လွိုင်မွေဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲကျင်းပမည်

 

ကျိုင်းတုံ    ဒီဇင်ဘာ ၂၀


ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)တို့ ပူးပေါင်း၍ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ (၂၀၂၃)ကို ဒီဇင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေတောင် စခန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ် လွိုင်မွေဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသား လူမျိုးများ၏    ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက်များ၊    အစားအစာများလည်း တိုးတက်အောင်မြင်မှု ရရှိစေရန်အတွက် ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲ(၂၀၂၃)ကို ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။ 


လွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန် တွင်   ရှမ်းအရှေ့ဒေသရှိ    ပြည်သူများ သွားရောက်ကြည့်ရှု ဓာတ်ပုံရိုက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌စေရန် နှင့် ယင်းဒေသရှိ ချယ်ရီပင်များ ရေရှည် ထိန်းသိမ်းစောင့်‌ရှောက်နိုင်ရန် ရည်ရွယ် ၍ လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော်ကို နှစ်စဉ်    ဆောင်းရာသီကာလအတွင်း ချယ်ရီပန်းများပွင့်ချိန်   ရက်သတ်မှတ် ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် ချယ်ရီ ပန်းပွဲတော်နှင့်အတူ တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ  ကျင်းပသွားမည်ဖြစ် ကြောင်း၊ ပွဲတော်ကို ပြည်တွင်းပြည်ပခရီး သွားများ လာရောက်လည်ပတ်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း  မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပွဲတော်တွင် ရှမ်း၊ အာခါ၊ လားဟူ၊ ‘ ဝ ’  စသည့်   ဒေသခံ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ‌ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။ 


ပင်လယ်ရေပြင်အထက် ၅၅၄၂ ပေ တွင်တည်ရှိသည့်လွိုင်မွေဒေသတွင် နှစ်စဉ် ဒီဇင်ဘာလမှ ဇန်နဝါရီလများတွင်  တစ်လ ကြာခန့် ချယ်ရီပန်းများ ပွင့်လျက်ရှိကြောင်း သိရသည်။    

အောင်ဇင်မြင့်(ပြန်/ဆက်)