လေဖိအားနည်းရပ်ဝန်းအခြေအနေ

 

နေပြည်တော် မတ် ၁၈
ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင် လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာပြီး ကနဦးတွင် အ‌ရှေ့-အ‌ရှေ့မြောက်ဘက်သို့ ‌ရွှေ့လျားကာ ကပ္ပလီပင်လယ်ပြင်၊ နီကိုးဘားကျွန်းနှင့် ကိုကိုးကျွန်းတို့ အနီးတွင် (၂၀.၃.၂၀၂၂) ရက်၌  မုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ (၂၁.၃.၂၀၂၂) ရက်၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း    အားကောင်းနိုင်လာပြီး  မြောက်-အရှေ့မြောက်ဘက်သို့   ဆက်လက်‌ ရွေ့လျားကာ    (၂၂.၃.၂၀၂၂)   ရက်တွင်   ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့ညနေမှ (၂၀.၃.၂၀၂၂) ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊  ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။  မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ  ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းအပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်   ရှစ်ပေမှ (၁၀) ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍   လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်  မိုးရွာ သွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန်ပင်လယ်ပြင်တို့ရှိ  ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ