
နေပြည်တော် အောက်တိုဘာ ၂၀
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကုန်သွယ်မှုသတင်းအချက် အလက် ဝန်ဆောင်မှုကဏ္ဍကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၈ ရက်က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ကော်မတီအဖွဲ့ဝင်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှု ကဏ္ဍလုပ်ငန်းစီမံချက် (Plan of Actions - PoA) ပါ လုပ်ငန်းစဉ် (Activities) များအနက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များမထပ်စေရေး (Overlap)၊ ဌာနဆိုင်ရာများမှ အကောင်အထည် ဖော် ဆောင်ရွက်ထားရှိမှုများကို ပုဂ္ဂလိကကဏ္ဍမှ သိရှိအောင် အသိပညာ ပေးရေး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ဝက်ဘ်ဆိုက်ကို ဝန်ဆောင်မှု အားကောင်းလာစေရန်အတွက် အဆင့်မြှင့်တင်ဆောင်ရွက်သွားရေး၊ လုပ်ငန်း စီမံချက်ပါလုပ်ငန်းစဉ်များကို ဦးစားပေးရွေးချယ်ပြီး ဘတ်ဂျက်နှစ်အလိုက် လျာထားဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၀၀၈