
နေပြည်တော် အောက်တိုဘာ ၂၀
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၂-၁၀-၂၀၂၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့၌ မုန်တိုင်းငယ်အဖြစ် သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၂ ရက်နေ့ တွင် အားကောင်းသော မုန်တိုင်း ငယ်အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြောက်ဘက်သို့ပြန်ကွေ့ကာ ၂၄-၁၀-၂၀၂၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း အားကောင်းလာနိုင်သည်။ ထို့နောက် မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၅-၁၀-၂၀၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ် - ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ၂၂-၁၀-၂၀၂၂ ရက်နေ့ မှ ၂၆-၁၀-၂၀၂၂ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြားနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။
သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
မိုး/ဇလ