လေပွေလှိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေရာကွက်၍မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နိုင်

 

နေပြည်တော်   မေ  ၂၄
ယနေ့ မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များ အရ အရှေ့ဘက်မှ  ရွေ့လျားလာသော လေပွေလှိုင်းများ၏   အရှိန်ကြောင့် လည်းကောင်း၊  အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ ဖိလစ်ပိုင်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော  တိုင်ဖွန်းမုန်တိုင်း “မဝါ” (Mawar)မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း မေ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် နှင့် နေရာကွက်၍   မိုးကြီးခြင်းများနှင့် အတူ    လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
မြစ်ဝကျွန်းပေါ်၊  မုတ္တမကွေ့၊  မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် နှင့်     ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ     မိုးသက်လေပြင်းများ ကျရောက်ပြီး    လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။     လှိုင်းအမြင့် မှာ မြစ်ဝကျွန်းပေါ်၊  မုတ္တမကွေ့၊  မွန်- တနင်္သာရီ   ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။                                         
မိုး/ဇလ