လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနေသည့် မင်းဘူး - အမ်း - စစ်တွေလမ်း

Type
5

 

မေရတနာ

 

ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၇၀၀ ခန့်ရှိသည့် ရခိုင်ရိုးမပေါ်ရှိ မင်းဘူး-အမ်း-စစ်တွေ ရိုးမဖြတ် လမ်းမကြီးသည်  အကွေ့အကောက်များစွာ၊  မတ်စောက်သည့်  တောင်ဆင်းတောင်တက်များစွာဖြင့် တည်ရှိနေသည်။ မင်းဘူး-အမ်း-စစ်တွေလမ်းသည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး ဆက်သွယ် သည့် ပြည်ထောင်စုလမ်းမကြီး (National Highway-NH-18) ဖြစ်ပြီး  မြန်မာနိုင်ငံ၏  အရှေ့နှင့်အနောက် ဆက်သွယ်ထားသည့် အရေးပါသည့်လမ်းဖြစ်နေသည်။

 


ထို့ပြင် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး ကို အချိန်တိုတိုဖြင့် ဆက်သွယ်သွားလာနိုင်သည့် အတွက်   ကုန်စည်စီးဆင်းမှုအတွက်    အားကိုး အားထားပြုရသည့်    လမ်းမကြီးဖြစ်နေသည်။ ထို့အတွက်ကြောင့်    ပြည်သူများ   ယာဉ်အန္တရာယ် အနည်းဆုံးဖြင့်      ဆက်သွယ်သွားလာနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသည် ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့် တင်ခြင်း  လုပ်ငန်းများကို   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

 


၃၀၂ မိုင် ၄ ဖာလုံ အရှည်ရှိ


မင်းဘူး-အမ်း-စစ်တွေလမ်းသည်  စုစုပေါင်း ၃၀၂ မိုင် ၄ ဖာလုံ အရှည်ရှိပြီး မကွေးတိုင်းဒေသကြီး အတွင်း လမ်းပိုင်းအရှည် ၆၆ မိုင် ၇ ဖာလုံ တည်ရှိ သည်။ အဆိုပါလမ်းသည်  မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊  ရခိုင်ပြည်နယ်  ကျောက်ဖြူခရိုင်၊ မြောက်ဦးခရိုင်၊  စစ်တွေခရိုင်တို့ကို    ဖြတ်သန်း ဖောက်လုပ်ထားခြင်းဖြစ်သည်။

 


“ဒီလမ်းပိုင်း တိုးတက်ကောင်းမွန်ရေးအတွက် ကျွန်တော်တို့ လမ်းဦးစီးဌာန  မင်းဘူးခရိုင်က မိုင် ၀/၀ -၃၁/၆ အထိ ၃၁ မိုင် ၆ ဖာလုံနဲ့ လမ်းဆောက် လုပ်ရေး စီမံကိန်းအထူးအဖွဲ့ (၁၁)က မိုင် ၃၁/၆ မှ ၆၆/၇ အထိ ၃၅ မိုင် ၁ ဖာလုံ တာဝန်ယူကြီးကြပ် ဆောင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု မကွေး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစံမင်းအောင်က ပြောကြားသည်။

 


လမ်းဦးစီးဌာနအနေဖြင့်   ပြည်ထောင်စုလမ်း များအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ လမ်းများ ရေရှည်သုံးစွဲနိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး  ဘတ်ဂျက် ရရှိမှုအပေါ် ဦးစားပေးလုပ်ငန်းရပ်များ သတ်မှတ် ကာ နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


“ကျွန်တော်တို့ဌာနနဲ့  လမ်းတစ်ခု  ဆောင်ရွက် မယ်ဆိုရင် လမ်းရဲ့ Geometric Design နဲ့ Pave-ment Design ရှိရပါတယ်။ လက်ရှိ လမ်းရဲ့အခြေ အနေကိုလည်း   အသေးစိတ်   တိုင်းတာရတယ်။ ထုတ်တဲ့   ဒီဇိုင်းကိုလည်း  အလုပ်လုပ်တဲ့အချိန်မှာ လုပ်ငန်းတင်ဒါနဲ့ပဲ   လုပ်လုပ်၊   BOT   စနစ်နဲ့ပဲ လုပ်လုပ်၊  လမ်းဦးစီးဌာနကပဲလုပ်လုပ်   ဘယ်လိုပဲ လုပ်လုပ်  လုပ်တဲ့နေရာတိုင်းမှာ  လမ်းဆောင်ရွက် မယ့် အလွှာတိုင်းကို အရည်အသွေး ထိန်းသိမ်းရေး အဖွဲ့တွေနဲ့  စစ်ဆေးပြီး  ဆောင်ရွက်ရပါတယ်” ဟု လမ်းဦးစီးဌာန  လမ်းအထူးအဖွဲ့(၁၁)မှ  ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်ပိုက ဆိုသည်။ 

 


လမ်းဦးစီးဌာနက  တာဝန်ယူဆောင်ရွက်သည့် လမ်းပိုင်းများ အရည်အသွေးမီစေရန်  လမ်းသုတေ သနဌာနနှင့် လမ်း၊ လေယာဉ်ကွင်းဒီဇိုင်းဌာနတို့က လမ်းဒီဇိုင်းထုတ်ပေးပြီး    ကွင်းလုပ်ငန်းများတွင် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲများက အရည် အသွေး စစ်ဆေးရေးဆောင်ရွက်မှုများဖြင့် စစ်ဆေး ကြပ်မတ်လျက်ရှိသည်။ 

 


ထိုသို့    စစ်ဆေးနိုင်ရန်အတွက်   လမ်းများ ဆောင်ရွက်ရာတွင်   ရှိရမည့်   စံအရည်အသွေး အတွက် လမ်းဦးစီးဌာနက ဒီဇိုင်းထုတ်ပေးစဉ်ကပင် Technical Specification များပါ   တစ်ပါတည်း သတ်မှတ်ထားကြောင်း သိရသည်။

 


တိုးတက်မှု


လမ်းတိုးတက်မှုအနေဖြင့် မင်းဘူးမှ အမ်းအထိ ကတ္တရာလမ်း  ၁၇၃ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်လမ်း ၁၂၁ မိုင် ၆ ဖာလုံနှင့် မြို့တွင်းအပိုင်း နိုင်လွန်ကတ္တရာ လမ်း ၇ မိုင် ၂ ဖာလုံအထိ တိုးတက်ဆောင်ရွက်နိုင် ခဲ့ကြောင်း  သိရသည်။  ထို့ကြောင့်   မကွေးတိုင်း ဒေသကြီးအတွင်း ၂၄ ပေအကျယ် ကတ္တရာလမ်း ၄ မိုင် ၄ ဖာလုံ ပေ ၃၇၀၊ ၁၈ ပေအကျယ် ကတ္တရာ လမ်း ၆၂ မိုင် ပေ ၂၉၀ ၊ ၁၂ ပေအကျယ် ကတ္တရာလမ်း ၂ ဖာလုံရှိသဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အကုန်တွင် မင်းဘူး-အမ်းလမ်း  တစ်လျှောက်လုံး  အနည်းဆုံး ၁၈ ပေ အကျယ်ရှိလာမည်ဖြစ်သည်။

 


“တောင်ပေါ် လမ်းပိုင်းဖြစ်တဲ့အတွက် မိုးရာသီ မှာဆိုရင်    မြေပြိုတာတွေရှိတယ်။   ပြီးတော့ တောင်ပေါ်အကွေ့တွေမှာ    လမ်းသားချဲ့ဖို့လိုတာ တွေရှိတယ်။  အကွေ့တွေ၊   အတက်အဆင်းတွေ၊ ယာဉ်အန္တရာယ်ရှိနိုင်တဲ့   နေရာတွေရှိတယ်။ ဒီလို အခြေအနေကို    လမ်းအသုံးပြုတဲ့   ပြည်သူတွေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ဌာနအနေနဲ့ လမ်း အဆင့်မြှင့်တင်တာနဲ့အတူ လမ်းညွှန်ဆိုင်းဘုတ်တွေ၊ သတိပေး၊ အသိပေးဆိုင်းဘုတ်တွေ စိုက်ထူတာတွေ စတဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင် နေပါတယ်။  အဓိကကတော့   လမ်းအသုံးပြုတဲ့ ပြည်သူတွေ  လမ်းကြောင့်    အန္တရာယ်မဖြစ်စေဖို့ ဦးတည်ရပါတယ်” ဟု မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)  ဒေါ်ဥမ္မာ လှိုင်က ရှင်းပြသည်။

 


ယခင်က မင်းဘူး-အမ်း-စစ်တွေလမ်းပိုင်းပေါ်ရှိ မိုင်တိုင် ၄၀/၀-၄၀/၁ ကြားရှိ စပ်စီချောင်းတံတားမှာ နှစ်စဉ်တောင်ကျချောင်းရေဖြင့် တောင်ပြိုမြေများ ကားလမ်းပေါ် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး  ခရီးလမ်း ကြန့်ကြာမှုများ   ရှိခဲ့သည်။  သို့သော်  ပြည်သူများ အလွယ်တကူ သွားလာနိုင်စေရေးအတွက် ပေ ၉၀ ရှည်  သံကူကွန်ကရစ်တံတားအား  တံတားအထူး အဖွဲ့ (၅) မှ တည်ဆောက်ပြီးစီးပြီဖြစ်သည့်အတွက် ကြန့်ကြာမှုမရှိ   အဆင်ပြေလွယ်ကူစွာ  သွားလာ နိုင်ပြီဖြစ်သည်။

 


အလွယ်တကူ သွားလာနိုင်


ထို့အတူ လမ်းပိုင်းပေါ်ရှိ   မိုင်တိုင် ၁၈/၀ ရှိ လေးပင်ချောင်းရေကျော်ကြောင့်      ခရီးလမ်း ကြန့်ကြာမှု   ကျော်လွှားနိုင်ရန်အတွက်  ပေ ၁၅၀ အရှည်  သံကူကွန်ကရစ်တံတား   တည်ဆောက် ပြီးဖြစ်သဖြင့် အလွယ်တကူ သွားလာနိုင်ပြီဖြစ်သည်။
“အရင်က တောင်ပြိုပြီး လမ်းပိုင်းပိတ်သွားရင် အချိန်ကြန့်ကြာတာတွေ ရှိတယ်။ ရေကျလို့  စောင့်ရ တာတွေရှိတယ်။   ရိုးမဖြတ်လမ်းဖြစ်တဲ့အတွက် အကွေ့အကောက်၊ အတက်အဆင်းများတဲ့အတွက် လမ်းအသုံးပြုတဲ့သူတွေအနေနဲ့  သတိလွတ်သွားတဲ့ အခါ  ယာဉ်မတော်တဆမှု   ဖြစ်ခဲ့တာတွေ  ရှိတယ်။ ကျွန်တော်တို့လို   မကွေးနဲ့ရခိုင်  ကုန်စည်တွေကို ယာဉ်ကြီးတွေနဲ့ ကူးသန်းသယ်ပို့ပြီး  အသက်မွေး ဝမ်းကျောင်းပြုရတဲ့သူတွေကတော့ ဒီလမ်းမကြီးကို အကောင်းဆုံးဖြစ်စေချင်တယ်။ အခုကတော့ လမ်း က   တော်တော်အဆင်ပြေနေပြီ။     လမ်းကြောင့် ယာဉ်အန္တရာယ်မဖြစ်အောင်   စီမံဆောင်ရွက်ပေးထား တယ်။   တစ်ဖက်လမ်းအသုံးပြုသူဘက်ကလည်း ယာဉ်အန္တရာယ်မဖြစ်အောင် အသိ၊ သတိနဲ့ အသုံးပြု ဖို့ လိုအပ်ပါတယ်” ဟု လမ်းအသုံးပြုသူ ရွှေလမင်း ယာဉ်လိုင်းမှ ဦးထွန်းထွန်းက ပြောပြသည်။

 


၁၀ နာရီဖြင့် သွားလာနိုင်


မင်းဘူး-အမ်း-စစ်တွေ လမ်းပိုင်း ပိုမိုကောင်းမွန် လာသည့်အတွက် ယခင်က မင်းဘူးမှ စစ်တွေသို့ ယာဉ်မောင်းချိန် ၁၅ နာရီခန့် ရှိသော်လည်း ယခု အခါ ၁၀ နာရီဖြင့် သွားလာနိုင်ပြီဖြစ်သည်။ 

 


လမ်းပိုမိုကောင်းလာသည်နှင့်အမျှ မော်တော် ယာဉ်များ သတ်မှတ်မြန်နှုန်းထက်  ပိုမိုမောင်းနှင် ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လမ်းအသုံး ပြုသူများ    လိုက်နာရမည့်    စည်းကမ်းများကို လိုက်နာမှုလျော့ရဲခြင်းကြောင့် ယာဉ်ကြောင့် ထိခိုက် မှုအန္တရာယ်များလည်း ပိုမိုဖြစ်ပေါ်လာတတ်သည့် အတွက် လမ်းဦးစီးဌာနမှ အသိပညာပေးလုပ်ငန်း များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

 


လမ်းဦးစီးဌာနအောက်တွင်   လမ်းအန္တရာယ် ကင်းရှင်းရေးဌာန (Road Safety) ဌာနကို  တိုးချဲ့ ဖွဲ့စည်းထားရှိကာ ပြည်သူများ လမ်းအသုံးပြုရာတွင် သိရှိလိုက်နာရမည့် အသိပညာပေးခြင်း၊ အသိပေး ဆိုင်းဘုတ်များ Road Facility များနှင့်   လမ်း အချက်ပြ သင်္ကေတများ တပ်ဆင်ခြင်း၊  လမ်းများ တွင် Road Safety Inspection စစ်ဆေးခြင်း၊ Road Safety Inspection Design များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ထိုကဲ့သို့ မင်းဘူး-အမ်း-စစ်တွေလမ်း အသုံးပြု သူများ အဆင်ပြေစေရန်အတွက် ၁၈ ပေအကျယ်မှ ၂၄ ပေ အကျယ်   ကတ္တရာလမ်းချဲ့ခြင်း   ၁ မိုင် ၆ ဖာလုံ၊ ၁၂ ပေအကျယ်မှ ၁၈ ပေ အကျယ် ကတ္တရာ လမ်းချဲ့ခြင်း ၁  မိုင်၊ ၁၈ ပေ အကျယ်   ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၁ မိုင် ၇ ဖာလုံ၊ မြောင်းကူး တံတားတစ်စင်း၊ ကျောက်စီရေမြောင်း ပေ ၂၇၀၀၊ မြေထိန်းနံရံ တည်ဆောက်ခြင်း ပေ ၁၉၀၊ ၁၈ ပေ အကျယ် လမ်းအား အနိမ့်အမြင့် မြေညှိ၍ ကတ္တရာ ရေပိတ်လွှာလောင်းခြင်း ၁ မိုင် ၂ ဖာလုံ၊ အန္တရာယ် သတိပေးဆိုင်းဘုတ်   စိုက်ထူခြင်း  ၇၆၈  ခုနှင့် မိုးဒဏ်ကြောင့်  ပျက်စီးသွားသည့်  လမ်းတံတား ပြင်ဆင်ထိန်းသိမ်းခြင်း   စသည့်လုပ်ငန်းများကို  ၂၀၂၁ -၂၀၂၂ (၆လ)   ဘဏ္ဍာနှစ်၌     ဆောင်ရွက်နိုင်ခဲ့ ကြောင်း  တိုင်းဒေသကြီး  လမ်းဦးစီးဌာနမှ  သိရ သည်။

 


လမ်းအဆင့်မြှင့်ခြင်း လုပ်ငန်းများ


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသ ကြီးအတွင်း မင်းဘူး-အမ်းလမ်းတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး  ရန်ပုံငွေဖြင့် ၁၈ ပေ အကျယ်မှ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း  ၃  မိုင်၊ ၁၂ ပေ အကျယ်မှ ၂၄ ပေ အကျယ်  ကတ္တရာလမ်းချဲ့ခြင်း ၂ ဖာလုံ၊ ၁၈ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်း ခြင်း ၁ မိုင် ၂ ဒသမ ၅ ဖာလုံ၊ ကျောက်စီရေမြောင်း ပေ  ၁၀၀၀၀၊   မြေထိန်းနံရံ  အရှည်ပေ   ၁၀၀၊ မြောင်းကူးတံတား ငါးစင်း၊  Guard Rail  ပေ  ၁၄၀၀  တပ်ဆင်ခြင်း၊ လမ်းတာပေါင် အကျယ် ၃၄ ပေ အကျယ်မှ ပေ ၄၀ ရရှိရန် စသည့် လမ်းအဆင့်မြှင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားကြောင်း သိရှိရသည်။ 
အချုပ်အားဖြင့်ဆိုရလျှင်  ပြည်သူများ   လူမှု စီးပွားဘဝ တန်းတူညီမျှ   ဖွံ့ဖြိုးတိုးတက်စေရန်၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ လမ်းတံတားများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် အန္တရာယ်ကင်းစွာ  မောင်းနှင်နိုင်ရန်အတွက်  ဌာန ၏ ရည်ရွယ်ချက်၊ စီမံချက်နှင့်အညီ ရရှိသည့်ရန်ပုံ ငွေအပေါ်    မူတည်၍   လမ်းဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။        ။