ကုန်သွယ်ရေးတင်းမာလာမှုကြောင့် ဥရောပမှ တင်သွင်းလာသည့်ဝက်သားများအား ဈေးလျှော့ရောင်းချခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ စတင်စစ်ဆေး

နေပြည်တော်   ဇွန်   ၂၀
တရုတ်နိုင်ငံမှ  တင်ပို့သည့် မော်တော်ယာဉ်များအပေါ် ဘရပ်ဆဲလ်မှ အခွန်နှုန်းတိုးမြှင့်လိုက်ပြီးနောက်နေ့တွင်  ဥရောပသမဂ္ဂမှ တင်သွင်း လာသည့် ဝက်သားအချို့အပေါ် ဈေးလျှော့ရောင်းချမှုနှင့်ပတ်သက်၍ စစ်ဆေးစုံစမ်းမှုများကို    ပေကျင်းမှ     စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 ဥရောပမှ တင်သွင်းလာသည့် ဝက်သားနှင့် ဝက်ကလီစာ၊ ဝက်ဆီ၊ ဝက်အူ၊ ဝက်သည်းခြေနှင့် ဝက်အစာအိမ်   အစရှိသည်တို့ကို စုံစမ်း စစ်ဆေးမှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း  တရုတ်နိုင်ငံ  စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၁၇ ရက်တွင် ကြေညာ ခဲ့ကြောင်း၊     အဆိုပါစုံစမ်းစစ်ဆေးမှုကို   ၁၂ လအတွင်း  ပြီးဆုံးရန် မျှော်မှန်းထားသော်လည်း  နောက်ထပ်  ၆ လ သက်တမ်းတိုးနိုင်ခြေ ရှိသည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယင်းကဲ့သို့  ဥရောပမှ ဝက်သားများအား စုံစမ်းစစ်ဆေးခြင်းမှာ တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ယာဉ်များအပေါ် အခွန်ကောက်ခံ နှုန်းကို EU မှ  မကြာသေးမီက  တိုးမြှင့်ခဲ့မှုအပေါ်   တုံ့ပြန်လိုက်ခြင်း ဖြစ်ကြောင်း   တရုတ်နိုင်ငံရှိ   ဥရောပကုန်သည်ကြီးများအသင်းက ပြောကြားသည်။
ယခုကဲ့သို့  စုံစမ်းစစ်ဆေးခြင်းမှာ ပြည်တွင်းလုပ်ငန်းအုပ်စု တစ်ခု ဖြစ်သော တရုတ်နိုင်ငံ  တိရစ္ဆာန်နှင့် စိုက်ပျိုးရေးအသင်း၏ တရားဝင် တိုင်ကြားချက်အရ ပထမဆုံးအကြိမ် စတင်စစ်ဆေးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ    စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြန်လည်ပြောကြားသည်။ ၎င်းတို့၏ တိုင်ကြားချက်တွင် တရုတ်နိုင်ငံ နှင့်   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့၏ ဥပဒေများအရ  စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက်  စံသတ်မှတ်ချက်များနှင့်  ကိုက်ညီသည်ဟု  စုံစမ်း စစ်ဆေးမှုအာဏာပိုင်များက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း  တာဝန်ရှိသူ က ထပ်လောင်းပြောကြားသည်။
ဥရောပ၏   ဝက်သားလုပ်ငန်းမှာ   ထုတ်လုပ်နိုင်စွမ်းထက်   ပိုမို ထုတ်လုပ်နေပြီး အထောက်အပံ့ပေးမှု အများအပြားရရှိနေခြင်းကြောင့် တရုတ်နိုင်ငံ၏ ပြည်တွင်းဝက်သား လုပ်ငန်းအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း  တိုင်ကြားမှုတွင် ဖော်ပြထားကြောင်း တရုတ် နိုင်ငံ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြား သည်။   အနောက်နိုင်ငံများမှ   တာဝန်ရှိသူများနှင့်   လုပ်ငန်းများက တရုတ်နိုင်ငံ၏  လျှပ်စစ်မော်တော်ယာဉ်များနှင့်  ဆိုလာတင်ပို့မှုများ အပေါ်  အခွန်အခများတိုးမြှင့်ချမှတ်ခဲ့ခြင်းကိုထင်ဟပ်စေသည့် အရေး အသားများကို    တရုတ်နိုင်ငံ   တိရစ္ဆာန်နှင့်  စိုက်ပျိုးရေးအသင်း၏ တရားဝင်တိုင်ကြားချက်တွင် တွေ့ရှိရသည်။
တရုတ်နိုင်ငံမှ  ယာဉ်များတင်သွင်းမှုအပေါ် အထောက်အပံ့ပေးမှု တန်ပြန်အခွန်အား   ၃၈   ရာခိုင်နှုန်းအထိ   ထပ်မံကောက်ခံရန်နှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်    ဥရောပကော်မရှင်မှ    ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာခဲ့သည်။ ပြီးခဲ့သည့် မေလက အမေရိကန် နိုင်ငံသည်  တရုတ်  လျှပ်စစ်ယာဉ်များတင်သွင်းမှုအပေါ်   အခွန် ၁၀၀ ရာခိုင်နှုန်းအထိ   ချမှတ်ခဲ့ရာ   ယင်းသည်   ယခင် ၂၅ ရာခိုင်နှုန်း ကောက်ခံနေရာမှ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း၊ တရုတ်ဆိုလာဆဲလ် တင်သွင်းမှုအခွန်မှာလည်း ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆ မြင့်တက်ခဲ့ပြီး   တရုတ်သံမဏိနှင့်  အလူမီနီယံများမှာ   ၃ ဆအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဥရောပ၏ ဆောင်ရွက်မှုအပေါ် ပေကျင်းမှဝေဖန်ခဲ့ပြီး ပေကျင်း အနေဖြင့် ၎င်း၏ ကုန်သွယ်ရေးအကျိုးအမြတ်များ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏   နည်းဥပဒေများနှင့်  ဈေးကွက်စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ရန်အတွက်   လိုအပ်သည့်    အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
တရုတ်ဈေးကွက်သည် ကမ္ဘာ့အကြီးဆုံး  ဈေးကွက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ရာ   ဥရောပဝက်သားအပေါ်     စုံစမ်းစစ်ဆေးရန် ကြေညာချက်ထုတ်ပြန်လိုက်ခြင်းမှာ   ဥရောပဝက်သားလုပ်ငန်း၏ စိုးရိမ်ပူပန်မှုများအား   အစပျိုးပေးလိုက်ခြင်းပင်ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ဥရောပမှ အသားတင်သွင်းမှုများအား ကန့်သတ် လိုက်မည်ဆိုပါက   ၎င်း၏လုပ်ငန်းများမှာ အထိနာဆုံးဖြစ်မည်ဟု Danish Agriculture and Food Council  က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အလားတူ   တရုတ်နိုင်ငံသို့  ဥရောပ၏ ဝက်သား အများဆုံးတင်ပို့နေသည့် စပိန်နိုင်ငံသည် ယခုကိစ္စရပ်နှင့်စပ်လျဉ်းပြီး အခွန်ကြောင့်   ထိခိုက်မှုများမှ   ရှောင်လွှဲနိုင်ရန်     အဖြေတစ်ခုအား ဆောလျင်စွာရှာဖွေဖော်ထုတ်သွားရန် ဥရောပသမဂ္ဂမှ  တာဝန်ရှိသူ များအား တိုက်တွန်းပြောကြားထားကြောင်း ဖော်ပြပါရှိသည်။
စီးပွား/ကူးသန်း