
ကြို့ပင်ကောက် မတ် ၁၈
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက် မြို့ရှိ ဒေသခံလူငယ်များ အားကစား နှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်မီတာလေးရာ ပြည်သူ့ အားကစားကွင်း၌ စုပေါင်းလေ့ကျင့် မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တိုင်း၊ ခရိုင်၊ မြို့နယ် လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားနှင့် ကျန်းမာရေး၊ပညာရေး၊ စိတ်ဓာတ် ရေးရာများတွင် ထူးချွန်သောလူငယ် များ ပေါ်ထွက်လာစေရေး၊ အခြား မလိုလားအပ်သော လမ်းကြောင်းများ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရည်ရွယ် ပြီး စုပေါင်းလေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း ကျောင်းဖွင့်ရာသီတွင် မြို့နယ်အတွင်းမှ အသက် ၁၃ နှစ်နှင့် အသက် ၂၀ ကြား လူငယ် ၃၀ ကျော် လာရောက် လေ့ကျင့်လျက်ရှိကြောင်း၊ စာမေး ပွဲများဖြေဆိုနေချိန်တွင် ခေတ္တ အနားပေးထားပြီး နွေရာသီ ကျောင်း ပိတ်ရက်တွင် ဆက်လက်လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ယခင်နှစ်က နွေရာသီကျောင်းပိတ်ရက် တွင် လူငယ် ၆၀ ကျော် လာရောက် လေ့ကျင့်ခဲ့ကြောင်း မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးမြင့်နိုင်က ပြောသည်။
ကြို့ပင်ကောက်မြို့ ဒေသခံလူငယ် များအတွင်းမှ ယနေ့အချိန်အထိ အားကစားနှင့်အတူ စိတ်ဓာတ်ရေးရာ ထူးချွန်သော တိုင်းလက်ရွေးစင် ဗန်တို အားကစားသမား လူငယ်သုံးဦးနှင့် အနောက်တိုင်း လက်ဝှေ့အမျိုးသမီး တစ်ဦးတို့ကို မွေးထုတ်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)