
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ( ၇၆၀ /၂၀၂၃ )
၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်
( ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် )
ပြည်ထဲရေးဝန်ကြီးဌာနသည် လောင်းကစားဥပဒေပုဒ်မ ၂၇၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။
(ယမန်နေ့မှအဆက်)
(၂) ဝရမ်းတွင် သတ်မှတ်ဖော်ပြထားသည့် ကာလအတွင်း ကာစီနိုအတွင်း ဝင်ရောက်ကစားသူ မြန်မာနိုင်ငံသား ကို ဝင်ရောက်ဖမ်းဆီးနိုင်ခြင်းမရှိလျှင် မည်သည့် အတွက် ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း အကျိုး ကြောင်း ဖော်ပြချက်ပါရှိသည့် လောင်းကစားဝရမ်း အတည်မဖြစ်ကြောင်း အစီရင်ခံစာ [ပုံစံ-ဂ(၁)] နှင့်အတူ ဝရမ်းကို ဝရမ်းထုတ်ပေးသူထံ ဆောလျင် စွာ ပြန်လည်တင်ပြအပ်နှံရမည်။
(ခ) အပိုဒ်ခွဲ(က) အရ ပြန်လည်တင်ပြသည့် အစီရင်ခံစာကို ရရှိလျှင် ဝရမ်းထုတ်ပေးသူသည် အမှုတွဲတွင် ပူးတွဲ ထားရမည်။
၃၁။ အပိုဒ် ၃၀၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် (၁) အရ လောင်းကစား ဝရမ်းအတည်ဖြစ်ကြောင်း အစီရင်ခံစာ (ပုံစံ-ဂ) ကို လက်ခံရရှိပါက အပိုဒ် ၂၇ အရ ဝရမ်းထုတ်ပေးသူသည်-
(က) မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်လျှင် ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့ လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော် ရဲတပ်ဖွဲ့မှူးထံသို့ လည်းကောင်း၊ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး သို့မဟုတ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော်ရဲတပ်ဖွဲ့ မှူး သို့မဟုတ် ဒုတိယနေပြည်တော်ရဲတပ်ဖွဲ့မှူးဖြစ်လျှင် ရဲချုပ်ထံသို့လည်းကောင်း ၂၄ နာရီအတွင်း အစီရင်ခံ တင်ပြရမည်။
(ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဌာနကြီးမှူး (မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး) သို့မဟုတ် ဒုတိယရဲချုပ်ဖြစ်လျှင် ရဲချုပ်ထံ အစီရင်ခံတင်ပြရမည်။
အခန်း(၈)
အထွေထွေ
၃၂။ လောင်းကစားဖမ်းဆီးသူသည်-
(က) လောင်းကစားကိရိယာများ၊ ငွေကြေးနှင့်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းခြင်း၊ လောင်းကစားခြင်း၌ ပါဝင်သူ များအား ဖမ်းဆီးခြင်းများကို အီလက်ထရောနစ် နည်းပညာတစ်မျိုးမျိုးဖြင့် မှတ်တမ်းတင်နိုင်သည်။
(ခ) အပိုဒ်ခွဲ(က) ပါ မှတ်တမ်းကို ယင်းအမှုအား တရားစွဲဆို သည့်အခါ တရားရုံး၌ သက်သေခံချက်အဖြစ် တင်ပြရမည်။
၃၃။ ဥပဒေပါ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုခြင်းခံရသူကို ဥပဒေပုဒ်မ ၂၄ အရ တရားလိုပြသက်သေအဖြစ် အစစ်ခံချက်ပေးစေရန် အောက်ပါ အတိုင်း ဆောင်ရွက်ရမည်-
(က) ပူးတွဲတရားစွဲဆိုခြင်းခံရသူများအား ပြစ်မှုထင်ရှားစီရင် နိုင်စေရန်အလို့ငှာ ကိုယ်တိုင်ပါဝင်ကျူးလွန်ပြီး ပူးတွဲ တရားစွဲဆိုခြင်းခံရသူများ ကျူးလွန်ကြောင်းကိုလည်း ပြည့်စုံခိုင်လုံစွာ ထွက်ဆိုချက်ပေးနိုင်စေရန် ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ဥပဒေရုံးမှတစ်ဆင့် တရားရုံးသို့ စာဖြင့် တင်ပြရမည်။
(ခ) လောင်းကစားခြင်း၌ လောင်းကြေးလက်ခံသူ၊ လောင်းကစားဒိုင်၊ စီမံခန့်ခွဲသူ၊ လောင်းကစားအိမ်ရှင် သို့မဟုတ် လောင်းကစားဒိုင်ပြုသူကို တရားလိုပြသက်သေ အဖြစ် တင်ပြခြင်းမပြုရ။
(ဂ) အပိုဒ်ခွဲ(က) အရ တင်ပြခြင်းအား အမှုကိုတရားစွဲတင် ပြီးနောက် တရားလိုပြသက်သေများ စစ်ဆေးခြင်းမပြုမီ သော်လည်းကောင်း၊ စစ်ဆေးနေဆဲ၌သော်လည်းကောင်း တင်ပြနိုင်သည်။
၃၄။ ဥပဒေပုဒ်မ ၂၅ အရ တရားရုံးက သတင်းပေးသူအား လည်းကောင်း၊ ဖမ်းဆီးရာတွင်ပါဝင်သူတို့အားလည်းကောင်း ချီးမြှင့် သည့်ဆုငွေကို စနစ်တကျပေးအပ်နိုင်ရန် သတင်းရရှိချိန်မှစ၍ ဖမ်းဆီး ရာတွင် ပါဝင်သူတို့၏ အမည်၊ မှတ်ပုံတင်အမှတ်၊ အဆင့်၊ တာဝန် ထမ်းဆောင်သည့် နေရာဒေသ စသည်တို့ကို ဦးဆောင်ဖမ်းဆီးသည့် ပုဂ္ဂိုလ်က မှတ်တမ်းထားရှိရမည်။
၃၅။ သတင်းပေးသူအား ဆုချီးမြှင့်ရာတွင် ၎င်း၏အမည်ကို လျှို့ဝှက် ထားရှိရမည်။ သတင်းပေးသူအား ဆုချီးမြှင့်နိုင်ရေးအတွက် သတင်း ပေး အမည်အား သက်ဆိုင်ရာတရားသူကြီးထံ လျှို့ဝှက်၍ စာဖြင့် တင်ပြရမည်။
၃၆။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ရဲစခန်းနယ်မြေအတွင်း လောင်းကစား မှုဖြင့်လည်းကောင်း၊ လောင်းကစားမှုဖြစ်မြောက်စေရန် အားပေးခြင်း သို့မဟုတ် ကူညီခြင်းဖြင့်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပြု နေကြောင်း ကျော်စောသတင်းရှိသူအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၀၉၊ ၁၁၀ အရ အရေးယူရမည်။
၃၇။ လောင်းကစားဥပဒေအရ အရေးယူခြင်းနှင့် စပ်လျဉ်း၍ ဤလုပ်ထုံးလုပ်နည်းများတွင် သတ်မှတ်ထားခြင်းမရှိလျှင် ရာဇဝတ် ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင် သည်။
၃၈။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၁၉၈၇ ခုနှစ်၊ ဇွန်လ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁/၈၇) အရ ထုတ်ပြန်ထားသည့် လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဤလုပ်ထုံး လုပ်နည်းများဖြင့် ပယ်ဖျက်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန