အောင်ငြိမ်းချမ်း(မွေး/ကု)
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကဏ္ဍတွင် နိုင်ငံဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများပြန့်ပွားမှုက စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှုကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့ကြောင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH) အနေဖြင့် ရောဂါဘေးကင်းပြီး ကုန်သွယ်မှုမပြတ်တောက်စေရန် သိပ္ပံနည်းကျ စံနှုန်းများကို ချမှတ်ပေးထားပြီး ယင်းစံနှုန်းများထဲတွင် အရေးကြီးဆုံးလမ်းညွှန်ချက်များမှာ ဇုန်ခွဲခြားခြင်း (Zoning)နှင့် ဇီဝလုံခြုံမှုအခြေပြု ရောဂါကင်းစင်သည့် သီးခြားမွေးမြူရေးလုပ်ငန်းစု/ ခြံ(Compartment)တို့ပင်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ဘေးအန္တရာယ်ကင်းရှင်းစွာတင်ပို့နိုင်ရေးအတွက် ဇုန်ခွဲခြားခြင်းနှင့် ဇီဝလုံခြုံမှုအခြေပြုရောဂါကင်းစင်သည့် သီးခြားမွေးမြူရေးလုပ်ငန်းစု/ခြံလုပ်ငန်းစဉ်များကို အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် မွေးမြူသူတောင်သူများပူးပေါင်းကာ အမျိုးသား အဆင့်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် အချိန်ကျရောက်လာ ပြီဖြစ်သည်။
ဇုန်ခွဲခြားခြင်းဆိုသည်မှာ တိရစ္ဆာန်ရောဂါကူးစက်မှုအခြေအနေ အပေါ်မူတည်၍ ပထဝီ၊ နယ်နိမိတ်သတ်မှတ်ချက်ဖြင့် ခွဲခြားခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် ရောဂါကင်းရှင်းဇုန်(Free Zone)၊ ကာကွယ်ဇုန် (Protection Zone)၊ ထိန်းချုပ်ရေးဇုန်(Control Zone)နှင့် လိုအပ် ပါက ဇီဝလုံခြုံမှုလမ်းကြောင်း(Biosafety Channel)ဟူ၍ ခွဲခြားကာ အစိုးရက ဦးဆောင်ထိန်းချုပ်ရသောစနစ်ဖြစ်သည်။
ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ ကာကွယ်ဇုန်နှင့် ထိန်းချုပ်ရေးဇုန်တို့ကို တည်ထောင်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင် ကွတ်ခိုင်မြို့နယ်တွင် ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ ကာကွယ်ဇုန်၊ ထိန်းချုပ်ရေးဇုန်နှင့် ဇီဝလုံခြုံမှုလမ်းကြောင်းတို့ကို တည်ထောင်ထားရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်၊ ကာကွယ်ဇုန်နှင့် ထိန်းချုပ်ရေးဇုန်တို့ကို တည်ထောင်ထားရှိသည်။
ဇုန်များတည်ထောင်ရာတွင် ခွာနာလျှာနာရောဂါကင်းရှင်းဇုန် ၊ ကာကွယ်ဇုန်နှင့် ထိန်းချုပ်ရေးဇုန်အတွင်းရှိ ခွာကွဲတိရစ္ဆာန် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်)များကို ခွာနာလျှာနာရောဂါကာကွယ် ဆေးထိုးခြင်း၊ နားကပ်အမှတ်အသားတပ်ဆင်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ ဆောင်ရွက်ပြီး ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးပြီးစီးသော တိရစ္ဆာန်များ၏ သွေးရည်ကြည်နမူနာပစ္စည်းများကိုရယူ၍ တိရစ္ဆာန် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ပေးပို့ပြီး တိရစ္ဆာန်၏ ရောဂါကာကွယ်မှုကိုယ်ခံစွမ်းအား ပေါ်ထွက်မှုအခြေအနေ စစ်ဆေးခြင်းတို့ဆောင်ရွက်ရသည်။
ဇီဝလုံခြုံမှုအခြေပြုရောဂါကင်းစင်သည့် သီးခြားမွေးမြူရေး လုပ်ငန်းစု/ခြံသည် ပထဝီဝင်အနေအထားထက် မွေးမြူရေးလုပ်ငန်း တစ်ခုလုံး၏ ဇီဝလုံခြုံမှုနှင့် စီမံခန့်ခွဲမှုစနစ်အပေါ်အခြေခံ၍ ရောဂါ ကင်းစင်ကြောင်းသတ်မှတ်ခြင်း၊ မွေးမြူရေးခြံ၊ အစာစက်ရုံနှင့် သားသတ်ရုံတို့ပါဝင်ပြီး လုပ်ငန်းရှင်များက အဓိကဦးဆောင်ရပါသည်။ လက်ရှိတွင် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ASF (အာဖရိကဝက်အပြင်းဖျား ရောဂါ) ကင်းရှင်းသော ဇီဝလုံခြုံမှုအခြေပြုရောဂါကင်းစင်သည့် သီးခြားမွေးမြူရေးလုပ်ငန်းစု/ခြံကို တည်ထောင်ထားရှိပြီး ပြည်ပနိုင်ငံများသို့ ဝက်အရှင်တင်ပို့ခြင်းများ ဆောက်ရွက်လျက်ရှိပါသည်။ နိုင်ငံအတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားသော်လည်း ကုန်သွယ်ဖက်နိုင်ငံများကို ဇီဝလုံခြုံမှုအခြေပြု ရောဂါကင်းစင်သည့် သီးခြားမွေးမြူရေးလုပ်ငန်းစု/ခြံမှ အာဖရိက ဝက်အပြင်းဖျားရောဂါကင်းရှင်းကြောင်း သက်သေပြ၍ ကုန်သွယ်မှုကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။
ကုန်သွယ်မှုမပြတ်တောက်စေရေး နိုင်ငံအတွင်း အခြားဒေသများတွင် ရောဂါဖြစ်ပွားနေသော်လည်း ရောဂါကင်းရှင်းသောဇုန် သို့မဟုတ် Compartment သတ်မှတ်ချက်ရရှိထားသည့်လုပ်ငန်းများမှ ပြည်ပသို့ အနှောင့်အယှက်မရှိ ဆက်လက်တင်ပို့နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာ ယုံကြည်မှုရရှိခြင်း၊ WOAH ၏ စံနှုန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ထားခြင်းကြောင့် ဝယ်ယူမည့်ကုန်သွယ်ဖက် နိုင်ငံများ၏ယုံကြည်မှုကို အပြည့်အဝရရှိစေသည်။
ဇီဝလုံခြုံမှုအခြေပြု ရောဂါကင်းစင်သည့်သီးခြားမွေးမြူရေး လုပ်ငန်းစု/ခြံ တည်ထောင်ခြင်းအားဖြင့် အာဖရိကဝက်အပြင်းဖျား ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါကဲ့သို့ ကူးစက်ရောဂါများကို ကာကွယ်ပေးနိုင်သဖြင့် ရုတ်တရက်ဖြစ်ပွားတတ်သော ကပ်ရောဂါများကြောင့်ဖြစ်ပွားသည့် လုပ်ငန်းပျက်စီးဆုံးရှုံးစေခြင်းမှ ကာကွယ်ပေးနိုင်သည်။
မလေးရှားနိုင်ငံ ဆာရာဝက်(Sarawak) ပြည်နယ်တွင် ခိုင်မာသော ဥပဒေစိုးမိုးမှု၊ စနစ်တကျ တိရစ္ဆာန်မှတ်ပုံတင်စနစ် (Ear Tags) နှင့် ဒစ်ဂျစ်တယ် eVET Permit စနစ်များဖြင့် ကာကွယ်ဆေးထိုးရန်မလို ဘဲ ခွာနာလျှာနာရောဂါကင်းရှင်းဇုန်ကို ထိန်းသိမ်းပြီး စင်ကာပူနိုင်ငံသို့ တိရစ္ဆာန်အရှင်များကို အောင်မြင်စွာတင်ပို့လျက်ရှိသည်။
ထိုင်းနိုင်ငံ ဝက်မွေးမြူရေးကဏ္ဍတွင် အဆင့်မြင့်ဇီဝလုံခြုံမှု အခြေခံသည့် ဇီဝလုံခြုံမှုအခြေပြု ရောဂါကင်းစင်သည့် သီးခြားမွေးမြူရေးလုပ်ငန်းစု/ခြံစနစ် (ခြံ၊ အစာစက်ရုံ၊ သားသတ်ရုံ) ကို တည်ထောင်ပြီး ပြည်ပနိုင်ငံများသို့ ဘေးကင်းလုံခြုံသော အသားထုတ်ကုန်များကို ယုံကြည်စိတ်ချစွာတင်ပို့လျက်ရှိသည်။
တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်
ကုန်သွယ်မှုတိုးတက်ရေးအတွက် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များမှ နိုင်ငံအတွင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အောက်ပါလုပ်ငန်းစဉ်များကို အားသွန် ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အခန်းကဏ္ဍအနေဖြင့် တိရစ္ဆာန်ဆေးကုသရေးဝန်ဆောင်မှုကို အားကောင်းစေခြင်း(CAHW များ၊ ကာကွယ်ဆေးထိုးလုပ်သားများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း)၊ တိရစ္ဆာန်ရွှေ့ပြောင်းမှုများထိန်းချုပ်ခြင်း (ဇုန်အဝင်အထွက်များတွင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိခြင်း)နှင့် တိကျသော နောက်ကြောင်းပြန်ခြေရာခံစနစ် (Micro Chip နားကပ်အမှတ်အသား တပ်ဆင်ခြင်းများ) ဆောင်ရွက်ထားရှိပြီး ခိုင်မာသော အမျိုးသားအဆင့်မူဝါဒများရေးဆွဲပေးရမည်ဖြစ်သည်။
ပုဂ္ဂလိကကဏ္ဍတွင်(မွေးမြူရေးလုပ်ငန်းရှင်များ) မိမိတို့ခြံဝင်းအတွင်း လေထု၊ ရေနှင့် ခြံအဝင်အထွက်များကို တင်းကျပ်စွာထိန်းချုပ်သည့် ဇီဝလုံခြုံမှုစနစ်(Biosecurity) မြှင့်တင်ရန်နှင့် ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ဆန်းစစ်ချက်(Cost Benefit Analysis) များကို စီမံခန့်ခွဲ၍ ရေရှည်ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိရစ္ဆာန်များ၏ ကျန်းမာရေးရာဇဝင်၊ ကာကွယ်ဆေးထိုးမှတ်တမ်း၊ အစာနှင့် ဆေးဝါးရယူမှုမှတ်တမ်းများကို စနစ်တကျမှတ်တမ်း(ဒစ်ဂျစ်တယ်စနစ်) ထားရှိမှသာ ပြည်ပနိုင်ငံများ၏ စစ်ဆေးမှုများ (Audits) ကို အောင်မြင်စွာကျော်ဖြတ်နိုင်မည် ဖြစ်သည်။
လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ခွာနာလျှာနာ ရောဂါကင်းရှင်းဇုန်၊ ကာကွယ်ရေးဇုန်နှင့် ထိန်းချုပ်ရေးဇုန်များကို အောင်မြင်စွာ တည်ထောင်ထားရှိပြီးဖြစ်ပါသည်။ တရုတ်နိုင်ငံ GACC အဖွဲ့၏ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျွဲ၊ နွားနှင့် တိရစ္ဆာန်ထွက်ပစ္စည်းကုန်သွယ်မှုလုပ်ငန်းများ မကြာမီ နှစ်နိုင်ငံသဘောတူ ပြန်လည်စတင်နိုင်တော့မည်ဟု မျှော်မှန်းထားပါသည်။
ခိုင်မာသောဈေးကွက် ရရှိလာမည်
ကျွဲ၊ နွားကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ပါက “ ကုန်သည်မှ မွေးမြူသူသို့၊ မွေးမြူသူမှ ကုန်သည်သို့” မူဝါဒကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့ ကျွဲ၊ နွားတင်ပို့သည့် ကုန်သည်နှင့် ကျွဲ၊ နွား မွေးမြူသူ တို့ အတူတကွဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကာ ခိုင်မာသောဈေးကွက်ရရှိလာမည်ဖြစ်၍ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ တရား မဝင်ကုန်သွယ်မှု လျော့နည်းစေပြီး နိုင်ငံတော်ဝင်ငွေ ပိုမိုတိုးတက်၍ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ပြည်ပသို့အေးခဲအသား၊ အသားခြောက်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်ပို့ပါက ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့် တိရစ္ဆာန်ထွက်ပစ္စည်း၊ တိရစ္ဆာန်အစာများကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏မူဝါဒနှင့်အညီ ပြည်ပသို့တင်ပို့ခွင့်ပြုခြင်းဖြင့် နိုင်ငံတော်ဝင်ငွေ ပိုမိုတိုးတက်လာစေမည်ဖြစ်ပြီး မွေးမြူထုတ်လုပ်သူများ၏ လူမှုစီးပွားဘဝတိုးတက်၍ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကာ အစားအစာဘေးကင်းလုံခြုံစေမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်မှုကို ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
တိရစ္ဆာန်ရောဂါများ ကူးစက်ပြန့်ပွားလာပါက မွေးမြူရေးကဏ္ဍ တစ်ခုလုံး ပျက်စီးဆုံးရှုံးနိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများကို ထိခိုက်စေမည်ဖြစ်သည်။ ထိုသို့မဖြစ်စေရေးအတွက် ဇုန်နှင့် Compartment များ တည်ထောင်ခြင်းသည် ကုန်သွယ်မှုလုပ်ငန်းများရေရှည် ဆောင်ရွက်နိုင်ရန် မဖြစ်မနေလုပ်ဆောင်ရမည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်ဖြစ်သည်။
သို့ဖြစ်ပါ၍ ကုန်သွယ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ပြည်ထောင်စုအတွင်းရှိ မွေးမြူသူတောင်သူများ၊ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်ကြီးများနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့အားလုံး လက်တွဲညီညီပူးပေါင်း၍ “ကုန်သွယ်မှုကို ဖော်ဆောင်ဖို့ ဇုန်နှင့် Compartment များတည်ထောင်စို့” ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
- Log in to post comments