
နေပြည်တော် ဇန်နဝါရီ ၁၁
ကယားပြည်နယ် လွိုင်ကော်မြို့ လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်များအတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး ပြည်သူလူထုအား အကာအကွယ်ရယူကာ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်၍ ထွက်ပြေးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်းလာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့သူများအား ဖမ်းဆီးရမိရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယား ပြည်နယ်အတွင်းရှိ ၎င်းတို့ ထွက်ပြေးနိုင်မည့် လမ်းကြောင်းများအား ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ စစ်ဆေးဆောင်ရွက်လျက် ရှိစဉ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ကွိုင်ငံရွာ ဟောင်းဘက်မှ မိုဆိုကျေးရွာဘက်သို့ မောင်းနှင် လာသည့် မော်တော်ယာဉ် ခုနစ်စီးကို တွေ့ရှိသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုခံယူနိုင်ရေး ရပ်တန့်စေခဲ့ရာ ရပ်တန့်မှုမရှိဘဲ မော်တော်ယာဉ်များပေါ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။ ထိုသို့ မောင်းနှင် ထွက်ပြေးသွားစဉ် မိုဆိုကျေးရွာအနီးရှိ တောင်ကုန်း များတွင် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက် သမားများကလည်း လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း၊ ဖြစ်စဉ်တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများနှင့် အကြမ်းဖက်သင်တန်း တက်ရောက်ရန် ပါဝင်လာသည့် လူသစ် အချို့တို့အား လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် မီးလောင်လွယ်သည့် စက်သုံးဆီများဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် အကြမ်းဖက်အဖွဲ့များ ကျေးရွာများမှ အဓမ္မကောက်ခံ ရယူသွားခဲ့သည့် စားသောက်ကုန် ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ခုနစ်စီးမှာ လည်း မီးလောင်ပျက်စီးခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဖွဲ့အစည်းအချို့ နှင့် အကြမ်းဖက်မှုကို အားပေး အားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့တို့က လူမှုကွန်ရက် စာမျက်နှာများတွင် တပ်မတော်နှင့် ဒေသခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့အကြား အထင်အမြင် လွဲမှားမှု များဖြစ်ပေါ်လာအောင် မဟုတ် မမှန်သတင်းများ လှုံ့ဆော်ထုတ်လွှင့်ရေးသား ဖော်ပြလျက်ရှိသဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ၊ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များ က ဒေသခံနယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများနှင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စိစစ်ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့ရာ ယင်းနေ့တွင် မိုဆိုကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် တရားမဝင် ဖောက်လုပ်ထားသော ဒီးမော့ဆို-ကွိုင်ငံရွာဟောင်း-ဒေါ့ကယားခူ-မိုဆို မြေသားလမ်းအတိုင်းမောင်းနှင် လာသည့် မသင်္ကာဖွယ်မော်တော်ယာဉ် ခုနစ်စီးအား တွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရန် ရပ်တန့်စေခဲ့ကြောင်း၊ မော်တော်ယာဉ်များမှာ ရပ်တန့်ခြင်းမရှိဘဲ မော်တော် ယာဉ်များပေါ်မှ အသင့်ပါလာသော လက်နက်ငယ် များဖြင့် ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့များကလည်း ပြန်လည်ပစ်ခတ်စဉ် မိုဆိုကျေးရွာအနီးတောင်ကုန်း များပေါ်၌ အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက် အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လာ ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန် ပစ်ခတ်မှု ကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား ရောက်ရှိခဲ့သည့် မော်တော်ယာဉ် ခုနစ်စီးမှာ လက်နက်ကြီး၊ လက်နက် ငယ် ကျည်နှင့် ဗုံးသီးများ ထိမှန်၍ ရှေ့ဆုံး မော်တော် ယာဉ်များ၌ တင်ဆောင်လာသော စက်သုံးဆီများပေါက်ကွဲမီးလောင်ခဲ့ကြောင်း၊ မီးလောင်နေသည့် ကားမှတစ်ဆင့် ကျန်မော်တော်ယာဉ်များအား လျင်မြန်စွာ မီးကူးစက် ခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပစ်ခတ်မှုကြားမှ အတတ်နိုင်ဆုံး ယာဉ်ပေါ် လိုက်ပါသူများအား ကယ်ထုတ်ရန် ကြိုးပမ်းသော် လည်း မီးလောင်မှုအရှိန်နှင့် တစ်ဖက်၏ ပစ်ခတ်မှုများ ကြောင့် ကယ်တင်နိုင်မှုမရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေး နီးစပ်ရာ မြို့အတွင်းရှိ မီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ်များ ကို အကူအညီ တောင်းခံသော်လည်း အကြမ်းဖက် သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် မီးသတ်ယာဉ်များပျက်စီးခြင်းနှင့် CDM လှုပ်ရှားမှုများ ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ အင်အားလျော့နည်း ခြင်းတို့ကြောင့် လာရောက်မီးငြှိမ်းသတ်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
ဒီးမော့ဆိုမြို့မှ မိုဆို ကျေးရွာသို့ အများပြည်သူ များ သွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်း သည် ဒီးမော့ဆို-ဖရူဆို ကတ္တရာလမ်းမှတစ်ဆင့် မိုဆို ကျေးရွာသို့ သွားရောက်ရခြင်းသာဖြစ်သော်လည်း ယခုထိတွေ့မှုဖြစ်ပွားသည့် အကြမ်းဖက်သမားများ အနေဖြင့် တရားမဝင်ဖောက်လုပ်ထားသည့် ဒီးမော့ဆို - ကွိုင်ငံရွာဟောင်း - ဒေါ့ကယားခူ - မိုဆို မြေသားလမ်းအတိုင်း ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ပြေးလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့ပစ်ခတ်မှုဖြစ်ပွား နေစဉ် မိုဆိုကျေးရွာမှ ကျေးရွာသားများက ကျေးရွာ ရှိ ဒေသခံနယ်ခြားစောင့်တပ်စခန်းသို့ လာရောက် သတင်းပို့ အကူအညီ တောင်းခံခဲ့ရာ နယ်ခြားစောင့် တပ်စခန်းမှ တပ်ဖွဲ့ဝင် လေးဦးက တာဝန်ရှိသူများထံ သတင်းပို့ခြင်းမရှိဘဲ တိုက်ပွဲဖြစ်ရာနေရာသို့ ကိုယ်စီ လက်နက်ငယ်များယူဆောင်၍ အရပ်ဝတ်များဖြင့် လိုက်ပါသွားကြောင်း၊ အဆိုပါ အဖွဲ့သည် စခန်းမှ ထွက်ခွာပြီး မကြာမီ လက်နက်ငယ်သံများကြားရ ကြောင်း၊ လက်နက်ငယ်သံကြားရချိန် မတိုင်မီကပင် တိုက်ပွဲဖြစ်သံကြားနေရကြောင်း၊ သို့ဖြစ်၍ နယ်ခြား စောင့်တပ်ဖွဲ့ဝင် လေးဦး၏ လက်ပြန်ကြိုးတုပ်၍ အဖမ်းခံရမှုမှာ စခန်းမှထွက်ခွာစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် တွေ့ဆုံခဲ့ ပြီး သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း၊ အဆိုပါ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့ ပြီးမှသာ လက်ပြန်ကြိုးတုပ်နှောင်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ထားသည့်ပုံစံ ဖန်တီးမှုဖြစ်နိုင်ကြောင်း ဖော်ထုတ် သိရှိရ သည်။
ထိုကဲ့သို့ ဖြစ်စဉ်မှန်ကို သိရှိခြင်းမရှိဘဲ အဖွဲ့ အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေး အားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့ တို့က လူမှုကွန်ရက် စာမျက်နှာများတွင် တပ်မတော် နှင့် ဒေသခံနယ်ခြားစောင့်တပ်ဖွဲ့တို့အကြား အထင် အမြင်လွဲမှား သံသယမှုများ ဖြစ်ပေါ်လာအောင် အကြိမ်ကြိမ်သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိ သည်ကို တွေ့ရှိရသည်။ မြေပြင်တွင် လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှုဖြစ်ပေါ်နေသည်ကိုပင် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး ကြိုးစားလုပ်ဆောင်ခဲ့ ကြပြီး KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများ၏ ပတ်ဝန်းကျင်တောင်ကုန်းများပေါ်မှ ပစ်ခတ်မှုများကြောင့်သာလျှင် မငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်ပြီးယာဉ်ပေါ်တွင် လိုက်ပါလာသည့် KNPP အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ယာဉ်ပေါ်ပါဝင်လာသူ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဓာတ်ဆီ၊ ဒီဇယ်ပေါက်ကွဲ၍ မော်တော် ယာဉ် မီးလောင်ဆုံးရှုံးမှု ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အတွင်း လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်တစ်စီးအား အကြမ်းဖက်သမားများ က လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ဆီတိုင်ကီအား ထိမှန်ပေါက်ကွဲ ခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရကာ ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မီးလောင်ဒဏ်ရာ ကြောင့် သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်မျိုး ရှိခဲ့မှုကိုလည်း နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံများ၌ ဖော်ပြခဲ့သည်။
အထက်ပါ ဖြစ်စဉ်နှစ်ခုအား သုံးသပ်ကြည့်ပါက မော်တော်ယာဉ်များပေါ်တွင် မီးလောင်လွယ်သည့် လောင်စာဆီများ၊ စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းခံရလျှင် မီးလောင်ပျက်စီးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပြီး ယင်းဖြစ်စဉ်အပေါ် အခွင့်ကောင်း ယူအမြတ်ထုတ်၍ အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့် ဆက်နွှယ်သူများက တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အရပ်သား များအား သတ်ဖြတ်သည့်အသွင်ဖြင့် လုပ်ကြံဖန်တီး ခြင်း၊ လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ် မမှန် သွေးထိုးလှုံ့ဆော် ရေးသားဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိသည်ကိုသိရှိရသည့်အပြင် အဖွဲ့ အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေး အားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့ တို့ကလည်း အဖြစ်မှန်အား သိရှိခြင်းမရှိဘဲ ၎င်းတို့၏ ထင်မြင်ယူဆချက်များအပေါ် အခြေခံပြီး ရေးသား ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။ မိုဆိုကျေးရွာ အနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်အတွင်း မော်တော်ယာဉ် များ မီးလောင်ပျက်စီးပြီးနောက် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ပြီး လက်ပြန်ကြိုးတုပ်နှောင်မီးရှို့ကာ အထင်အမြင် လွဲမှားမှုဖြစ်စေရန် ရည်ရွယ်ချက်ရှိစွာဖြင့် တမင် ဖန်တီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ အရပ်သားပြည်သူ များ ထိခိုက်နစ်နာမှုမရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူများ အနေဖြင့်လည်း တစ်ဖက်သတ်အထင်အမြင်လွဲမှား စွာ ရေးသားဖော်ပြနေမှုများအပေါ် စဉ်းစားဆင်ခြင် သုံးသပ်ပြီး အမှားနှင့် အမှန်ခွဲခြား သိမြင်နိုင်ရန် လိုအပ်ပါကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန် ထားသည်။
သတင်းစဉ်