
လွိုင်ကော် ဧပြီ ၂၉
ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအား တွေ့ဆုံ၍ အမှာစကားပြောကြားခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော မိမိတို့နိုင်ငံတွင် တိုင်းရင်းသားများ၏အရေးကို ဆောင်ရွက်ရာ၌ တိုင်းရင်းသားအားလုံး တစ်ပြေးညီအကျိုးခံစားခွင့်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပြည်သူအားလုံးက အပြန်အလှန်လေးစားယုံကြည်မှုဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်မှသာ အရှိန် အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ် ကိုယ်စားပြု တက်ရောက်မည့် သင်တန်းသား သင်တန်းသူ များတွင် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ကျောင်းဆင်း ပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလို ကြောင်း အမှာစကား ပြောကြားသည်။
ထောက်ပံ့ငွေပေးအပ်
ဆက်လက်၍ သင်တန်းတက်ရောက်မည့် ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား သင်တန်း သူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၇ ဦးအတွက် ခရီးစရိတ်နှင့် ထောက်ပံ့ငွေကျပ် ၇၂၈၈၀၀၀ အားပေးအပ်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား ကိုယ်စားလှယ် နှစ်ဦးက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက သင်တန်းသား သင်တန်းသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားပြီး ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်ပေးမှုဖြင့် သင်တန်းသား သင်တန်းသူများကို သက်ဆိုင်သည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ အဆင်ပြေစွာ သွားရောက်နိုင်ရေး အတွက် စီစဉ်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရ သည်။
ကိုဇင်(လွိုင်ကော်)