
ရန်ကုန် မေ ၄
လွန်ဆွဲခြင်းဆိုသည်မှာ မြန်မာနိုင်ငံ ၏ ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်သောကြောင့် ထိန်းသိမ်းသင့်ပြီး လက်လွတ်စပယ် ဝေဖန်ပြောဆိုရန် မသင့်ကြောင်း မင်းတုန်းမင်းတရားကြီး၏ တွတ်တော်စပ် သူ မြန်မာမှုပညာရှင် ကိုထိပ်တင်စည်သူ ဟိန်းက ပြောဆိုသည်။
လက်ရှိတွင် ရာသီဥတုပူပြင်းသည့် အတွက် လွန်ဆွဲပွဲများကို မြို့ကြီးအချို့ ၌ ပြုလုပ်နေရာတွင် လူမှုကွန်ရက်သုံးစွဲသူ
အချို့က မပြုလုပ်သင့်ကြောင်းနှင့် ခေတ်နောက်ပြန်ဆွဲသည်ဟု ဝေဖန်မှု များရှိနေသည့်အပေါ် ၎င်းက အထက်ပါအတိုင်း သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာတွေရဲ့ရိုးရာယဉ်ကျေးမှုမှာမကောင်းတာဆို ပယ်ရမှာပါ။ ဒါပေမယ့် ဒီလွန်ဆွဲတယ်ဆိုတာက ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူး။ နောက်ပြီး ငရံ့မင်း ပရိတ်ရွတ်တယ်။ ဒါကတော့ဗုဒ္ဓဘာသာကိုအခြေခံတဲ့ ယဉ်ကျေးမှုဓလေ့နဲ့ရွတ်တယ်။ နောက်ပြီးတော့လည်း ဒါက ဒီအောက် ပြည်အောက်ရွာမှာ လုပ်တဲ့ဓလေ့တော့ မရှိဘူး။ အထက်အညာမှာ မိုးခေါင်ရေရှားတဲ့ဒေသတွေမှာ လုပ်လေ့ရှိကြတယ်။ လုပ်တဲ့အပြင် သူတို့ ယုံကြည်ချက်အတိုင်း နောက်ရက်တွေမှာ မိုးရွာတယ်ပေါ့နော်။ ယုံကြည်ပြီးတော့ လုပ်ခဲ့တယ်။ ဒါက နှစ်ကာလအတိအကျလို့ မပြောနိုင် ပေမယ့် အင်းဝခေတ်၊ ညောင်ရမ်းခေတ်ကတည်းက လုပ်လာခဲ့တယ် ပေါ့။ နှစ်ထောင်ချီခဲ့ပြီပေါ့။ ဒီဓလေ့ဟာ နှစ်ထောင်ချီခဲ့ပြီဆိုတော့ ကျွန်တော်တို့ လက်ထက်မှာမပျောက်သင့်ဘူး” ဟု ကိုထိပ်တင်စည်သူ ဟိန်းက ဆက်လက်ပြောသည်။
အချို့က လွန်ဆွဲခြင်းသည် အပျော်သက်သက်သာ ပြုလုပ်သည် ဟု ဆိုကြသော်လည်း ယုံကြည်ချက်များအရ မိုးခေါင်ကျော်စွာနတ်နှင့် ဆက်သွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကြပြီး အဆိုပါအချက်ကိုလည်း နက်နက်ရှိုင်းရှိုင်းယုံကြည်ထားကြသည်။
“ငရံ့မင်းပရိတ်ရွတ်တယ်ဆိုတာ ဒါရှေးအစဉ်အလာပေါ့။ ဘုရား အလောင်း ငရံ့မင်းအရုပ်ကို ရေသွန်းပြီးတော့ အဲဒီလိုပရိတ်ရွတ်တာပေါ့။ ထူးခြားချက်က နောက်တစ်ရက်ဆို မိုးက ရွာတယ်။ ဒါရှေးအစဉ်အဆက် ကတည်းက ဓလေ့ပေါ့။ ဒါကလည်း ဒြပ်မဲ့ယဉ်ကျေးမှုပေါ့။ ဒြပ်မဲ့ ယဉ်ကျေးမှုက အကောင်အထည်ဖော်ပြလို့မရဘူး ဒါစိတ်ခံစားမှုပေါ့။ လူတွေရဲ့ စိတ်ထဲမှာ ဒါကိုယုံကြည်တယ်။ ဒါကိုအစဉ်အဆက်လုပ်တယ် ပေါ့နော်။ ကျွန်တော်တို့တွေက သူများလုပ်ပြမှ ရိုးရာယဉ်ကျေးမှုတွေ ကို ခိုးမှ ငါတို့ယဉ်ကျေးမှုအခိုးခံရတယ်ပြောပြီးတော့ ဒီလိုမျိုးရိုးရာ ယဉ်ကျေးမှုကို အမှန်အကန်လုပ်နေတာကို မလုပ်သင့်ပါဘူးလို့ အပိုလုပ် တာတို့ပြောတာကတော့ ဘယ်လိုပြောမလဲ ပြောင်းပြန်ကျတယ်ပေါ့” ဟု ၎င်း၏အမြင်ကို ရှင်းပြသည်။
အဆိုပါ မိုးခေါ်လွန်ဆွဲကျင်းပခြင်းဖြင့် စည်းလုံးညီညွတ်မှုအင်အား ကိုပြသခြင်းနှင့် အားကစားတစ်ရပ်အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။
“မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေ ဒါချစ်စရာပေါ့။ နောက်ပြီး တော့ စည်းလုံးညီညွတ်မှုအင်အားပြတယ်။ ဒါက ကိုယ့်ရပ်ရွာထဲက လူတွေအချင်းချင်း လုပ်ကြတဲ့ပွဲလေးပေါ့။ ပြောရမယ်ဆို ဒါအားကစား တစ်ရပ်လို့တောင် ပြောလို့ရတယ်။ ဒီကြားထဲမှာ နောက်မိုးခေါင်ကျော်စွာ နတ်ကို ပသတယ်ပေါ့နော်။ လွန်ဆွဲတယ်၊ ငရံ့မင်းပရိတ်ရွတ်တယ်၊ နောက်ဘုရားလောင်းငရံ့ပုံစံကိုရေသွန်းတယ်၊ ဒါတွေက မပျောက်ကွယ် သင့်ဘူး။ မြန်မာတွေအနေနဲ့ ဒါကိုအစဉ်အဆက် လုပ်ရမယ်” ဟု မြန်မာမှုပညာရှင် ထိပ်တင်စည်သူဟိန်းက ပြောသည်။ Thit Taw