လူငယ်နှင့်စာပေပွဲတော်သို့ တက်ရောက်လာသူအချို့၏ ရင်တွင်းစကားသံများ

 

နေပြည်တော်  ဇန်နဝါရီ   ၃၀

 


မြန်မာနိုင်ငံ၏  အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့်လူငယ်များ၏  ဉာဏ်ရည်ဉာဏ်သွေးနှင့်  အတွေး အခေါ်အယူအဆများ ထက်မြက်လာစေရန် ရည်ရွယ်၍  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  ကျင်းပလျက်ရှိသည်။

 


အဆိုပါ ပွဲတော်ကြီးတွင် အသိပညာ ဗဟုသုတရဖွယ် ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသထားပြီး ဖျော်ဖြေရေးအစီအစဉ် ကောင်းများလည်း   ထည့်သွင်းထားရာ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပွဲတော်ကြီးတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက်   ပါဝင်ဆောင်ရွက်ကြသူ နှင့်တွေ့ဆုံ၍ ရင်းတွင်းစကားသံများကို ရေးသားဖော်ပြလိုက်ရပါသည်။

 


ဦးရဲတင့် (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)


အခုကျင်းပနေတဲ့  လူငယ်နှင့်စာပေ ပွဲတော်ဆိုတာ  အရင်က  လူငယ်စာပေ ပွဲတော်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ စာပေ ပွဲတော်ကနေ    လူငယ်တွေကို    စာပေ တင်မကပဲ   အားကစား၊  နည်းပညာနဲ့ အခြားကဏ္ဍတွေကနေ    အထွေထွေ အတွေ့အကြုံဗဟုသုတတွေ  ရရှိအောင် နာမည်ကို    လူငယ်နဲ့စာပေပွဲတော်လို့ ပြောင်းလိုက်တာပါ။ လူငယ်တွေအတွက် ဒီအချိန်မှာ အရေးကြီးတာက အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ တွေအပြင်  ကျန်းမာသန်စွမ်းဖို့နဲ့  ဗလ ငါးတန်ပြည့်စုံဖို့ လိုတယ်ဆိုတဲ့ အသိစိတ် ကို ထည့်ပေးချင်တဲ့အတွက် ဒီပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်။ 


အခုပွဲတော်မှာ စာအုပ်စာပေ ပြခန်း တွေကတစ်ဆင့် စာပေဟာ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို  လူငယ်တွေကို သိစေချင်ပါတယ်။  စာပေကနေ  အသိ ပညာဗဟုသုတတွေရမယ်။ ကျောင်းစာ အပြင်       တခြားစာပေတွေကိုလည်း လေ့လာဖို့လိုမယ်ဆိုတဲ့ အသိကို ပေးချင် တယ်။   စာပေတွေထဲမှာ   ကလေးတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။    နောက်ပြီးတော့ ဘဝမှာ စာဖတ်လို့ရလာတဲ့ အတွေ့အကြုံ တွေနဲ့ လျှောက်လှမ်းသွားရင်  သူတို့ဘဝ တွေဟာ   လှပနိုင်ပါတယ်။   ဒါကြောင့် ကလေးတွေစာဖတ်ကြဖို့ တိုက်တွန်းချင် ပါတယ်။ အတတ်ပညာဟာ အရေးကြီး ပါတယ်။     စာတတ်ရင်    တတ်သလို  တွင်ကျယ်တယ်၊  လူရာဝင်တယ်ဆိုတာ ကိုလည်း  သိစေချင်တယ်။  သိပ္ပံနဲ့နည်း ပညာပြခန်း၊ ရေကြောင်းအသိပညာပေး ပြခန်း၊    လေကြောင်းအသိပညာပေး ပြခန်း၊ လေယာဉ်ပျံသန်းမှု သရုပ်ပြကွင်း တွေ ပြထားတာရှိပါတယ်။ ဒီပြခန်းတွေကို ကြည့်ခြင်းအားဖြင့်   အတတ်ပညာဟာ ကိုယ်တတ်ရင်တတ်သလောက်    ကိုယ့် ဘဝအတွက်၊    နိုင်ငံ့အတွက်၊   ပြည်သူ အတွက်  အကျိုးပြုနိုင်တယ်ဆိုတဲ့အတွေး ကို    ကလေးတွေကို   ပေးချင်ပါတယ်။ အချိန်တွေ   အလကားမကုန်ဆုံးစေဘဲ လေ့လာပါ၊ သင်ယူပါ၊ မှတ်သားပါဆိုတဲ့ အတွေးအခေါ်ကိုလည်း ပေးချင်တယ်။

 


 လူ့ဘဝမှာ ကျန်းမာရေးက အဓိက ဖြစ်ပါတယ်။      ကျန်းမာရေးအတွက် အားကစားလုပ်ဖို့  လိုပါတယ်။ ကျန်းမာ သန်စွမ်းနေမှ      ကိုယ်လုပ်ချင်တာကို  လုပ်လို့ရမယ်။ အသက်ရှည်ရှည်နေရမယ်။ ဒါကြောင့်  ကျန်းမာဖို့လိုပါတယ်။  အခု ပွဲတော်မှာ နိုင်ငံကျော် အနုပညာရှင်တွေနဲ့ မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားက  အနု ပညာရှင်တွေလာပြီး     ဖျော်ဖြေကြတဲ့ အတွက်     ကိုဗစ်ကာလတစ်လျှောက် ငြီးငွေ့နေတဲ့စိတ်တွေကို  ပျော်စေချင်လို့ ဖျော်ဖြေရေးအစီအစဉ်ကို     ထည့်သွင်း စီစဉ် ဆောင်ရွက်ပေးတာပါ။ ပွဲတော်ကို လာရောက်ကြတဲ့သူတွေဟာ ပျော်လည်း ပျော်မယ်။    အသိပညာဗဟုသုတလည်း ရမယ်။ 

 


ဘဝအတွက်အရေးကြီးပြီး   သိသင့် သိထိုက်တာ၊ တန်ဖိုးရှိတာတွေကို သိရှိ နိုင်အောင်   ဒီပွဲကို   ကျင်းပရခြင်းဖြစ် ပါတယ်။ လာကြည့်ကြတဲ့ သူတော်တော် များများက  ပြခန်းတိုင်းကို   စိတ်ဝင်စား ကြတယ်။      ပညာရေးပြခန်းမှာလည်း စက်ပစ္စည်းကိရိယာတွေရှိတယ်။   သိပ္ပံ နှင့်   နည်းပညာပြခန်းကိုလည်း   အများ စိတ်ဝင်စားကြတယ်။     လေကြောင်း၊ ရေကြောင်းပြခန်းတွေကိုလည်း   စိတ် ဝင်စားကြတယ်။  ပြခန်းတွေအားလုံးကို စည်စည်ကားကားနဲ့ ဝိုင်းဝန်းပြီး ကြည့်ရှု ကြတာ    တွေ့ပါတယ်။    အလားတူပဲ ဖျော်ဖြေတဲ့နေရာမှာလည်း အားပေးကြ တာတွေ့ရပါတယ်။    စက်မှုနည်းပညာ ကျောင်းသားတွေနဲ့  ဆရာ  ဆရာမတွေ တီထွင်ထားတဲ့      စက်ပစ္စည်းကိရိယာ တွေကိုလည်း ပြသထားတယ်။ 

 


နည်းပညာတွေက    အချိန်နဲ့အမျှ ပြောင်းလဲနေတာကို       လာကြည့်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပြည်သူ လူထုတွေ    သိရှိစေချင်တယ်။   သို့သော် ပြောင်းလဲလာတဲ့     နည်းပညာတွေကို ဘဝမှာ     အကျိုးရှိအောင်    သုံးတတ်ဖို့ အတွက် အသိလေးကို ပေးဖို့လို ပါတယ်။ ဥပမာ   ကွန်ပျူတာ၊   ဖုန်းတွေကို   သုံးရင် သုံးတတ်သလို     အကျိုးရှိတယ်ဆိုတဲ့ အသိလေးတွေလည်း     ပေးချင်တယ်။ မကောင်းတာကိုပယ်ပြီး   ကောင်းတာကို  သုံးဖို့ လိုတယ်။

 


သိပ္ပံနှင့်နည်းပညာ ပြခန်းတွေမှာဆို တီထွင်ထားတာတွေ အများကြီးရှိတယ်။ ပြည်တွင်းမှာ ထုတ်လုပ်ပြီး နိုင်ငံခြားငွေ သက်သာတဲ့နည်းလမ်းနဲ့    လုပ်နိုင်တဲ့ တီထွင်မှုတွေလည်း     တွေ့ရပါတယ်။ ဒါတွေဟာ     အလွန်အင်မတန်    ကောင်း ပါတယ်။ ကလေးတွေကို အားကျစေချင် တယ်။ ငါတို့စာတတ်အောင် သင်ရမယ်။ ပညာတတ်အောင်သင်ရမယ်။ ဒီလိုတတ် မှသာ တီထွင်နိုင်မယ်။ ကောင်းကျိုးပြုနိုင် မယ်ဆိုတဲ့အတွေးကို   ရောက်စေချင်ပါ တယ်။ ဒါကြောင့် ပွဲကို လာရောက်လေ့လာ သင့်ပါတယ်။ လူငယ်နှင့်စာပေပွဲတော်လို့ နာမည်တပ်ထားတာက    လူငယ်တွေကို ဦးစားပေးချင်လို့ပါ။ တကယ်တော့ လူကြီး တွေလည်း    လာလို့ရပါတယ်။   ပြည်သူ လူထုအားလုံးလာစေချင်ပါတယ်။ ပွဲတော် ကို     ကိုယ့်သားသမီးတွေကို    ပြမယ်။ ပွဲတော်လာကြည့်ရင်းနဲ့ ကိုယ့်သားသမီး ကို အသိပညာတွေ သင်ပြညွှန်ကြားပေး နိုင်တာတွေ  ရှိပါတယ်။ ဒီမှာစာအုပ်တွေ လာဝယ်ကြတာ    ရှိပါတယ်။   တစ်နေ့ တစ်နေ့ကို အတော်ရောင်းရတယ်။ 

 


ကလေးစာအုပ်တွေ၊  ဂန္ထဝင်စာအုပ် တွေ၊ စာပေဗိမာန်က ရောင်းတဲ့ စာအုပ် တွေ၊  ပုဂ္ဂလိကဆိုင်တွေက လာရောင်းတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ လာရောက် ဝယ်ယူရင်းနဲ့  မိမိတို့ သားသမီးတွေကို အတွေ့အကြုံရှိအောင်ပြပါ။  သားသမီး တွေကို ကျောင်းစာတွေကိုပဲ မလုပ်စေဘဲ အပြင်ကိုထွက်ပြီး     လေ့လာသင်ယူ တတ်တဲ့      အလေ့အကျင့်မျိုးရအောင် လာရောက်ကြည့်ရှုသင့်ပါတယ်။    ဒီပွဲ မှာ   အများကြီးပညာတွေ   ရပါတယ်လို့ ပြောလိုပါတယ်။

 


ဦးဝင်းခိုင် (ကျောင်းအုပ်ကြီး အမှတ် (၆) 
အခြေခံပညာအထက်တန်းကျောင်း) 


လူငယ်နှင့်  စာပေပွဲတော်    ဖြစ်တဲ့ အတွက်    ကျွန်တော်တို့    ကျောင်းက  ကျောင်းသား  ကျောင်းသူတွေ  ၁၀၀၀ ကျော် လာရောက်လေ့လာနေပါတယ်။ ကျောင်းသား    ကျောင်းသူတွေအနေနဲ့ ကိုဗစ်လှိုင်းတွေကြောင့်    ကျောင်းတွေ နားထားရတဲ့အတွက် အခုလိုပွဲတော်ကြီး ကျင်းပပေးတဲ့အခါ လာရောက်လေ့လာပြီး ပျော်ရွှင်နေကြတာကို    တွေ့ရပါတယ်။ ကလေးအများစုက  ဖုန်းနဲ့ ဂိမ်းဆော့ပြီး အချိန်ကုန်နေကြတာ များပါတယ်။ ဒီနေ့ ခေတ်မှာ      ကျောင်းသားလူငယ်တွေ အားလုံးစာဖတ်ဖို့       ပိုမိုလိုလာပါပြီ။ သမိုင်းဝင်စာအုပ်စာပေတွေ၊ လေ့လာစရာ ပြခန်းတွေကအစ     ပြခန်းအားလုံးကို လေ့လာကြည့်ရှုရင်းနဲ့  အသိပညာဗဟု သုတတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်။ ကျောင်းသားလူငယ်တွေ      ပြခန်းတွေ ကို    ကြည့်ခြင်းအားဖြင့်    ရရှိလာမည့်  အသိပညာဗဟုသုတတွေကနေတစ်ဆင့် ကျောင်းအတွက်၊   နိုင်ငံ့အတွက်အကျိုး ပြုစေမယ့် သားကောင်းရတနာများပေါ်ထွန်းလာဖို့   အခုလိုပွဲတော်ကြီးတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်။ 

 


မအင်ကြင်းဖူး   (ပြပွဲသို့  လာရောက် 
လေ့လာသည့် ကျောင်းသူ)


ကျွန်မတို့အနေနဲ့   ဒီပွဲတော်ကြီးမှာ ရှိတဲ့  ပြခန်းတွေကတစ်ဆင့် အသိပညာ ဗဟုသုတွေ   ရရှိစေနိုင်သလို   နည်းပညာ နဲ့    ပတ်သက်တဲ့     ပြခန်းတွေကလည်း အတတ်ပညာကို       ဘယ်လိုလေ့လာ အားထုတ်ရတယ်ဆိုတာကို   မျက်မြင် ကိုယ်တွေ့      သိရှိရပါတယ်။     သိပ္ပံနဲ့ နည်းပညာပြခန်းမှာဆိုရင်  ကျောင်းမှာ သင်နေရတဲ့ သင်ခန်းစာတွေနဲ့ ပတ်သက် တဲ့ပစ္စည်းတွေကို    အပြင်မှာ   မျက်မြင် တွေ့ရတဲ့အခါ ပိုပြီးစိတ်ဝင်စားဖို့ ကောင်း ပါတယ်။    အခုလိုမြင်ရတော့   စာတွေ့ နဲ့   လက်တွေ့    ဘယ်လိုကွာခြားတယ်၊ ဘယ်လိုအချက်တွေကို  ကိုယ်ကထပ်ပြီး ဖြည့်ဆည်းရမယ်ဆိုတာ သိရှိသွားတယ်။ ဒီလိုသိမှ  ကျွန်မတို့  ရည်မှန်းချက်တွေ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မက  ဒီပွဲတော်ကို  ပထမဆုံးအကြိမ် လာရောက် လေ့လာတာပါ။  ပွဲတော်ကို   လာရောက် တဲ့အခါမှာ      နေပြည်တော်အတွင်းမှာ ရှိတဲ့  ကျောင်းပေါင်းစုံက  ကျောင်းသား ကျောင်းသူတွေအားလုံး တစ်စုတစ်စည်း တည်းတွေ့ရတော့ ပိုပြီးပျော်စရာကောင်း ပါတယ်။  ကျွန်မတို့  အနာဂတ်အတွက်  ကြီးပွားတိုးတက်စေပြီး အသိပညာဗဟုသုတတွေများစွာရရှိနိုင်တဲ့   ဒီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း     ကျင်းပပေးစေချင်ပါ တယ်။    လူငယ်နှင့်စာပေပွဲတော်ကြီးကို အခုလို   ပါဝင်ဆင်နွှဲခွင့်ရအောင်   စီစဉ် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

 


ဒေါက်တာသန်းထိုက်စိုး 
(ပညာရေးဝန်ကြီးဌာန ပြခန်းတာဝန်ခံ)


ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ရွှေ့နိုင်ပြောင်းနိုင်ဆိုတဲ့ ပြတိုက်နဲ့  လိပ်ပြာပြခန်းကို အဓိကထား ပြသသွား မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ     အပူပိုင်းမုတ်သုံရာသီဥတု ရှိပါတယ်။ နေရောင်ခြည်ကြွယ်ဝပါတယ်။ လိပ်ပြာတွေဟာ        နေရောင်ခြည်ကို ကြိုက်နှစ်သက်တဲ့ အင်းဆက်တွေဖြစ်ပါ တယ်။    လိပ်ပြာတွေ    များများရှိတဲ့ ပတ်ဝန်းကျင်ဟာ     သန့်ရှင်းပါတယ်။  လိပ်ပြာဆိုတာ   ပတ်ဝန်းကျင်ရဲ့     ဂုဏ် သိက္ခာ၊ ပတ်ဝန်းကျင် စံပေတံ၊ ပတ်ဝန်း ကျင် သန့်ရှင်းစင်ကြယ်မှုတွေလို့ ပြောလို့ ရပါတယ်။   ပွင့်ခြားဝတ်မှုန်တွေ  ကူးတဲ့ အခါမှာ    လိပ်ပြာတွေဟာ    မရှိမဖြစ်  အရေးကြီးပါတယ်။ 

 


ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်မှာ  လိပ်ပြာပြတိုက်ရှိပါတယ်။  အခြားနိုင်ငံ တွေမှာ  လိပ်ပြာဥယျာဉ်တွေ  ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့      ခုထိတော့ မရှိသေးဘူး။  ဒါကိုလုပ်နိုင်ရင်တော့  Eco Tourism      ခရီးသွားလုပ်ငန်းတွေမှာ  ဆွဲဆောင်မှုရှိလာမယ်၊ အမှတ်တရပစ္စည်း တွေ   ရောင်းချလို့    ရလာမယ့်အတွက် လိပ်ပြာဥယျာဉ်       ကျွန်တော်နိုင်ငံမှာ ပေါ်ထွန်းလာဖို့အတွက် ဒီလိုလာရောက် ပြသပေးခြင်းဖြစ်ပါတယ်။ လိပ်ပြာတွေကို လေ့လာခြင်းအားဖြင့်     ကလေးတွေဟာ သဘာဝပတ်ဝန်းကျင်ကို  ချစ်မြတ်နိုးလာ မယ်ဆိုတဲ့   ရည်ရွယ်ချက်လည်း  ပါဝင် ပါတယ်။ နေပြည်တော်နဲ့ အနီးတစ်ဝိုက် မှာရှိတဲ့  ကျောင်းသား  ကျောင်းသူတွေ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ နဲ့   မြန်မာပြည်အရပ်ရပ်က  လူငယ်တွေ အနေနဲ့ လူငယ်နှင့်စာပေပွဲတော်ကို  လာရောက်မယ်ဆိုရင် အသိပညာအတတ် ပညာတွေ အများကြီးရမှာ ဖြစ်ပါတယ်။

 


မောင်ထက်လျှံရဲရင့်            (ပွဲတော်သို့
လာရောက်လေ့လာသည့် ကျောင်းသား)


ဒီပွဲတော်ကို     ဖေဖေနဲ့  မေမေက လိုက်ပို့တာပါ။ ပွဲတော်မှာ လေယာဉ်တွေ နဲ့  သင်္ဘောတွေကို  ဂိမ်းကစားရသလို ကိုယ်တိုင်မောင်းရတဲ့အတွက် သားပျော် ပါတယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းတွေကို ကစားခွင့်ရတဲ့အပြင် ပြခန်းက မမတွေကလည်း လက်ဆောင် တွေ ပေးပါတယ်။ မေမေက သားကြိုက် တဲ့ ပုံပြင်စာအုပ်တွေ အများကြီးဝယ်ပေး တဲ့အပြင်     ဖေဖေက   ပြခန်းတွေနဲ့ ပတ်သက်ပြီး    သားသိချင်တာတွေကို လိုက်ရှင်းပြပေးပါတယ်။

 

  လေယာဉ်ပျံ သရုပ်ပြကွင်းမှာလည်း လေယာဉ်တွေကို မောင်းနှင်ပြသပေးတာကို ကြည့်ရတော့ သားကြီးလာရင် လေယာဉ်မောင်းတဲ့သူ ဖြစ်ချင်ပါတယ်။ လေယာဉ်မောင်းနည်းပြ ပေးတဲ့ ဦးဦးက တကယ့်လေယာဉ်အစစ် လည်း ဒီအတိုင်းပဲ မောင်းရတာလို့ ပြောပါ တယ်။ အိမ်မှာ ကျောင်းပိတ်ရက်ဆို အဖေ ဝယ်ပေးထားတဲ့ လေယာဉ်တွေနဲ့ ကစား ပါတယ်။   ဒီပွဲကို လာရလို့   သားအလွန် ပျော်ပါတယ်။
 

တွေ့ဆုံမေးမြန်း- မျိုးဆက်သစ်
 ဓာတ်ပုံ - ကိုကိုအေး