လေဖိအားနည်းရပ်ဝန်း အားပျော့ပျက်ပြယ်ပြီး အစိမ်းရောင်အဆင့် သတ်မှတ်

 

နေပြည်တော်   မတ်   ၂၃


ယနေ့ ညနေ ၅ နာရီခွဲတိုင်းထွာချက်များအရ မကွေးတိုင်းဒေသကြီး မင်းလှမြို့အနီးမှ    ရွေ့လျားခဲ့သော   လေဖိအားနည်းရပ်ဝန်းသည် အားပျော့ပျက်ပြယ်သွားခဲ့ပြီး   ဖြစ်ပါသဖြင့်   အစိမ်းရောင်အဆင့့်ဟု သတ်မှတ်သည်။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေပြီး ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေသည်။

 


နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့်   မွန်ပြည်နယ်တို့တွင်  နေရာ စိပ်စိပ်နှင့်   ကျန်တိုင်းဒေသကြီးနှင့်  ပြည်နယ်တို့တွင်  နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင်   ဒေသအလိုက်နှင့်  နေပြည်တော်၊  ရှမ်းပြည်နယ်နှင့်  ရခိုင် ပြည်နယ်တို့တွင် နေရာကွက်၍  မိုးကြီးနိုင်သည်။   ရွာရန်ရာနှုန်း ၈၀  ဖြစ်သည်။

 


မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ      မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅  မိုင်အထိ  တိုက်ခတ်နိုင်သည်။   လှိုင်းအမြင့်မှာ   မြန်မာ့  ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ် ပေမှ ကိုးပေခန့် ရှိနိုင်သည်။ 

 


မနက်ဖြန်အတွက်  ခန့်မှန်းချက်မှာ   နေပြည်တော်၊  စစ်ကိုင်း တိုင်းဒေသကြီး  အောက်ပိုင်း၊   မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်း ဒေသကြီး၊    တနင်္သာရီတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်၊  ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်   နေရာစိပ်စိပ်မှ    နေရာအနှံ့အပြား    မိုးထစ်ချုန်းရွာနိုင် သည်။


မိုး/ဇလ