လွှတ်တော်ကိုယ်စားလှယ်များ လျှောက်လှမ်းရမည့် နိုင်ငံရေးခရီး

Type

 

မောင်‌ရွှေရိုး

 

(ယမန်နေ့မှအဆက်)


ကမ္ဘောဒီးယားနိုင်ငံတွင် အောက်လွှတ်တော်ဖြစ်သော အမျိုးသား လွှတ်တော် (National Assembly) နှင့် အထက်လွှတ်တော် (Senate) ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပါသည်။ အောက်လွှတ်တော်တွင် ဥပဒေများ ပြင်ဆင်ချမှတ်ခြင်း၊  နိုင်ငံတော်ဘတ်ဂျက်နှင့် အခွန်အခများ၊ အုပ်ချုပ် ရေးဆိုင်ရာများ၊   အပြည်ပြည်ဆိုင်ရာစာချုပ်များ၊    ညီလာခံများကို အတည်ပြုခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို  ဆောင်ရွက်သည်။ ၁၉၉၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ  ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၇)၊ ပုဒ်မ ၇၆ အရ အမျိုးသားလွှတ်တော်(National Assembly)၏ ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံတွင် မွေးဖွားသော ခမာလူမျိုးများဖြစ်၍  အနည်းဆုံး အသက် ၂၅  နှစ် ပြည့်ပြီးသူဖြစ်ရမည်။ Communes  နှင့် Sangkats    အုပ်ချုပ်ရေးနယ်မြေများအတွက်   ကျား၊ မ မရွေး  ကမ္ဘောဒီးယားနိုင်ငံသားဖြစ်၍ သက်ဆိုင်ရာမဲဆန္ဒနယ် တွင်  အမည်စာရင်းပါဝင်ရမည်။  မဲပေးချိန်မတိုင်မီ အသက် ၂၅ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်။ 
ဂျပန်နိုင်ငံတွင်   ဒိုင်းယက်လွှတ်တော် (Diet) သည်  အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းဖြစ်သည်။        ဒိုင်းယက်လွှတ်တော်တွင် အောက်လွှတ်တော်(Shugi-in) နှင့် အထက်လွှတ်တော် (Sangi- In) ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပါသည်။ ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄)၊ ပုဒ်မ ၄၄ အရ  လွှတ်တော်နှစ်ရပ်စလုံးတွင်  ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသူများ၏     အရည်အချင်းကို     ဥပဒေအရ သတ်မှတ်ထားသည်။ အောက်လွှတ်တော်နှင့် ဒေသန္တရလွှတ်တော် များတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအတွက် အသက်ကန့်သတ်ချက်မှာ ၂၅ နှစ်ဖြစ်ပြီး    အထက်လွှတ်တော်နှင့်    စီရင်စုမြို့တော်ဝန်များ၏ အသက်ကန့်သတ်ချက်မှာ   ၄၀     နှစ် ဖြစ်ပါသည်။      လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း  တင်သွင်းရာတွင် ဂျပန်ယန်း သုံးသန်းပေးသွင်းရပြီး PR စနစ်အတွက်   ဂျပန်ယန်း ခြောက်သန်း တင်သွင်းရပါသည်။
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်တွင် အထက် လွှတ်တော်   (Senate)   နှင့်    အောက်လွှတ်တော်    (House Of Representatives)ဟူ၍  လွှတ်တော်နှစ်ရပ်   ရှိပါသည်။ အထက် လွှတ်တော်ရွေးကောက်ပွဲကို နှစ်နှစ်တစ်ကြိမ်ပြုလုပ်၍ ကိုယ်စားလှယ် သုံးပုံတစ်ပုံရွေးချယ်သောစနစ်ကို ကျင့်သုံးပါသည်။ အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် (၁) ပုဒ်မ (၃) အရ အထက်လွှတ်တော် (Senate) ၏ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက် မှာ အသက် ၃၀ နှစ်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပချိန်တွင် အမေရိကန် နိုင်ငံသားအဖြစ်      အမေရိကန်နိုင်ငံတွင်    ကိုးနှစ်ကြာနေထိုင်သူ ဖြစ်ရမည့်အပြင်   ရွေးကောက်တင်မြှောက်မည့်    နယ်မြေတွင်လည်း အမှန်တကယ်နေထိုင်သူဖြစ်ရမည်။ အောက်လွှတ်တော် (House Of Representatives) ၏ ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်မှာ အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အမေရိကန်နိုင်ငံတွင် အမေရိကန်နိုင်ငံသား အဖြစ် ခုနစ်နှစ်ကြာ နေထိုင်သူဖြစ်ရမည်။
ရုရှားနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်း သတ်မှတ် ချက်များမှာ ရုရှားနိုင်ငံ၏ ဖက်ဒရယ်လွှတ်တော် (Federal Assembly) တွင် အထက်လွှတ်တော်  ဖက်ဒရယ်ကောင်စီ (Federal Council) နှင့် အောက်လွှတ်တော် (State Duma) ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပါ သည်။   အထက်လွှတ်တော်    ဖက်ဒရယ်ကောင်စီအား    တိုက်ရိုက် ရွေးချယ်တင်မြှောက်ခြင်းမပြုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ရုရှားနိုင်ငံ ဖက်ဒရယ်ပြည်နယ် ၈၅  ခုမှ  ခန့်အပ် တာဝန်ပေးရွေးချယ်သည့် အစိုးရအဖွဲ့ဝင်တစ်ဦးနှင့် ဥပဒေပြုအဖွဲ့ဝင် တစ်ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အောက်လွှတ်တော် (State Duma) ၏ ကိုယ်စားလှယ်အရည်အချင်း  သတ်မှတ်ချက်များမှာ အသက် ၂၁ နှစ်ပြည့်ပြီး ရုရှားနိုင်ငံသား ဖြစ်ရမည်။ လူတစ်ဦးတည်းသည် ဖက်ဒရယ်ကောင်စီ၏      အဖွဲ့ဝင်အဖြစ်လည်းကောင်း၊     အောက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း  တစ်ပြိုင်နက် တည်းမဖြစ်ရ။     အောက်လွှတ်တော်ကိုယ်စားလှယ်လောင်းသည်    အခြားအစိုးရအဖွဲ့အစည်းများနှင့်    ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်း များ၏ ကိုယ်စားလှယ်မဖြစ်ရ။
တောင်ကိုရီးယားနိုင်ငံတွင်  အမျိုးသားလွှတ်တော် (National Assembly) ဟုခေါ်သည့် လွှတ်တော်တစ်ရပ်သာရှိသည်။ လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်းသတ်မှတ်ချက်များမှာ အသက်  ၂၅ နှစ်ပြည့်သူဖြစ်ပြီး နိုင်ငံအတွင်း ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ငါးနှစ်ကြာ အခြေချနေထိုင်ခဲ့ဖူးသူ တောင်ကိုရီးယား နိုင်ငံသားများ သည်   လွှတ်တော်ရွေးကောက်ပွဲများတွင်   ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိပါသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက် မှာ အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊    လွှတ်တော်ကိုယ်စားလှယ်အဖြစ်   ရွေးကောက် တင်မြှောက်ခံရသည့်အချိန်နှင့်   တစ်ဆက်တည်း     ပြည်ထောင်စု မြန်မာနိုင်ငံတွင်       အနည်းဆုံးဆယ်နှစ်     အခြေချနေထိုင်ခဲ့သူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ  ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူတို့ဖြစ်ပါသည်။ အမျိုးသားလွှတ်တော် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၂ အရ  အသက်   ၃၀   နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
ကမ္ဘာ့နိုင်ငံများတွင်     လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကို သတ်မှတ်ခဲ့ရာ ဘွဲ့ရဖြစ်ရန်လိုအပ်သည့် အချို့ နိုင်ငံများမှာ   ပါကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ ကင်ညာ၊ ဘူတန်၊ အီရန်၊ လစ်ဗျား၊ အိုမန်၊ စိန့်လူစီကာ၊ စင်ကာပူနှင့် ဂမ်ဘီယာနိုင်ငံတို့ ဖြစ်ကြောင်း သိရှိရသည်။    အမေရိကန်ပြည်ထောင်စုတွင် အထက် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဘွဲ့ရပညာတတ်များ ဖြစ်ကြ ပြီး အောက်လွှတ်တော် ၁၉ နေရာတွင်လည်း   ဘွဲ့ရရှိထားသူများ ဖြစ်ကြောင်း သိရှိရပါသည်။ ဗြိတိန်နိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ် ၆၄၉ ဦးနှင့် ဖွဲ့စည်းထားရှိသော အောက်လွှတ်တော်၌ ၈၄ ရာခိုင်နှုန်း သော  လွှတ်တော်ကိုယ်စားလှယ်များသည်    ဘွဲ့ရရှိသူများဖြစ်၍ ကျန် ၁၂၆ ဦးသည် ဘွဲ့လွန်ဒီဂရီရရှိထားသူများဖြစ်ကြပါသည်။  အခြား နိုင်ငံများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက် ပွဲဝင်ခွင့် အာမခံငွေသတ်မှတ်ချက်များမှာ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ခွင့် အာမခံငွေ   ထိုင်းဘတ် ၁၀၀၀၀၊  စင်ကာပူနိုင်ငံတွင် စင်ကာပူ ဒေါ်လာ ၁၃၅၀၀၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကမ္ဘောဒီးယားရီယယ်သိန်း   ၁၅၀၊  မလေးရှားနိုင်ငံတွင်  မလေးရှားရင်းဂစ်  ၅၀၀၀၊ အိန္ဒိယနိုင်ငံ တွင် အောက်လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက်  ရူပီး ၂၅၀၀၀၊ ပြည်နယ်လွှတ်တော်အတွက် ရူပီး ၁၀၀၀၀၊ ဂျပန်နိုင်ငံတွင် ယန်းသုံးသန်း၊ ဩစတြေးလျနိုင်ငံတွင် ဒေါ်လာ ၁၀၀၀၊ ပြင်သစ်နှင့်   ဗြိတိန်နိုင်ငံ တို့တွင် ပေါင် ၅၀၀ စီ သတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီခေတ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ    လွှတ်တော်သက်တမ်း   နှစ်ခုအတွင်း     လွှတ်တော် ကိုယ်စားလှယ်များ၏       ပညာအရည်အချင်းမှာ       ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ၃၂၅ ဦးတွင် ဘွဲ့လွန်ရှစ်ဦး၊ ဘွဲ့ရ ၂၅၁ ဦးနှင့် တက္ကသိုလ်ဝင်တန်းအောင် ၃၈ ဦး၊   တက္ကသိုလ် ဝင်တန်းအောက်    ၂၈   ဦး၊   ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦးတွင် ဘွဲ့လွန်ငါးဦး၊ ဘွဲ့ရ ၂၆၂  ဦး၊ တက္ကသိုလ် ဝင်တန်းအောင် ၃၆ ဦး၊ တက္ကသိုလ်ဝင်တန်းအောက် ၂၂ ဦး ဖြစ်သည်။ ပထမအကြိမ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးတွင် ဘွဲ့လွန်သုံးဦး၊ ဘွဲ့ရ ၁၃၂  ဦး၊ တက္ကသိုလ်ဝင်တန်းအောင်  ၁၉ ဦး၊ တက္ကသိုလ်ဝင်တန်းအောက်  ၁၄  ဦး၊   ဒုတိယအကြိမ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်  ၁၆၈ ဦးတွင် ဘွဲ့လွန်တစ်ဦး၊  ဘွဲ့ရ    ၁၄၈  ဦး၊ တက္ကသိုလ်ဝင်တန်းအောင် ၁၂ ဦး၊ တက္ကသိုလ်ဝင်တန်းအောက် ခုနစ်ဦးတို့ဖြစ်သည်။ သို့ဖြစ်၍ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ရွေးချယ်ခဲ့သော   လွှတ်တော်ကိုယ်စားလှယ်များမှာ   ဆယ်တန်း မအောင်သူ  ၄၂ ဦးနှင့် ဘွဲ့မရသူ ၉၉ ဦး ပါဝင်ခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များမှာ ဆယ်တန်းမအောင်သူ  ၂၉ ဦးနှင့် ဘွဲ့မရသူ ၇၇  ဦး ပါဝင်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ရွေးကောက်ပွဲ အာမခံငွေသတ်မှတ်ချက်များ အနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၃၇ အရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်း သတ်မှတ်ထားရှိပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွက်  ရွေးကောက်ပွဲဝင်ခွင့်မှတ်ပုံတင်ကြေး     ငွေကျပ်သုံးသိန်း ပြင်ဆင်ခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံများ၏ လွှတ်တော်များကို လေ့လာရာတွင် လွှတ်တော် နှစ်ရပ်ရှိသော နိုင်ငံများတွင် လွှတ်တော်များ၏  သက်တမ်းမတူညီ သည်ကိုတွေ့ရှိရပြီး အထက်လွှတ်တော်များ၏ သက်တမ်းမှာ  ပို၍ ရှည်ကြာသည်ကို တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း  သတ်မှတ်ချက်များကိုလည်း  အောက်လွှတ်တော် ကိုယ်စားလှယ်များထက် ပိုမိုကန့်သတ်ထားရှိပါသည်။ များသောအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပညာအရည်အချင်း ကန့်သတ်သည် ဖြစ်စေ၊       မကန့်သတ်သည်ဖြစ်စေ       ဘွဲ့ရပညာတတ်များ၏ ကိုယ်စားလှယ်အရေအတွက်    များပြားသည်ကို    တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏  အရည်အချင်းများကို မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီအောင် ပြဋ္ဌာန်းခဲ့ကြပါသည်။
နိဂုံး
မြန်မာနိုင်ငံ၏ လျှောက်လှမ်းခဲ့ရသည့်   နိုင်ငံရေးခရီးလမ်းက ကြမ်းတမ်းခဲ့ပါသည်။ ဆက်လက်လျှောက်လှမ်းရမည့် ခရီးအတွက် အရည်အချင်းပြည့်မီသော     လွှတ်တော်ကိုယ်စားလှယ်     လူတော် လူကောင်းများရရှိရေးမှာ အရေးကြီးသော လိုအပ်ချက်ဖြစ်ပါသည်။  လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းများကို ဖြစ်သင့်ဖြစ်ထိုက် သော ပညာအရည်အချင်း၊ တိုင်းရင်းသားလူမျိုး  ကိုယ်စားလှယ်များ ပါဝင်နိုင်မှု၊ ရွေးကောက်ပွဲအာမခံကြေးနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်တွင် အခြေချနေထိုင်သူဖြစ်ရန်တို့ကို    သတ်မှတ်ချက်များ    ထားရှိရန် လိုအပ်ပါသည်။  ထို့အပြင် အကျင့်စာရိတ္တ၊  ဥစ္စာဓနနှင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တို့ရှိရမည့်အပြင်   နိုင်ငံအတွက် ဥပဒေရေးဆွဲရာ တွင်လည်းကောင်း၊  အုပ်ချုပ်ရေးနှင့်   တရားစီရင်ရေးကဏ္ဍများကို စောင့်ကြည့်ထိန်းညှိသည့်လုပ်ငန်းများကို        ဆောင်ရွက်ရာတွင် လည်းကောင်း အရည်အချင်းပြည့်ဝစွာ ဆောင်ရွက်နိုင်စွမ်းရှိရပါမည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသောနိုင်ငံများတွင်    ရွေးကောက်ပွဲများ ကျင်းပပြုလုပ်၍ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ကြရ သည်။   လွှတ်တော်ကိုယ်စားလှယ်များသည်   နိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင်    ပါဝင်ဆောင်ရွက်ကြရသဖြင့်       နိုင်ငံ့ ကောင်းကျိုး၊ ဆိုးကျိုးများကို ဖော်ဆောင်ထင်ဟပ်လျက်ရှိပါသည်။ ဒီမိုကရေစီအစိုးရများသည်       မိမိတို့ဆောင်ရွက်လိုသည်များကို ဥပဒေပြဋ္ဌာန်း၍ ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြရပေသည်။ သို့ဖြစ် ၍ ပါလီမန်လွှတ်တော်   ကိုယ်စားလှယ်များအနေဖြင့်  မိမိတို့နိုင်ငံ အတွက် အကျိုးဖြစ်စေမည့် ဥပဒေများကိုပြဋ္ဌာန်းရန် အဓိကတာဝန် ဖြစ်လာပါသည်။ တာဝန်ခံ တာဝန်ယူမှုရှိသော၊ တာဝန်ကျေပွန်သော လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ မူဝါဒများ၊ ဥပဒေများအပေါ် နားလည်သဘောပေါက်နိုင်စွမ်း၊   ခွဲခြမ်းစိတ်ဖြာ   သုံးသပ်နိုင်စွမ်း၊ ဝေဖန်ဆန်းစစ်နိုင်စွမ်း၊ အတည်ပြုပြဋ္ဌာန်းနိုင်စွမ်းနှင့် ခေတ်နှင့်မလျော် ညီသော  ဥပဒေများကို အစားထိုးပယ်ဖျက် ဆောင်ရွက်နိုင်စွမ်းစသည့် အရည်အချင်းကောင်းများ      ရှိကြရမည်ဖြစ်ပါသည်။    နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ဒေသတွင်း လတ်တလောဖြစ်ပေါ် နေသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများ၊ ပထဝီနိုင်ငံရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ကပ်ရောဂါအတွေ့အကြုံများကို နားလည်နိုင်စွမ်းရှိသော၊ ဆင်ခြင်သုံးသပ်ဆောင်ရွက်နိုင်စွမ်းရှိသော အရည်အချင်းနှင့်ပြည့်စုံသည့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ် ကြရန်လိုအပ်ပါသည်။ သို့ဖြစ်၍ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများ အတွက်    နိုင်ငံရေးပါတီများအနေဖြင့်     အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းများကို     လေ့ကျင့်မွေးထုတ်ရွေးချယ်၍ ဝင်ရောက်ယှဉ်ပြိုင်ကြစေလိုပါသည်။ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လည်း နိုင်ငံ့တာဝန်ကို အမှန်တကယ်ထမ်းဆောင်နိုင်မည့် လွှတ်တော် အမတ်များ၏  အရည်အချင်းကို ကြည့်ရှုလေ့လာ၍ ရွေးချယ်ကြရန် တိုက်တွန်းတင်ပြလိုက်ရပါသည်။
ရည်ညွှန်းချက်များ-
(၁)    မြန်မာ့နိုင်ငံရေးဖြစ်စဉ်အကျဉ်း
(၂)    ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန်
(၃)    ဒီမိုကရေစီဒုတိယခေတ်နှင့် မြန်မာနိုင်ငံ
(၄)    နိုင်ငံရေးနှင့် နိုင်ငံရေးပါတီ
(၅)    မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့်
    လက်လွှတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ
(၆)    မြန်မာ့နိုင်ငံရေး (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ)
(၇)    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ
    ဥပဒေ (၂၀၀၈ ခုနှစ်)
(၈)    ကမ္ဘာ့နိုင်ငံအချို့၏ လွှတ်တော်ကိုယ်စားလှယ်အရည်ချင်း
    သတ်မှတ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား လေ့လာခြင်း
    စာတမ်း
(၉)    ရွေးကောက်ခံ   ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်များ
    ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ စာတမ်း
(၁၀)    ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ
    ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ စာတမ်း