအား ကျော်လွှားဖြေရှင်း နိုင်ရေးအတွက် အသုံးချသုတေသနများကိုပါ တွဲဖက် ဆောင်ရွက်စေလိုပါကြောင်း။
မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်မှု ဆန်းစစ် သုံးသပ်ခြင်း (evaluation) အငယ်စားများကိုလည်း ခြောက် လခန့်လျှင်တစ်ကြိမ်လုပ်ဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဘက်စုံဆန်းစစ်သုံးသပ်မှုကို နှစ်နှစ်ခန့်လျှင် တစ်ကြိမ် လုပ်ဆောင်စေလိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် ဆန်းစစ် သုံးသပ်ခြင်း (monitoring and evaluation) များမှ တွေ့ရှိ ချက်များနှင့် ကိုက်ညီပြီး ပြောင်းလဲနေသည့် အခြေအနေ အရပ်ရပ်နှင့် လိုက်လျောညီထွေစွာဖြင့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များကို မွမ်းမံပြင်ဆင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
အဖွဲ့ငယ်တစ်ခု ဖွဲ့စည်းထားရှိမည်
ဝန်ကြီးဌာနအနေဖြင့် ဤမဟာဗျူဟာစီမံချက်အကောင် အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍမှ အတတ်နိုင်ဆုံးပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် ရန်အတွက်လည်း တာဝန်ယူဆောင်ရွက်မည့် အဖွဲ့ငယ် တစ်ခု ဖွဲ့စည်းထားရှိမည်ဖြစ်ပါကြောင်း၊ ဗဟိုနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးမှ လူငယ်ရေးရာကော်မတီဝင်များ အနေဖြင့် ဤမဟာဗျူဟာစီမံချက်၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ ဆက်လက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသော လူငယ်များအား အထူး ကျေးဇူးတင်ရှိပြီး နိုင်ငံ၏အရေးကိစ္စများနှင့် ပြည်သူများ ၏ အကျိုးတို့အတွက် လုပ်ငန်းများတွင် ဆက်လက်ပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြား သည်။
လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူ
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ယနေ့ Video Message ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသော အချက်များတွင် ပညာရေးနှင့် ပတ်သက်သည့်လုပ်ငန်း များ အားလုံးကို ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်း လမ်းညွှန်အဖြစ်ခံယူပြီး လူငယ်များ၊ တိုင်းရင်းသားလူငယ် များအားလုံးဖြင့် လက်တွဲပူးပေါင်း ညီညွတ်စွာဖြင့် ယခု စီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ယခု အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်သည် တိုင်းရင်းသားလူငယ်များ၏ အနာဂတ်၊ ဂုဏ်သိက္ခာ မြင့်မား နိုင်ရေးအတွက် ရေးဆွဲထားခြင်းဖြစ်ပြီး လက်တွေ့ကျကျ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်၊ တိုင်းရင်းသားလူငယ်များ အားလုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး၏ ဂုဏ် သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်ပါကြောင်း။
တစ်ဦးနှင့်တစ်ဦး ကူညီဖေးမ
ကျန်းမာရေး၊ အာဟာရနှင့် အရည်အသွေးရှိသည့် ပညာရေးသည် များစွာအရေးကြီးပါကြောင်း၊ လူငယ်များ၏ ဘဝကိုမြှင့်တင်ပေးနိုင်ရန်ဆိုသည်မှာ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ပြောကြားသွားသည့်အတိုင်း လူငယ်များ အားလုံးသည် ကိုယ်ချင်းစာစိတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမဆောင်ရွက်တတ်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်တတ်ရန်အရေးကြီးသကဲ့သို့ တာဝန်ယူ၊ တာဝန်ခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်တတ်ရန်နှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိမှသာ အလုပ်ဟူသမျှ ကောင်းစွာလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အလုပ် အကိုင်ကောင်းကောင်းရရန် လူငယ်များ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်အရေးကြီးပါကြောင်း။
အနာဂတ်လှပအောင် ဆောင်ရွက်ပေး
သင်ယူခြင်းသည် ရတနာသိုက်ဖြစ်သည့်အတွက် ခေတ် နှင့် လိုက်လျောညီထွေဖြစ်သည့် ကျွမ်းကျင်မှုများနှင့် စွမ်းရည်ရရန်မှာ တစ်သက်တာသင်ယူမှုအတွက် များစွာ အရေးကြီးပါကြောင်း၊ တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများအတွက် လူငယ်များကို ၂၁ ရာစု၏ ကျွမ်းကျင်မှုများ၊ ၂၁ ရာစု၏ စွမ်းဆောင်ရည်များဖြင့် လက်တွေ့ကျကျ မဟာဗျူဟာစီမံချက်ကို ညီညီညွတ်ညွတ် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ ယခုမဟာ ဗျူဟာစီမံချက်တွင်ဖော်ပြထားသည့် Key Performance Indicator များကို ပြည့်မီအောင်ဆောင်ရွက်ပေးခြင်းသည် လူငယ်များအတွက် အနာဂတ်လှပအောင် ဆောင်ရွက်ပေး ခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် ယင်းတို့ကို ဆောင်ရွက်သည့်အခါတွင် အားလုံးညီညွတ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စု ကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် တည်ဆောက် ထားသည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် တိုင်းရင်း သားလူငယ်အားလုံး ညီညီညွတ်ညွတ် ရိုးသားကြိုးစားစွာ ဖြင့် တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများကို ၂၁ ရာစု၏ ကျွမ်းကျင်မှု၊ ၂၁ ရာစု၏ စွမ်းဆောင်ရည်များကို မြှင့်တင်၍ အနာဂတ်လှပသည့် တိုင်းရင်းသားလူငယ်များ ဖြစ်ကြပါစေဟု ဆုမွန်ကောင်း ပို့သလိုက်ရပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ် Mr.Ramanathan Balakrishnan က အမှာစကားပြောကြားသည်။
လွှဲပြောင်းပေးအပ်
ယင်းနောက် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က မြန်မာ နိုင်ငံလူငယ်ရေးရာကော်မတီဝင်များဖြစ်ကြသည့် ကိုမျိုးသူ စိုးနှင့် ကိုဝေယံထွန်းတို့ထံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)စာအုပ်ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ရေးဆွဲခြင်း မှတ်တမ်း Video Clip ပြသပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ သတင်းစဉ်