လက်ထောက်မူလတန်းပြ ဆရာ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်

 

ဘားအံ   ဇွန်  ၅


၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်း လက်ထောက် မူလတန်းပြ ဆရာ ဆရာမများ ခန့်ထားနိုင်ရေးအတွက် လုပ်ငန်းခွင် အကြိုရက်တို သင်တန်းကို ဇွန် ၄ ရက်က ဘားအံမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ဖွင့်လှစ်သည်။ 

 


သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ယခုပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ အားလုံးနီးပါး ကျောင်းပြန်လည်တက်ရောက်ကြသည့်အတွက် ကျောင်း အပ်နှံမှုနှုန်းမြင့်မားသကဲ့သို့    ကျောင်းတက်ရောက်မှုနှုန်းမှာလည်း တိုးတက်မြင့်မားလာကြောင်း၊ ကျောင်းသားဦးရေ တိုးလာသည်နှင့်အမျှ ဆရာ    ဆရာမများ   လိုအပ်ချက်လည်းဖြစ်ပေါ်လာနိုင်ကြောင်း၊ လက်ထောက်မူလတန်းပြများအဖြစ် ခန့်ထားခံရသူများအနေဖြင့် ယခု ရက်တိုသင်တန်းတွင်   အတွေ့အကြုံရင့်ကျက်သည့်  သင်တန်းနည်းပြ ဆရာ ဆရာမများ၏ သင်ကြားမှုများကို အာရုံစိုက်လိုက်နာပြီး လေ့လာ သင်ယူကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်က  ဘားအံ၊   သံတောင်ကြီး၊ လှိုင်းဘွဲ၊  ဖာပွန်မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၅၅ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၁၁ သိန်းကို ပေးအပ်ပြီး သင်တန်းသား သင်တန်းသူ များအား  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍    အားပေးစကားပြောကြား ခဲ့သည်။

 


အဆိုပါ လုပ်ငန်းခွင်အကြိုသင်တန်းတွင် အခြေခံပညာအထက်တန်း ကျောင်းအုပ်များက   ဆရာ   ဆရာမများအား  ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်း၊   နိုင်ငံ့ဝန်ထမ်းဥပဒေ၊   နည်းဥပဒေ၊  ဆရာကျင့်ဝတ်နှင့် ကိုယ်ကျင့်သိက္ခာ၊   ပညာရေးမူဝါဒများ၊  ၂၁  ရာစု  ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ သင်ကြားရေးဆိုင်ရာများနှင့် သင်ယူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးအညွှန်းကိန်းများ အစရှိသော ဘာသာရပ်များကို ဇွန် ၄ ရက်မှ ၁၀ ရက်အထိ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး   အလားတူ  ယခုကဲ့သို့   ကာလတိုသင်တန်းများကို ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များ တွင်လည်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)