လူငယ်များဗလငါးတန်ပြည့်ဝဖို့ လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်စို့

Type
1

 

မောင်လူအေး(ရေစကြို)

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်ဆန်းသစ်သည့်အတွေးအခေါ်ရှိသော၊ နုပျိုတက်ကြွ ၍ အားမာန်အပြည့်ရှိသော၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ မရှိမဖြစ်လိုအပ်ပါသည်။ လူငယ် များသည်  နောင်တစ်ချိန်တွင်  နိုင်ငံ့တာဝန်များကို လွှဲပြောင်း  တာဝန်ယူကြရမည်ဖြစ်ပြီး အနာဂတ်ကမ္ဘာ ကို ပုံဖော်ရေးဆွဲကြမည့်  လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပါသည်။

လူငယ်တို့၏ ဂုဏ်အင်္ဂါရပ်များ
လူငယ်တို့၏ တန်ဖိုးမဖြတ်နိုင်သော ဂုဏ်အင်္ဂါ ရပ်များမှာ လျင်မြန်ခြင်း၊ ခွန်အားရှိခြင်း၊ ရဲရင့်ခြင်း၊ ဖန်တီးနိုင်ခြင်း၊ စွမ်းဆောင်နိုင်ခြင်း၊ ရိုးဖြောင့်ခြင်း၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားခြင်းနှင့် အများ အကျိုးကိုဆောင်ရွက်လိုစိတ်ရှိခြင်းများဖြစ်သည်။ သို့ဖြစ်ရာ တာဝန်ရှိသူ လူကြီးများအနေဖြင့် လူငယ် များ၏ စွမ်းဆောင်နိုင်မှုအပေါ် အသိအမှတ်ပြု၍ သဘောထားကြီးစွာ လက်တွဲခေါ်ဆောင်နိုင်ရမည် ဖြစ်သည်။      ပြုစုပျိုးထောင်ပေးရမည်   ဖြစ်သည်။ လမ်းညွှန်ပြသပေးရန်  တာဝန်ရှိပါသည်။   လူငယ် များ၏      နှလုံးသားတွင်      ကိန်းအောင်းနေသော တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံနှင့် လူမျိုးအပေါ် ချစ် မြတ်နိုးသောစိတ်၊      နိုင်ငံ့သားကောင်းစိတ်ဓာတ် များကို    အားပေးအားမြှောက်ပြုရမည်ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ လူမှုရေးဦးတည်ချက်(၃)ရပ်အနက် တစ်ရပ်တွင် “နိုင်ငံ၏        ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင် နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ် စေရန် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ဟု  ချမှတ်ထားရှိကာ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက်       အလေးထားဆောင်ရွက်လျက်ရှိပါ သည်။
၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ  မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၃၃  ရာခိုင်နှုန်းကျော် (လူဦးရေ ၁၆ ဒသမ ၈သန်း)သည်  အသက် ၁၅ နှစ်မှ  ၃၄ နှစ်အထိ လူငယ်များ ဖြစ်ကြောင်း သိရှိရပါသည်။ အာဆီယံဒေသအတွင်း တွင်လည်း လူဦးရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါး သည်  အသက် ၁၅ နှစ် မှ ၃၅ နှစ်အတွင်းရှိ လူငယ် များဖြစ်ကြပြီး     အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်းနိုင်ငံတွင် လူငယ်ဦးရေ ၁၉ ရာခိုင်နှုန်း၊ တရုတ် နိုင်ငံတွင်  ၂၄  ရာခိုင်နှုန်းနှင့်  ဗီယက်နမ်နိုင်ငံတွင် ၃၃    ရာခိုင်နှုန်းရှိကြောင်း    သိရှိရပါသည်။   မိမိတို့ မြန်မာနိုင်ငံသည်လည်း အခြားဒေသတွင်းနိုင်ငံများ နည်းတူ တန်ဖိုးမဖြတ်နိုင်သော၊ အလားအလာကောင်း များနှင့်ပြည့်ဝနေသော  လူ့စွမ်းအားအရင်းအမြစ် များကို ပိုင်ဆိုင်ထားခြင်းဖြစ်ရာ  နိုင်ငံတော် တည် ဆောက်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ၎င်းလူငယ်လူရွယ်များ၏ အပြည့်အဝပူးပေါင်း ပါဝင်မှုဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ဖန်တီးပုံဖော်နိုင်မည်ဖြစ်ပါ သည်။ 
မြန်မာ့သမိုင်းမှ လူငယ်များ
ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ စာပေအနုပညာ၊ ယဉ်ကျေးမှု စသည့် နယ်ပယ် အသီးသီးတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည့် လူငယ်များ မြန်မာ့သမိုင်းတွင်          အမြောက်အမြားရှိခဲ့သည်။ အင်းဝခေတ်တွင်  မြန်မာစာပေ တစ်ခေတ်ဆန်းသစ် ကာ   စာပေလမ်းသစ်ဖောက်ခဲ့သည့်   ရှင်မဟာရဋ္ဌ သာရသည်   အသက်  ၁၆  နှစ်အရွယ်တွင်  ငါးရာ့ ငါးဆယ် နိပါတ်တော်လာ ဘူရိဒတ်ဇာတ်တော်ကြီး ကို ဘူရိဒတ်လင်္ကာကြီးဟူသော အမည်ဖြင့် ပိုဒ်ရေ ၄၄၅  ပိုဒ်   ပါရှိသည့်   ပျို့လင်္ကာကြီးတစ်စောင်ကို သီကုံးဖွဲ့ဆိုနိုင်ခဲ့သည်။ 
မြန်မာစာပေလောကတွင်       အဆင့်အတန်း မြင့်မားသော စာပေအဖွဲ့ဖြစ်သည့် ပျို့လင်္ကာ ကဗျာ အဖွဲ့ကို  ရေးဖွဲ့ကာ  စာပေလမ်းသစ်ဖောက်ခဲ့သည့် ရှင်မဟာရဋ္ဌသာရသည်  ထိုစဉ်က  လူငယ်အရွယ် ရဟန်းပျိုတစ်ပါးဖြစ်သည်။ စာဆိုတော် ရှင်မဟာရဋ္ဌ သာရ    (၅၅၅)နှစ်မြောက်မွေးနေ့   အထိမ်းအမှတ် အခမ်းအနားကို မကြာသေးမီက နေပြည်တော်တွင် နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ် ကာ ဂုဏ်ပြုခဲ့ကြပါသည်။ 
 တောင်ငူခေတ်တွင် ထင်ရှားခဲ့သော ရတုဘုရင် နတ်ရှင်နောင်၊ ကုန်းဘောင်ခေတ်တွင် ထင်ရှားသည့် စာဆို   စိန္တကျော်သူဦးဩ၊   လှိုင်ထိပ်ခေါင်တင်တို့ သည် လူငယ်လူရွယ်များဖြစ်ကြပါသည်။ အလားတူ ကိုလိုနီခေတ်တွင်    ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော စာဆိုများဖြစ်သည့် သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့သည် လူငယ်များ ဖြစ်သည်။ မြန်မာအမျိုးသားထဲမှရန်ကုန်တက္ကသိုလ် တွင် ပါမောက္ခရာထူး ပထမဆုံးရရှိသည့် ဆရာကြီး ဦးဖေမောင်တင်မှာ ထိုစဉ်က အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး အတွက် ဦးဆောင် ကြိုးပမ်းခဲ့သည့် သခင်ဘသောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်အောင်ကျော်၊ သခင် ဘဟိန်း၊ သိန်းဖေမြင့်နှင့် ရဲဘော်သုံးကျိပ်ဝင်များမှာ လူငယ်များသာဖြစ်ကြပါသည်။ ကိုလိုနီခေတ်မှသည် မျက်မှောက်ခေတ်အထိ     တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့်    နိုင်ငံနှင့်လူမျိုးအကျိုးကို အစဉ်တစိုက် သယ်ပိုးဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ် များတွင် လူငယ်များ အများအပြား ပါဝင်နေသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။ 
မြန်မာလူငယ်များသည်    သမိုင်းတစ်လျှောက် နိုင်ငံနှင့်လူမျိုး၏     အကျိုးစီးပွားအတွက်    ၎င်းတို့ အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်  တာဝန် ကျေပွန်ခဲ့ကြသည်။  နိုင်ငံနှင့် လူမျိုးအကျိုးကို သယ်ပိုး ဆောင်ရွက်လိုသော  စိတ်ဓာတ်သည်   အဆင့်မြင့် သော၊   နိုင်ငံကြီးသားပီသသော၊   မွန်မြတ်သော၊ ကိုယ်ကျင့်တရားကောင်းမွန်သောစိတ်ဓာတ် ဖြစ်ပါ သည်။ ဆရာဇော်ဂျီ၏ “အိုတက်လူတို့” ကဗျာတွင် “ယနေ့လူငယ် နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး သားထူးသားမြတ်၊ ဖြစ်အပ်ရာသည် ရှေ့သို့ရည်၍” ဟု   ရေးဖွဲ့ထားသကဲ့သို့     ယနေ့   လုပ်ငန်းနယ်ပယ် အသီးသီးတွင်       တာဝန်ထမ်းဆောင်နေကြသည့် လူငယ်များအနေဖြင့်  နောင်တစ်ချိန်တွင်  ကြီးမား သော နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင် ကြသည့်အခါ     ထူးချွန်ထက်မြက်သော     လူကြီး လူကောင်းများဖြစ်အောင် ယခုကတည်းက အားထုတ် ရမည်ဖြစ်သည်။ 
လူကြီးတိုင်း   လူငယ်ဘဝကို  ဖြတ်သန်းခဲ့ရမြဲ ဖြစ်ရာ  ယနေ့နယ်ပယ်အသီးသီးတွင်  အောင်မြင် ကျော်ကြားနေသော လူကြီးများသည် လူငယ်ဘဝ က ကြိုးစားအားထုတ်ခဲ့ကြသူများ ဖြစ်ကြသည်။ သို့ဖြစ်ရာ လူငယ်ဘဝမှ လူကြီးဘဝသို့ လျှောက်လှမ်း ရသည့်    အချိန်ကာလအတွင်း     အပတ်တကုတ် ကြိုးစားအားထုတ်မှုပြုမှသာ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် အများက လေးစားအားထားရသည့် အရည်အသွေးပြည့်ဝသော၊  အောင်မြင်မှုရရှိသော လူကြီးလူကောင်းများ ဖြစ်လာကြပေမည်။ 
အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင်
အနာဂတ်နိုင်ငံတော်ကို      လူငယ်များကသာ ဦးဆောင်ရမည်ဖြစ်သည်။ လူငယ်များသည် လူကြီး များထက်ပို၍ လွတ်လပ်စွာတွေးခေါ်နိုင်စွမ်း ရှိကြ ပါသည်။ တိုင်းပြည်အနာဂတ်ကို တည်ဆောက်ရာ တွင်  လုပ်ရည်ကိုင်ရည်ရှိသော၊  လုပ်ကိုင်နိုင်စွမ်းရှိ သော၊ တွေးခေါ်နိုင်စွမ်းရှိသော မျိုးဆက်သစ်လူငယ် များဖြင့်သာ      ဖန်တီးပုံဖော်နိုင်မည်ဖြစ်သည်။ သို့သော် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ် နိုင်ငံတော်ကြီးကို   နေ့ချင်းညချင်း   တည်ဆောက် ယူ၍ မရနိုင်ပါ။  အနာဂတ်နိုင်ငံတော် တည်ဆောက် ရာတွင် ဦးဆောင်နိုင်မည့် အသိပညာရှင်၊ အတတ် ပညာရှင် လူငယ်များ မွေးထုတ်ပေးရမည်ဖြစ်သည်။ ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။       လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်    မျက်မှောက် ကာလတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ 
လူငယ်များတွင် တိုးတက်သည့်အမြင်၊ ပြုပြင် ပြောင်းလဲချင်သည့်အမြင်များ ရှိကြသည်ကို လူကြီး များက   သဘောပေါက်နားလည်ရမည်ဖြစ်သည်။ သဘောထားကြီးစွာဖြင့် လက်တွဲခေါ်ဆောင်နိုင်ရ မည်ဖြစ်သည်။      နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် မျိုးဆက်သစ်လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို လျစ်လျူရှု ချန်လှပ် ထားခြင်းမရှိဘဲ အပြည့်အဝ ပူးပေါင်းပါဝင်နိုင်ရေး အဘက်ဘက်မှ မြေတောင်မြှောက် ပြုစုပျိုးထောင်ပေး ရမည်ဖြစ်သည်။ နိုင်ငံတော်အတွက် စိတ်ကောင်း စေတနာကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးလို သည့်     လူငယ်များကို      စနစ်တကျစုစည်းကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ယုံကြည်စွာ တာဝန်ပေးအပ်ရမည်ဖြစ်သည်။ မွန်မြတ် ကောင်းမွန်သောစိတ်ထားရှိသည့်     လူငယ်ထု အင်အားများပြားလာခြင်းဖြင့် တိုင်းပြည်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုမည်ဖြစ်သည်။ လူငယ်များအနေဖြင့်လည်း စိတ်ကောင်းစေတနာကောင်းဖြင့် နိုင်ငံနှင့် လူမျိုး အကျိုးကို အစဉ်တစိုက် သယ်ပိုးဆောင်ရွက်ခြင်းဖြင့် လူငယ်တို့၏ ယဉ်ကျေးသော၊ အဆင့်မြင့်သော စိတ် ဓာတ်ကို လက်ဆင့်ကမ်း ထိန်းသိမ်းရမည်ဖြစ်သည်။ 
စာသင်ကျောင်းများမှ စတင်ရမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) အခန်း(၁) နိုင်ငံတော်အခြေခံ မူများ၊ ပုဒ်မ (၃၃)တွင် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေး အခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်ရမည်”ဟု  ဖော်ပြပါရှိပါ သည်။ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်   ဗလငါးတန်    ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ပါသည်။ 
 အသက် သုံးနှစ်မှ ငါးနှစ်အထိ မူကြိုအရွယ်တွင် ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်ငါးရပ်ဖြစ်သည့် ကာယ၊ ဉာဏ၊   စာရိတ္တ၊  ပေါင်းသင်းဆက်ဆံရေးနှင့် စိတ် လှုပ်ရှားခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အပြည့် အဝရရှိအောင်        မူလတန်းကြိုကျောင်းများက လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဗလငါးတန် ဖွံ့ဖြိုး တိုးတက်မှုအတွက်     မျိုးစေ့ချပေးနိုင်မည်ဖြစ်ပါ သည်။ ဆက်လက်၍ အခြေခံပညာကျောင်းများတွင် ကျောင်းသင်ခန်းစာများမှတစ်ဆင့် လေ့ကျင့်သင်ကြား ပေးခြင်း၊ လူငယ်အချင်းချင်း  ပညာပေးခြင်း၊  လူမှု ကွန်ရက်နှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် အသိ ပညာပေးခြင်းနှင့် အနုပညာရှင်၊ ထင်ပေါ်ကျော်ကြား သူ(Social Influencer)များအား ဖိတ်ခေါ်၍ ပညာ ပေးစေခြင်း    စသည့်   နည်းလမ်းပေါင်းများစွာဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည်ဖြစ် သည်။  
အနာဂတ်နယ်ပယ်အသီးသီးတွင်    ဦးဆောင် ဦးရွက်ပြုမည့် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားစေရန်၊ စွမ်းဆောင်ရည် ပြည့်ဝလာ စေရန်၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူ များ ဖြစ်လာစေရန်၊   အသင်းအဖွဲ့ဖြင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်    စာသင်ကျောင်းများမှာ ကတည်းက  အခြေခံကျကျ  လေ့ကျင့်ပျိုးထောင် ပေးနိုင်ရမည်ဖြစ်သည်။
ကျောင်းသားလူငယ်အရွယ်မှ စတင်၍ ကျန်းမာ ကြံ့ခိုင်ရေးအတွက်      ပညာသင်ယူခြင်းနှင့်အတူ အခြေခံအားကစားနည်းတစ်မျိုးမျိုးကို    လေ့လာ လိုက်စားစေခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည် ထက်မြက်သောလူငယ်များကို  မွေးထုတ်ပေးနိုင် မည်ဖြစ်ရာ  အခြေခံပညာကျောင်းများမှ  စတင်၍ ပညာရေး၊  အားကစားနှင့်  ကာယပညာ  ပေါင်းစပ် သင်ကြားမှုကို    ပြန်လည်မျိုးစေ့ချပေးရမည်ဖြစ် ပါသည်။

ကာယပညာသင်ချိန်များတွင်    ကာယလေ့ကျင့်ခန်း များ လေ့ကျင့်ခြင်းကို ပြန်လည်အသက်သွင်းရမည် ဖြစ်သည်။   စိတ်ဓာတ်အရည်အသွေး ဖွံ့ဖြိုးတိုးတက် အောင် ပျိုးထောင်ပေးသော ပန်းချီ၊ ဂီတ၊ ကာယ ပညာတို့ကို  အခြေခံပညာကျောင်းများတွင် ပြန်လည် သင်ကြားပေးရမည်ဖြစ်သည်။ 
နှလုံးသားအာဟာရ ဖွံ့ဖြိုးစေရေး
ဦးနှောက်အာဟာရ         ဖွံ့ဖြိုးတိုးတက်စေရေး အတွက် သုတပညာရပ်များကို လေ့ကျင့် သင်ကြား ပေးရုံသာမက    စိတ်(နှလုံးသား)အာဟာရ    ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပြည်သူ့နီတိနှင့် စာရိတ္တ ဘာသာရပ်များကိုလည်း       ဟန်ချက်ညီအောင် သင်ကြားပေးရမည်ဖြစ်သည်။   နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှု အဆင့်အတန်းသည် လူငယ် များ၏ အကျင့်စာရိတ္တနှင့် စိတ်ပိုင်းဆိုင်ရာအမြင် များဖြင့် ကိုယ်စားပြုဖော်ပြခြင်းဖြစ်ရာ မျိုးဆက်သစ် လူငယ်များ အကျင့်စာရိတ္တမြင့်မားရေး၊ ကောင်းမွန် သည့် လူမှုကျင့်ဝတ်များကို ထိန်းသိမ်းမြှင့်တင်ရေး အလေးထား     ဆောင်ရွက်သွားရမည်ဖြစ်သည်။ ရပိုင်ခွင့် အခွင့်အရေးနှင့် ဆောင်ရွက်ရမည့် တာဝန် များကို ကွဲပြားအောင် ငယ်စဉ်ကတည်းက လေ့ကျင့် ပေးရမည်ဖြစ်သည်။ မိမိကျောင်း၊ မိမိအဖွဲ့အစည်း၊ မိမိရပ်ရွာ   ကောင်းရာကောင်းကျိုး   ဆောင်ရွက်လို သည့်စိတ်များကို     ကျောင်းသားလူငယ်များ၏ နှလုံးသားတွင် ရင်းနှီးမြှုပ်နှံပေးရပါမည်။
“စိတ်ဓာတ်၊    စည်းကမ်း၊   ပညာ”   ဟူသော ဆောင်ပုဒ်နှင့်အညီ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန် မှသာလျှင် လူကောင်းတစ်ဦးဟု သတ်မှတ်နိုင်မည် ဖြစ်ပြီး ပညာထူးချွန်၍ စွမ်းဆောင်ရည်ပြည့်ဝမှသာ လူတော်ဟု   သတ်မှတ်နိုင်မည်ဖြစ်ရာ  ကိုယ့်ကျင့် တရား၊ စာရိတ္တ ကောင်းမွန်ပြီး ပညာထူးချွန်သော လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ရ  မည်ဖြစ်သည်။ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ် ကို    စနစ်တကျ     သင်ကြားပို့ချပေးခြင်းအားဖြင့် ကိုယ်ကျင့်တရားကောင်းမွန်လာစေခြင်း၊ ယဉ်ကျေး သိမ်မွေ့၍    နိုင်ငံကြီးသားပီသခြင်း၊   လူ့ကျင့်ဝတ် လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်လာခြင်း၊    မျိုးချစ်စိတ်ဓာတ်    ရှင်သန် ထက်မြက်လာစေခြင်း၊ အများအကျိုးဆောင်ရွက် လိုသည့် ပရဟိတစိတ်များ ဖွံ့ဖြိုးလာခြင်း၊ တာဝန် ယူမှု တာဝန်ခံမှုရှိခြင်းစသည့် အခြေခံအလေ့အကျင့် ကောင်းများ ရရှိစေပြီး လူငယ်ဘဝ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည် ဖြစ်သည်။ 
အခြေခံပညာအဆင့်တွင် Creative Thinking အားကောင်းလာစေရန်၊ တက္ကသိုလ် ဘွဲ့ကြိုတန်း တွင် Critical Thinking အားကောင်းလာစေရန်နှင့် ဘွဲ့လွန်တန်းတွင် Strategic Thinking အားကောင်း လာစေရန်       လေ့ကျင့်သင်ကြားပေးသင့်ကြောင်း နိုင်ငံကျော်  စာရေးဆရာကြီးတစ်ဦး၏   ဟောပြော ပို့ချမှုကို နားထောင်မှတ်သားဖူးသည်ဖြစ်ရာ လက် တွေ့   အကောင်အထည်ဖော်နိုင်ပါက   နိုင်ငံတော် အတွက် များစွာအကျိုးရှိစေမည်ဖြစ်သည်။
လူငယ်တို့၏သဘောသဘာဝ
လူငယ်တို့၏သဘောသဘာဝမှာ သက်ရွယ်တူ အပေါင်းအသင်းများကို အလေးထားသည်ဖြစ်ရာ ဝါသနာတူလူငယ်များ စုဝေးပြီး အဖွဲ့လိုက် လှုပ်ရှား ဆောင်ရွက်မှုများကို ငယ်စဉ်ကတည်းက လေ့ကျင့် ပေးရပါမည်။ တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်သည်ထက်    အဖွဲ့အစည်းစိတ်ဓာတ်၊ အဖွဲ့အစည်းဖြင့်      လှုပ်ရှားဆောင်ရွက်မှုများကို အားပေးရမည်ဖြစ်သည်။      ကျောင်းသားအရွယ် ကတည်းက        ပူးပေါင်းဆောင်ရွက်တတ်ရန်၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် သဟဇာတ ဖြစ်အောင် နေထိုင်တတ်ရန်၊ အခက်အခဲ စိန်ခေါ်မှု ပြဿနာများကို        ပူးပေါင်းဖြေရှင်းတတ်စေရန်၊ စေတနာ့ဝန်ထမ်းနှင့်   လူမှုရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်တတ်စေရန် လေ့ကျင့်ပျိုးထောင် ပေးရမည်ဖြစ်သည်။ 
လူရည်ချွန်လူငယ်၊ ကင်းထောက်လူငယ်၊ ရေ ကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကြက်ခြေနီ လူငယ်စသည့် လူငယ်အဖွဲ့အစည်းများ၏ လှုပ်ရှား ဆောင်ရွက်မှုများ      ပိုမိုအားကောင်းလာစေရေး ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။ လူငယ်များ၏ စေတနာ့ဝန်ထမ်းနှင့်   ပရဟိတစိတ်ဓာတ်   ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးမြှင့်တင်သွားရမည် ဖြစ်သည်။  ဝါသနာတူလူငယ်များ စုဖွဲ့ထားသည့် ဘာသာရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အား ကစားနှင့်  ပရဟိတအဖွဲ့အစည်းများ  မြန်မာနိုင်ငံ တစ်နံတစ်လျား အားကောင်းလာစေရေး ချီးမြှင့် အားပေးရမည်ဖြစ်သည်။ 
အသင်းအဖွဲ့ဖြင့် ဆောင်ရွက်တတ်စေရန်
အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များ  အချင်းချင်းကြား အပြန်အလှန် လေ့လာရေးအစီအစဉ်များ၊ လူမှုရေးလုပ်ငန်းများ၊ ကျပန်းစကားပြောပွဲများ၊   စကားရည်လုပွဲများ၊ အားကစားပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ၊ Talk Show များ၊ ဆိုကရေးတီးပြိုင်ပွဲများ၊ စာပေအနုပညာ ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်း ဖြင့်     လူငယ်များအချင်းချင်းကြား     ပူးပေါင်း ဆောင်ရွက်လိုသည့်စိတ်ဓာတ်၊    မျှဝေတာဝန်ယူ သည့်စိတ်ဓာတ်၊  မတူကွဲပြားမှုများအား နားလည် လက်ခံပြီး   တန်းတူညီမျှမှုကို   တန်ဖိုးထားသည့် စိတ်ဓာတ်၊ မိတ်ဆွေအပေါင်းအသင်းကို လေးစား တန်ဖိုးထားသည့်စိတ်ဓာတ် စသည့် အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့်    အလေ့အကျင့် ကောင်းများကို ရရှိစေမည်ဖြစ်ပါသည်။ လူငယ်များ အား ရှေ့ဆောင်လမ်းပြပြုရမည့် ဆရာ ဆရာမများ ကလည်း အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်လို စိတ်များ၊  အဖွဲ့အစည်းဖြင့်ဆောင်ရွက်မှသာ ရေရှည် တည်တံ့သောအောင်မြင်မှု ရရှိနိုင်မည့် ခေါင်းဆောင် မှုနှင့်     စီမံခန့်ခွဲမှု     အခြေခံသဘောတရားများကို လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်းဖြင့် နိုင်ငံ့သား ကောင်း လူငယ်များဖြစ်အောင် မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်ထောင်စုအကြောင်း အရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသည် မှီခိုသူ လူဦးရေအချိုးအစား   နည်းပါးပြီး   အလုပ်လုပ်နိုင် သော လူဦးရေအချိုးအစား များပြားကာ လူသား အရင်းအမြစ်ပေါများသော အခြေအနေတစ်ရပ်ဖြစ် သည့် “လူဦးရေဆုလာဘ်”  သို့မဟုတ် “အခွင့်အရေး တံခါး” (Demographic Dividend/ Demographic Window of Opportunity) ပိုင်ဆိုင်ရရှိထားသည်ဟု လူဦးရေပညာရှင်များ၏  အဆိုအရ သိရှိရသည်။ ယင်းလူဦးရေဆုလာဘ်သည် ၂၀၄၀ ပြည့်နှစ်အထိ သာ ရရှိနိုင်မည်ဟုလည်း ဆိုထားပါသည်။  
 နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါအခွင့်အရေး ကို အပြည့်အဝ  အကျိုးရှိစွာအသုံးချ၍ နိုင်ငံဖွံ့ဖြိုး  တိုးတက်အောင်       ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင် စာရင်း  အစီရင်ခံစာအရ  အသက် ၁၅  နှစ်အထက် လူဦးရေ၏    လုပ်သားအင်အားပါဝင်နှုန်းမှာ   ၆၃ ရာခိုင်နှုန်း(လူဦးရေ ၂၂ ဒသမ ၉ သန်း)ရှိသည့်အနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့် ပညာတတ် မြောက်ကြောင်း  တွေ့ရှိရသည်။   အသက် ၂၅ နှစ် အထက် လူဦးရေ၏ ၁၃ ဒသမ ၃ ရာခိုင်နှုန်းခန့်သာ အထက်တန်းပညာအောင်မြင်ပြီး ၁၁ ဒသမ ၄ ရာခိုင် နှုန်းခန့်သာ တက္ကသိုလ်ဘွဲ့ရကြောင်း သိရပါသည်။ 
အနာဂတ်အတွက် လူငယ်လူရွယ်များ 
အရည်အသွေး ပြည့်ဝနေစေရန်
နိုင်ငံတော်၏အနာဂတ်အတွက် လူငယ်လူရွယ် များကို အရည်အသွေးပြည့်ဝနေစေရန် ပညာရေးနှင့် ကျွမ်းကျင်မှုအတတ်ပညာများကို လေ့လာနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အမျိုးသားအဆင့် စီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော် ခြင်းဖြင့် ကြိုတင်ပြင်ဆင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်လျက်ရှိပါသည်။      လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူပြုစေ မည့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံရရှိရေး အတွက် လက်ရှိနိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်မှုနည်းပညာ၊ စိုက်ပျိုး ရေး၊   မွေးမြူရေး   အထက်တန်းကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဖွင့်လှစ်ရမည် ဖြစ်သည်။ 
၂၀၁၉ ခုနှစ် ကြားဖြတ်  လူဦးရေသန်းခေါင်စာရင်း အရ  ပျမ်းမျှစာတတ်မြောက်မှုနှုန်း  ၈၉ ဒသမ ၁ ရာခိုင်နှုန်းသာရှိသည့်အတွက် နိုင်ငံသားအားလုံး စာတတ်မြောက်ရေး၊ ပညာရေးတန်းစဉ်ကူးပြောင်း မှုနည်းပါးခြင်း လျှော့ချရေး၊ ကျောင်းတက်သူဦးရေ တိုးတက်လာစေရေးနှင့် KG+9 ပညာရေးကို အမျိုး သားရေးတာဝန်အဖြစ် တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် အကောင်အထည်ဖော်နိုင်ရေး ဆောင် ရွက်သွားရမည်ဖြစ်သည်။
လူငယ်ရေးရာမူဝါဒ ရေးဆွဲပြဋ္ဌာန်းခဲ့
မြန်မာနိုင်ငံရှိလူငယ်များ  စနစ်တကျ  ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်    ရှေ့ဆောင်လမ်းပြ ပေးနိုင်ရန် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ယင်းမူဝါဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လူငယ် ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်(၂၀၂၀-၂၀၂၄)ကိုလည်း ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းထားရှိပြီးဖြစ်သည်။ 
 လူငယ်ရေးရာမူဝါဒပါ လူငယ်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အဓိကကဏ္ဍ (၁၆)ရပ်ဖြစ်သည့် ပညာ ရေးကဏ္ဍ၊  ကျန်းမာရေးကဏ္ဍ၊  မူးယစ်ဆေးဝါးနှင့် အခြား ဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍ၊ အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ၊ အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ၊   စီးပွားရေးကဏ္ဍ၊   နိုင်ငံရေး ကဏ္ဍ၊    စာပေအနုပညာနှင့်     ယဉ်ကျေးမှုကဏ္ဍ၊ သုတေသနကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပြည်သူ့ နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍ၊ သယံဇာတ နှင့်    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့်  ဘဝလုံခြုံရေးကဏ္ဍ၊    ကျား/မ ညီမျှမှုကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍများတွင် လူငယ်များ၏ ကိုယ်တိုင် ကိုယ်ကျပါဝင်မှုဖြင့် ထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ် ဝန်ကြီး ဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက မိမိတို့၏ နှစ်အလိုက် အရအသုံးခန့်မှန်းခြေ   ငွေစာရင်းတွင်  ဘတ်ဂျက် ထည့်သွင်းရေးဆွဲ၍       အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
လူငယ်များ    ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ဦးဆောင်ဝန်ကြီးဌာနများဖြစ်ကြ သည့်  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊  လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး    ဝန်ကြီးဌာနနှင့်    ပြန်ကြားရေး ဝန်ကြီးဌာနတို့က     ဦးဆောင်ကာ     ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာ ကော်မတီများနှင့်ပူးပေါင်း၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ဂီတဖျော်ဖြေပွဲများ၊      စာပေအနုပညာ    ပြပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း          အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်ကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါသည်။ 
ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မျိုးဆက် သစ်လူငယ်များ၏ နှလုံးသားတွင် မျိုးချစ်စိတ်၊ အမိ နိုင်ငံတော်ကို    ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ ရှင်သန်ထွန်းကားလာအောင်      ပျိုးထောင်ပေးခြင်း အားဖြင့်     အနာဂတ်တွင်     အသင့်ဖြစ်စေမည့် လူကောင်းလူတော်များကို မွေးထုတ်ပေးနိုင်မည်ဖြစ် သည်။ ဆက်လက်၍ လူငယ်များ အနုပညာ၊ ယဉ်ကျေး မှု၊ အားကစားလှုပ်ရှားမှုများ  အပါအဝင် လူငယ် ရေးရာကိစ္စရပ်များ လွတ်လပ်စွာဆောင်ရွက်နိုင်ပြီး အချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံ သင်ယူ နိုင်မည့် လူငယ်စင်တာ(Youth Centre)များနှင့် ၂၁ ရာစု ကျွမ်းကျင်မှုအတတ်ပညာများ(21st Century Skills)၊   စီမံခန့်ခွဲမှု   အတတ်ပညာရပ်များ(Soft Skills)နှင့်  လုပ်သားဈေးကွက်တွင်  လိုအပ်ချက် မြင့်မားသည့် ကျွမ်းကျင်မှုအတတ်ပညာ (Skills Training)များကို   စနစ်တကျ   လေ့ကျင့်သင်ကြား ပေးနိုင်မည့် Learning Hub များကို  ပြည်ထောင်စု နယ်မြေအပါအဝင်   တိုင်းဒေသကြီးနှင့်  ပြည်နယ် အားလုံးတွင်ဖွင့်လှစ်နိုင်ရေး အလေးထား ဆောင် ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
အမျိုးသားရေးတာဝန်တစ်ရပ်
လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းရပ်များသည်    ဝန်ကြီးဌာန/အဖွဲ့အစည်း တစ်ခုတည်းက ကြိုးစားဆောင်ရွက်၍ အောင်မြင်မှု ရရှိနိုင်မည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဆက်စပ်ဝန်ကြီး ဌာနများ၊      အဖွဲ့အစည်းများ၊     ကော်မတီများနှင့် တာဝန်ရှိသူအားလုံးက    အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ 
ဗလငါးတန်နှင့်ပြည့်စုံသော     မျိုးဆက်သစ် လူငယ်များ မွေးထုတ်ပေးနိုင်ရေး  လူငယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ         လုပ်ငန်းရပ်များသည် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့်   တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းရပ်များ၊ ဦးစားပေးကဏ္ဍများ၊ ဆောင်ရွက်ချက်များနှင့်   ဆက်စပ်လျက်ရှိသည့် (cross-cutting)ကဏ္ဍများ ဖြစ်သည့်အတွက် လူငယ် ရေးရာကော်မတီများက ဦးဆောင်ကာ ဆက်စပ် ဌာန/ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ကွန်ရက် များနှင့်     ပြည်သူလူထုတစ်ရပ်လုံးက   ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ    အပြည့်အဝ     ပူးပေါင်းပါဝင် အားဖြည့်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ လူမှုသဟဇာတဖြစ်သော အနာဂတ်နိုင်ငံတော်ကြီး ကို ဗလငါးတန်နှင့်ပြည့်ဝသည့် မျိုးဆက်သစ်လူငယ် များဖြင့် တည်ဆောက်နိုင်မည်ဖြစ်ပေသည်။    ။
 

ကိုးကား
(၁) ၂၀၁၄ခုနှစ် မြန်မာနိုင်ငံ၏ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း(၂၀၁၆)
(၂) လူငယ်ရေးရာမူဝါဒ (၂၀၁၇)
(၃) ၂၁ ရာစု ပြည်သူ့နီတိ၊ တင်ညွန့် (၂၀၁၈)
(၄) လူငယ်အကြောင်း ပညာအကြောင်း ဆရာအကြောင်း တစေ့တစောင်း၊ မောင်ခင်မင်(ဓနုဖြူ)၊ ၂၀၁၉
(၅) ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းအစီရင်ခံစာ (၂၀၂၀)
(၆) လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) (၂၀၂၀)
(၇) မြန်မာ့အလင်းသတင်းစာများ (၂၀၂၃)