လုမ္ဗိနီက မြန်မာတို့၏ အလှူဒါနများ

Type

 

မောင်သံငြိမ်း
 

ရှင်တော်ဂေါတမမြတ်ဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူရာ  နီပေါနိုင်ငံ   “လုမ္ဗိနီ” ဒေသ၌    မြန်မာတို့၏   ကုသိုလ်အလှူဒါနကြောင့် သာသနိက အဆောက်အအုံများ ခံ့ညားစွာ တည်ရှိ နေမှုကို သတိရစိမ့်သောငှာ ဤဆောင်းပါးကို တင်ပြ အပ်ပါသည်။

 


မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်တွင် “ဖွား၊ ပွင့်၊ ဟော၊ စံ” ဟူသည့် သံဝေဇနိယ လေးဌာန ရှိပါသည်။  ဖွား = ဖွားမြင်တော်မူရာ လုမ္ဗိနီအင်ကြင်းဥယျာဉ်၊   ပွင့် = သဗ္ဗညုတ ရွှေဉာဏ်တော်ရရှိ ဘုရားအဖြစ်ရောက်ရှိ (ပွင့်)တော်မူရာ ဗုဒ္ဓဂယာ၊  ဟော= ဓမ္မစကြာ တရားဦး ဟောတော်မူရာ   မိဂဒါဝုန်တော၊   စံ= စံပရိနိဗ္ဗာန် စံတော်မူရာ   ကုသိနာရုံဒေသဌာနများ   ဖြစ်ကြပါ သည်။
အထက်ပါ သံဝေဇနိယ လေးဌာနအနက် လုမ္ဗိနီ မှအပ ကျန်သုံးဌာနမှာ  အိန္ဒိယနိုင်ငံအတွင်းတည်ရှိပြီး ဖွားမြင်တော်မူရာ လုမ္ဗိနီဒေသမှာ နီပေါနိုင်ငံအတွင်း တည်ရှိပါသည်။   ဗုဒ္ဓဂယာ၊   မိဂဒါဝုန်ကဲ့သို့    သာမန် ဗုဒ္ဓဘာသာ ဘုရားဖူးများ အရောက်အပေါက် နည်းခဲ့ ပါသည်။  လုမ္ဗိနီသွားရန်  အိန္ဒိယနိုင်ငံ ဗီဇာအပြင် နီပေါနိုင်ငံ    ပြည်ဝင်ဗီဇာ     ထပ်မံလိုအပ်သဖြင့် လည်းကောင်း၊   လုမ္ဗိနီတွင်   တည်းခိုညအိပ်ရန် အခက်အခဲရှိသဖြင့်     လည်းကောင်း၊        ယခင်က အလွန်ဆုံး   နေ့ချင်းပြန်မျှသာ  ရောက်ရှိသူများပါ သည်။ ကွယ်လွန်သူ ကုလသမဂ္ဂ  အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့် ဆောက်လုပ်လှူဒါန်းခဲ့သည့် အခန်း အနည်းငယ်ပါ နှစ်ထပ်အုတ်တိုက်တစ်လုံး၊ တိုးရစ် ဘားမားက  လှူဒါန်းသည့်   ခြင်ထောင်၊  ခေါင်းအုံး အချို့သာရှိပါသည်။   ချို့တဲ့မှုမှာ   ကုသိနာရုံထက် အနည်းငယ်သာ  သာပါသည်။

 


ဗုဒ္ဓဘာသာဝင်များ    အထွတ်အမြတ်ထားရာ ရှင်တော်မြတ်ဗုဒ္ဓ ဖွားမြင်တော်မူသည့်  လုမ္ဗိနီဒေသ ၏ ဖွံ့ဖြိုးမှုအနေအထားမှာ  ယခင်က   အားရဖွယ်ရာ မတွေ့ရပါ။ မြန်မာဗိသုကာလက်ရာ ဆင်းတုတော် ကြီးတစ်ဆူနှင့် အမြဲသီတင်းသုံးခြင်းမရှိသည့် မြန်မာ ဘုန်းတော်ကြီးတစ်ပါး   ရှိတတ်ပါသည်။  ဒေသခံ ထေရဝါဒ  ဗုဒ္ဓဘာသာ   ဓမ္မောဒယစာဘအသင်းမှ ဘုန်းတော်ကြီးနှင့် ဒေသခံများက ကူညီပြသပေး သည့် မြတ်ဗုဒ္ဓဖွားမြင်တော်မူရာနေရာပြ  အသောက ကျောက်တိုင်နှင့်   ဖွားမြင်တော်မူပုံ  ထွင်းထုထား သည့်   ယိုယွင်းနေသော ကျောက်ရုပ်ပြားတည်ရှိရာ မယ်တော်မာယာဗိမာန်ဟူသည့်        အုတ်တိုက်ငယ် တစ်လုံးကိုသာ   ဖူးတွေ့ရပါသည်။   ၎င်းတို့ဓလေ့ ချယ်သထားသော  ဆေးအနီ၊   အဝါနှင့်     ပန်းအဝါ အချို့ကိုသာ သပ်ရပ်မှုမရှိ တွေ့ရှိရပါသည်။

 


ထိုကဲ့သို့သော   အခြေအနေမှ မွန်မြတ်လှသည့် လုမ္ဗိနီဒေသအခြေအနေမှာ           ထူးထူးခြားခြား ပြောင်းလဲသွားသည်ကို ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဝမ်းမြောက်ဖွယ်ရာ   တွေ့ရှိခဲ့ရပါသည်။  ဖြစ်စဉ်မှာ  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု  တည်ဆောက်ရေးအဖွဲ့ လက်ထက်  သာသနာရေးဝန်ကြီးဌာန၏  အစီအစဉ် ဖြင့်   ဗုဒ္ဓဂယာဘုရားဖူးများ   ယခင်ကထက်    ပိုမို စေလွှတ်ပေးခဲ့သဖြင့် အရောက်အပေါက်များလာခဲ့ ပါသည်။   လုမ္ဗိနီအထိ    သွားရောက်ဘုရားဖူးသူ များလာပါသည်။ သာသနာတော် ထွန်းကားပြန့်ပွား ရေးကို အစဉ်တစိုက်  ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တပ်မတော်အစိုးရ   (နဝတနှင့် နယက  လက်ထက် အစိုးရ) များ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ပြည်တွင်း မှာသာမက ပြည်ပနိုင်ငံများအထိ   မြန်မာပြည်သူ အများ   သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ မြန်မာ တို့၏ အလှူဒါနများအနက် ရှင်တော်မြတ်ဗုဒ္ဓဖွားမြင် ခဲ့ရာမြေ   လုမ္ဗိနီဒေသ၏   ဖွံ့ဖြိုးတိုးတက်မှုကို   ကောက်နုတ်ဖော်ပြအပ်ပါသည်။

 


ထိုမျှသာမကသေး        တပ်မတော်အစိုးရ လက်ထက် အထူးခြားဆုံး မြန်မာတို့၏ အလှူဒါန သာသနိက     အဆောက်အအုံများ    ဆောက်လုပ် လှူဒါန်းနိုင်မှုကို   ဆက်လက်တင်ပြလိုပါသည်။ တစ်ဆက်တည်း   ဖွားမြင်တော်မူရာ    လုမ္ဗိနီဒေသ အကြောင်း   ကြည်ညိုသဒ္ဓါပွားများစေရန်    ဦးစွာ ဖော်ပြလိုပါသည်။

 


လုမ္ဗိနီ


ရှင်တော်မြတ်ဗုဒ္ဓ ဖွားမြင်တော်မူရာ “လုမ္ဗိနီ” သာမောအင်ကြင်းတောမှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား၏   ဖခမည်းတော်  ကပ္ပိလဝတ် ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးစံမြန်းရာ ကပ္ပိလဝတ် ပြည်နှင့်   မိဖုရားကြီး  သီရိမဟာမာယာဒေဝီ၏ ဇာတိမြေ    ဒေဝဒဟပြည်အကြားတွင်   တည်ရှိပါ သည်။ “လုမ္ဗိနီ”ဟု   ခေါ်တွင်ရခြင်းမှာ   မယ်တော် သီရိမဟာမာယာဒေဝီ၏      ဖခမည်းတော်ဖြစ်သည့် ဒေဝဒဟပြည့်ရှင် မင်းကြီး၏ မိဖုရားကြီး “လုမ္ဗိနီ”က ၎င်းအတွက် သာယာလှပသော ဥယျာဉ်ကြီးတစ်ခု ပျိုးထောင်ပေးရန်   ဘုရင်ကြီးအား   လျှောက်ထား သဖြင့် မိဖုရားကြီးအတွက် ဥယျာဉ်တစ်ခု ပျိုးထောင် ပေးရာ ဥယျာဉ်ကို မိဖုရားကြီး၏ အမည်ကို အစွဲပြု ၍   “လုမ္ဗိနီ” ဥယျာဉ်ဟု    ခေါ်တွင်ခဲ့သည်ဟု    သိရ ပါသည်။

 


မယ်တော်    သီရိမဟာ  မာယာဒေဝီမိဖုရားကြီး သည် ဘုရားအလောင်းတော် ပဋိသန္ဓေ စွဲတည်တော် မူပြီး ဆယ်လအကြာ ရင့်မာခြင်းသို့ရောက်သောအခါ မိမိ၏ ဇာတိရပ်မြေ ဆွေမျိုးတို့ဌာန ဒေဝဒဟပြည် သို့ သွားရောက်လိုသောဆန္ဒ လှုံ့ဆော် ဖြစ်ပေါ်လာရာ မင်းကြီးထံ လျှောက်ထားပန်ကြားပြီး ခြွေရံသင်းပင်း၊ ဝင်းကိုယ်ရံတော်     အဆောင်အယောင်များစွာဖြင့် ဒေဝဒဟပြည်သို့ ကြွချီတော်မူပါသည်။

 


လုမ္ဗိနီဥယျာဉ်သို့        ဆိုက်ရောက်သောအခါ အင်ကြင်းပင်များသည် ပင်ရင်းပင်ခြေမှ အခက် အဖျားများတိုင် ပင်လုံးကျွတ် အပင်တိုင်းပွင့်လျက် ရှိပြီး အင်ကြင်းပင်များ၏ အပွင့်အခက်များအကြား ပျားပိတုန်းများနှင့်   အမျိုးမျိုးသော   ငှက်အပေါင်း သည် သာယာနာပျော်ဖွယ်အသံဖြင့် ဝဲပျံကွန့်မြူး၊ တွန်ကျူးလျက်ရှိသည်ဟု   ဆိုပါသည်။   အဆိုပါ အချိန်တွင် သီရိမဟာမာယာဒေဝီမိဖုရားကြီးသည် အင်ကြင်းဥယျာဉ်အတွင်းသို့         သက်ဝင်ပျော်ပါး ကစားရွှင်မြူးလိုသောဆန္ဒ ထင်ရှားစွာ ဖြစ်ပေါ်လာ သဖြင့်   မင်္ဂလာအင်ကြင်းဥယျာဉ်တော်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး   ဖြောင့်မတ်လုံးဝန်းသော  ပင်စည် ရှိပြီး ပန်းအတိ တန်ဆာဆင်အပ်သော အင်ကြင်းပင် ၏ အခက်ကို လက်ဖြင့်လှမ်းယူလိုလာပါတော့သည်။

 


ထိုအင်ကြင်းခက်သည်လည်း      အသက်ရှိသူ အလား    လူအများ၏   စိတ်နှလုံးကို   ချောက်ချား နှောက်မွှေ အံ့ဩစေလျက် အလိုအလျောက်အောက် သို့  ညွတ်ကိုင်းကာ မိဖုရားကြီး၏ လက်ဝါးအပြင်သို့         အဆင်သင့်ကပ်ရောက်လာလေရာ            မယ်တော် မိဖုရားကြီးသည်     အင်ကြင်းခက်ကို   လက်ယာ လက်ဖြင့်    ဆွဲကိုင်ရပ်တည်သော   ခဏ၌   ဘုရား အလောင်းတော်ကို   ဖွားမြင်ကြောင်း    ကမ္မဇလေ တုန်လှုပ်လာခဲ့ပါသည်။

 


ထိုအချိန်ကာလ မဟာသက္ကရာဇ် ခြောက်ဆယ့် ရှစ်ခုနှစ်     ကဆုန်လပြည့်    သောကြာနေ့တွင် ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော် မူသော ရှင်တော်ဂေါတမ မြတ်စွာဘုရား အလောင်း တော်သည် “လုမ္ဗိနီ” မည်သော  မင်္ဂလာအင်ကြင်း တောအတွင်း   မယ်တော်   သီရိမဟာမာယာဒေဝီ မိဖုရားကြီး၏  ဝမ်းကြာတိုက်မှ   ကောင်းစွာ  မီးရှူး သန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။

 


ဗုဒ္ဓဘာသာဝင်များအတွက်  ဤမျှ   မွန်မြတ် အလေးထားအပ်သော လုမ္ဗိနီဒေသ ဖြစ်စဉ်သမိုင်းကို အနည်းငယ်ဖော်ပြရလျှင် လုမ္ဗိနီဒေသသည် ထိုစဉ် က နီပေါနိုင်ငံဟူ၍ နိုင်ငံတစ်ခုမဖြစ်လာမီ အိန္ဒိယ နိုင်ငံ၏   အစိတ်အပိုင်းတစ်ခုမျှသာ  ဖြစ်ပါသည်။ အခြားဘာသာဝင်အများစုနေထိုင်ရာ  ဒေသတစ်ခု အတွင်း တည်ရှိနေပါသည်။ ဘုရားပွင့်တော်မူရာ ဒေသ မဟုတ်သေး၍ အလေးမထားကြပါ။

 


အတိုချုံးဖော်ပြရလျှင် ခေတ်သစ်နီပေါနိုင်ငံဟူ၍  ခရစ်သက္ကရာဇ်   ၁၈၁၆   ခုနှစ်မှ   ပေါ်ပေါက်ခဲ့ရာ ထိုကာလမတိုင်မီက အိန္ဒိယလက်အောက်ခံ နယ်စွန် နယ်ဖျားအဖြစ် သတ်မှတ်ကြပါသည်။ အိန္ဒိယနိုင်ငံ တွင် ခရစ်တော်မပေါ်မီ ၅ / ၆ ရာစုက ဘုရားပွင့်တော် မူပြီး ဗုဒ္ဓသာသနာ တစ်စထက်တစ်စ ထွန်းကားခဲ့ သော်လည်း လုမ္ဗိနီကို အလေးမထားခဲ့ပါ။ ဗုဒ္ဓဂယာ တစ်ဝိုက်  အိန္ဒိယနိုင်ငံအတွင်းသာ  ထွန်းကားခဲ့ပါ သည်။

 


ထူးထူးခြားခြား       မြန်မာဗုဒ္ဓဘာသာဝင်များ ဂုဏ်ယူဝမ်းမြောက်  ကုသိုလ်ရယူဖွယ်ရာ  ရှင်တော် မြတ်ဗုဒ္ဓ    သက်တော်ထင်ရှားရှိစဉ်   မြန်မာနိုင်ငံမှ တဖုဿနှင့်    ဘလ္လိက ကုန်သည်ညီနောင်တို့အား မြတ်စွာဘုရားက   ဆံတော်များပေးသနားခဲ့ခြင်း၊ မြန်မာနိုင်ငံတော်နှင့်        ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ မွန်မြတ်လေးစားဖွယ် ဆံတော်များကို ဌာပနာတော် မူပြီး    ရွှေတိဂုံစေတီတော်  တည်ထားကိုးကွယ်နိုင်ခဲ့ ခြင်းမှာ   မြတ်ဗုဒ္ဓသာသနာ့သမိုင်းတွင်   ရှေ့ဆုံးမှ ပါဝင်ခဲ့ဖူးကြောင်း သာဓကတစ်ရပ်ဖြစ်ပါသည်။

 


မဇ္ဈိမဒေသတွင် ဗုဒ္ဓဘာသာသမိုင်းကို ပြန်ကြည့် ပါက ထွန်းကားသည့်ကာလ၊ တိမ်မြုပ်ပျောက်ကွယ် သည့် ကာလ၊ အားပေးသည့် သာသနာ့ဒါယကာများ ပေါ်ပေါက်ခဲ့သည့်ကာလ၊  နှောင့်ယှက်ဖျက်ဆီးလိုသူ များ ပေါ်ပေါက်သည့်ကာလဟူ၍ အမျိုးမျိုး ကြုံတွေ့ ခဲ့ရပါသည်။

 


လုမ္ဗိနီဒေသမှာ လောကဓံတရား  အနိမ့်အမြင့်တွင်   တစ်ချိန်က နှစ်ပေါင်းများစွာ  တိမ်မြုပ်ပျောက်ကွယ် လုနီးပါး ကြုံတွေ့ခဲ့ရပါသည်။ ဘီစီ  ၃   ရာစုတွင်   သာသနာ့ဒါယကာ   သီရိဓမ္မာသောကမင်းကြီး  (အသောကမင်းကြီး)က  လုမ္ဗိနီဥယျာဉ်သို့ ရောက်ရှိ လာပြီး အရှင်ဥပဂုတ္တ၏ ညွှန်ပြချက်အရ   ဘုရား ဖွားတော်မူရာနေရာတွင်         အမှတ်အသားပြု ကျောက်တိုင်တစ်ခု စိုက်ထူခဲ့ရာ ယနေ့အထင်အရှား တွေ့မြင်နိုင်ပြီး ဖွားမြင်တော်မူရာနေရာပြ အသောက ကျောက်တိုင်ဟု  ခေါ်ဝေါ်လျက်ရှိကြပါသည်။ 
မြေပြင်အထက် ၁၃ ပေ ကျော်မြင့်ပြီး  လုံးပတ် ခုနစ်ပေ သုံးလက်မရှိသည်။ မူလက ကျောက်တိုင် ထိပ်တွင် မြင်းရုပ်ပါရှိခဲ့သည်ဆိုသော်လည်း ယခု မတွေ့ရှိရပါ။  ထို့နောက် နှစ်ပေါင်း ၆၀၀ ကျော် ချုံနွယ်များပိတ်ဖုံးပြီး       တိမ်မြုပ်ပျောက်ကွယ်ခဲ့ရ ကြောင်း သိရပါသည်။

 


၁၈၉၅    ခုနှစ်တွင်မှ   ရှေးဟောင်းသုတေသီ ဒေါက်တာအေဖူရာနှင့် ဗိုလ်ချုပ်ကြီး ခတ်ခါရမ်ရှား ရာနာ၏ အကူအညီဖြင့် အသောကကျောက်တိုင်ကို လည်းကောင်း၊  တောင်ကုန်းငယ်အဖြစ်  တည်ရှိနေ သော    မယ်တော် သီရိမဟာမာယာဒေဝီ   ဗိမာန်၊ ဖွားမြင်တော်မူခန်း   ကျောက်ရုပ်နှင့်   ရှေးဟောင်း စေတီများ၏ နေရာများကို ရှာဖွေတွေ့ရှိရကြောင်း၊ တူးဖော်မှုများကိုလည်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 


၁၉၅၆ ခုနှစ်တွင်  နီပေါနိုင်ငံ၏ ထေရဝါဒ ဗုဒ္ဓ ဘာသာအသင်း၊       ဓမ္မောဒယစာဘအသင်းက  ကျောက်တိုင်အနီး ကျောင်းတစ်ဆောင်ဆောက်လုပ် ခဲ့ရာ       ထိုဒေသတစ်ဝိုက်     အကြီးဆုံးသာသနိက အဆောက်အအုံတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း၊ ၁၉၅၆ တွင် နတ်ရွာစံသွားသည့် နီပေါဘုရင်မဟိန္ဒရာ ရောက်ရှိ လာပြီး   ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပထမဆုံး စိတ်ဝင်စားစွာ  လမ်းညွှန်မိန့်ကြားခဲ့ကြောင်း သိရှိရ ပါသည်။ ၁၉၆၇ ခုနှစ်တွင် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဦးသန့် လုမ္ဗိနီသို့ရောက်ရှိလာခဲ့ပြီး  မြန်မာ နိုင်ငံအပါအဝင် ၁၃ နိုင်ငံပါဝင်သော  အပြည်ပြည် ဆိုင်ရာ လုမ္ဗိနီဖွံ့ဖြိုးရေးကော်မတီတစ်ရပ်    ဖွဲ့စည်းခဲ့ ကြောင်း၊   လမ်းညွှန်ချက်များ ဆွေးနွေးခဲ့ကြောင်း    သိရှိရပါသည်။   တည်းခိုရန် နှစ်ထပ်တိုက်တစ်လုံး  ဦးသန့်ကိုယ်တိုင်  လှူဒါန်းခဲ့ကြောင်း သိရပါသည်။

 


ထိုအချိန်အထိ တစ်ဦးချင်း အလှူဒါနများမှအပ ပြည်သူများ၏ အလှူအဖြစ် ဉာဏ်တော်  ခြောက်ပေ ခန့်   ကျောက်ဆင်းတုတစ်ဆူသာ    ရှိသေးကြောင်း သိရှိရပါသည်။

 


ပထမဖွံ့ဖြိုးရေးအဖွဲ့


၁၉၈၅ ခုနှစ်တွင် (နတ်ရွာစံပြီး) ဘုရင် ဘီရင်ဒရာ က ညီတော်ကို ဥက္ကဋ္ဌအဖြစ်ခန့်၍  ရှစ်ဦးပါ ဖွံ့ဖြိုးရေး အဖွဲ့ကို   ဖွဲ့ပေးခဲ့သည်။    ၎င်းအဖွဲ့အနေဖြင့်   သီရိ လင်္ကာနိုင်ငံ အစိုးရအလှူ ၃၂ ခန်းပါ တည်းခိုရိပ်သာ၊ အိန္ဒိယနိုင်ငံ အလှူပြတိုက် အဆောက်အအုံတစ်ခု၊ ဂျပန်ဗုဒ္ဓဘာသာအဖွဲ့တစ်ခုက     လှူဒါန်းသည့် သုတေသနနှင့် စာကြည့်တိုက်တစ်ခုနှင့် ဂျပန်ဟုတ်ကီ ကလပ်မှ    ၅၆   ခန်းပါ    ကြယ်သုံးပွင့်ဟိုတယ်ကို ဆောက်လုပ်ခွင့်ပြုနိုင်ခဲ့ပါသည်။

 


အဆိုပါအဖွဲ့တွင်    အဖွဲ့ဝင်အများစုမှာ   ဗုဒ္ဓ ဘာသာဝင်များ မဟုတ်ကြ၍ စိတ်ဝင်စားမှု နည်းပါး ပြီး   တိုးတက်သင့်သလောက်   တိုးတက်အောင် မဆောင်ရွက်နိုင်ကြောင်း၊      အလွဲသုံးစားမှုများရှိ ကြောင်း စသည်ဖြင့် ထိုးနှက်ဝေဖန်ခြင်းခံရပါသည်။

 


ယခုပြင်ဆင်ဖွဲ့စည်းသည့် လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့


၁၉၉၁ ခုနှစ် မေလတွင် နီပေါနိုင်ငံ၌ အစိုးရအဖွဲ့ အသစ်အပြောင်းအလဲဖြစ်ခဲ့ရာ လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ ကို ပညာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင်  ၂၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ရာထူး ဌာနန္တအရ ပါဝင်သူ အခြားဘာသာဝင်  ငါးဦးခန့်မှ လွဲ၍   ကျန်အဖွဲ့ဝင်အားလုံးမှာ  ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး      သာသနာထွန်းကားပြန့်ပွားရေးကို အလေးထားဆောင်ရွက်နိုင်မည့်သူများ  ဖြစ်ကြပါ သည်။ အဖွဲ့ ဖွဲ့စည်းပြီး တစ်နှစ်မပြည့်မီပင် အထူး တက်ကြွစိတ်ဝင်စားစွာဖြင့်        ဆောင်ရွက်လျက် ရှိကြောင်း ကြားသိရပါသည်။

 


ထင်ရှားသည့် တိုးတက်မှုများမှာ ဂျပန်နိုင်ငံက အလှူငွေဒေါ်လာ တစ်သိန်း ငါးသောင်း၊ ထိုင်းနိုင်ငံမှ ဆရာတော်တစ်ပါးက    စီမံကိန်းဧရိယာအတွင်း လျှပ်စစ်သွယ်တန်းရန်၊   စာသင်ကျောင်းဆောက် ပေးရန်၊    မြေတူးမြေညှိစက်များ    လှူဒါန်းရန် ကမ်းလှမ်းခြင်း၊       ယိုကိုဟားမားမြို့တော်ဝန်က မီးသတ်ကားနှင့်     လူနာတင်ယာဉ်   လှူဒါန်းမှု၊ ဟိုတယ်ဆောက်ရန် ကမ်းလှမ်းမှုများပါဝင်ကြောင်း ကြားသိရပါသည်။

 


လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ (Lumbini Development Trust)၏ စီမံကိန်းဧရိယာမှာ အလျား သုံးမိုင်၊ အနံ  တစ်မိုင်ရှိပြီး  ဖွားမြင်တော်မူရာနေရာပြ   အသောက ကျောက်တိုင်နှင့်        မယ်တော်မာယာဒေဝီဗိမာန် ရှေးဟောင်းအဆောက်အအုံများရှိသော   တစ်မိုင် ပတ်လည်ကို “မြင့်မြတ်သောဥယျာဉ်” ၊ အလယ်တွင် တူးမြောင်းတစ်ခု တူးထားပြီး လက်ဝဲဘက်ကမ်းနှင့် လက်ျာဘက်ကမ်းတွင်    ထေရဝါဒနှင့်   မဟာယန ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ ဆောက်လုပ်လှူဒါန်း ရန်အတွက် တစ်မိုင်ပတ်လည်ရှိ “ဘုန်းတော်ကြီး ကျောင်းများဇုန်”       သတ်မှတ်ပေးထားပါသည်။ ၎င်းဇုန်အတွင်း မီတာ ၁၈ဝ၊ ၁၂ဝ နှင့် ၆၀ ပတ် လည်မြေကွက်များ စုစုပေါင်း  ၄၁ ကွက်ပါဝင်ပါသည်။ တစ်ဖက်အစွန်း တစ်မိုင်ပတ်လည်တွင် အပန်းဖြေ အနားယူရန်နှင့် ဟိုတယ်ဆိုင်ခန်းများ ဆောက်လုပ် ရန် “လုမ္ဗိနီရွာ”ဟု သတ်မှတ်ထားရှိပါသည်။ 


(ဆက်လက်ဖော်ပြပါမည်)