
ကျိုင်းတုံ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည် နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော် (၂၀၂၂) ကို ဇန်နဝါရီလ ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိလွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန်တွင် ရှမ်းအရှေ့ဒေသရှိ ပြည်သူများ သွားရောက်ကြည့်ရှုဓာတ်ပုံရိုက်လေ့ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၎င်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော် အား နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ်ကို ရက်သတ်မှတ်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် ခရီးသွားလုပ်ငန်း မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်တွင် ရှမ်း၊ အာခါ၊ လားဟူ၊ ဝ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲ တာဝန်ခံ ဦးမင်းမောင်စိုးထံမှ သိရသည်။
ထို့အတူ မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် အဆိုပါရာသီ၌ ချယ်ရီပန်းများပွင့်ကြသော်လည်း လွိုင်မွေဒေသကဲ့သို့ ချယ်ရီပန်းများ အစုလိုက်အပြုံလိုက် ပွင့်သောနေရာ ရှားပါးပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ၌ နှစ်စဉ် ဒီဇင်ဘာလ ကုန်ပိုင်းမှ ဇန်နဝါရီလကုန်ပိုင်းအထိ တစ်လကြာ ချယ်ရီပန်းများပွင့်လျက်ရှိသည့်အတွက် ချယ်ရီပန်းပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော် ၂၀၂၂ ကို ဇန်နဝါရီ ၆ ရက်တွင် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)