
လှိုင်းဘွဲ ဇူလိုင် ၂၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၌ မိုးများ အဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျ ရေစီးဆင်းမှုကြောင့် ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာ အုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ဘုရား ကုန်းကျေးရွာအနီး တံတားအမှတ်(၃/၂၂)၊ အရှည်ပေ ၂၀၊ အကျယ်ပေ ၃၀၊ အမြင့် ၁၀ ပေရှိသော သံကူ ကွန်ကရစ်တံတားတစ်စင်းနှင့် ထီလုံ-တာပေါင်-ပတ - နဘူး - ကော့ကရိတ် (တံတားကျိုး) အာရှ ကားလမ်းမကြီးပေါ်ရှိ ကြက်တူရွေးကျေးရွာအုပ်စု ကွန်းစုကျေးရွာနှင့် ကော့ကျားမကော်ကျေးရွာ အကြား တံတားအမှတ်(၁/၂၃)၊ အရှည် ၁၀ ပေ၊ အကျယ်ပေ ၃၀၊ အမြင့် ၁၀ ပေရှိသော သံကူကွန်ကရစ် တံတားတစ်စင်း စုစုပေါင်း တံတားနှစ်စင်းတို့မှာ တောင်ကျရေတိုက်စားမှုတို့ကြောင့် ဇူလိုင် ၂၅ ရက် ည ၇ နာရီခွဲက ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရ သည်။
အဆိုပါ တံတားနှစ်စင်းပြိုကျမှုတို့ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် လှိုင်းဘွဲမြို့၌ ယမန်နေ့က မိုးရေချိန် ၅ ဒသမ ၉၁ လက်မ၊ ရှမ်းရွာသစ်မြို့၌ ၁၅ ဒသမ ၇၅ လက်မအထိ မိုးသည်းထန်စွာရွာသွန်းခဲ့ သဖြင့် လှိုင်းဘွဲချောင်းရေ၏ စိုးရိမ်ရေအမှတ် ၉၈၀ စင်တီမီတာအထက် ၁၀၄၄ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် လှိုင်းဘွဲမြို့လယ်ရှိ လမ်းများမှာ ရေအနက် သုံးပေကျော်အထိ ချောင်းရေဝင်ရောက်ခဲ့သည့်အတွက် မော်တော်ယာဉ်ငယ်များနှင့် လူများသွားလာ ရခက်ခဲလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေါနတောင်တန်းနှင့် ဆက်စပ်လျက်ရှိသောတောင်တန်းများပေါ်၌ မိုးများ အဆက်မပြတ်သည်းထန်စွာရွာသွန်း ချိန်များ၌ တောင်ကျရေစီးဆင်းမှုဖြစ်ပွားရာတွင် လှိုင်းဘွဲမြို့နယ်အတွင်း ရှိ ရှမ်းရွာသစ်မြို့သည် မြေမျက်နှာပြင်အမြင့်ပိုင်းတွင် တည်ရှိသဖြင့် ရေကြီးရေလျှံမှုဒဏ်ကို မခံစားရကြောင်း၊ လှိုင်းဘွဲမြို့နှင့် ပိုင်ကျုံမြို့ တို့သည် မြေနိမ့်ပိုင်းဒေသတွင်တည်ရှိသည့်အတွက် မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအများစုမှာ ရေကြီး၊ ရေလျှံမှုအန္တရာယ်များကို နှစ်စဉ် နီးပါး ကြုံတွေ့ခံစားနေကြရကြောင်း ဒေသနေပြည်သူများက ပြောသည်။
မြို့နယ်(ပြန်/ဆက်)