ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကိုထုတ်ပြန်

 

အမေရိကန်ပြည်ထောင်စု၊   နယူးယောက်မြို့၌   ၂၁-၁၂-၂ဝ၂၂   ရက်တွင်  ကျင်းပခဲ့သည့်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ  လုံခြုံရေးကောင်စီ၏  ဆုံးဖြတ်ချက်အဆိုတစ်ရပ် ကို  မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။

 

 ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင်  နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးကို အဓိကတာဝန်ယူဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက  လုံခြုံရေး ကောင်စီသို့ တာဝန်အပ်နှင်းထားသည်။  မြန်မာနိုင်ငံ၏အခြေအနေသည်  နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ  ပြည်တွင်းရေးသာဖြစ်သည်။ သို့ဖြစ်ရာ  လုံခြုံရေးကောင်စီ က   ယခုကဲ့သို့ဆုံးဖြတ်ချက်အဆိုကို   အတည်ပြုချမှတ်ခဲ့ခြင်းမှာ   ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်  ညီညွတ်ခြင်းမရှိကြောင်း အလေးထားဖော်ပြအပ်သည်။                  

 


ဖော်ပြပါ   ဆုံးဖြတ်ချက်အဆိုကို   ဗြိတိန်နိုင်ငံက   ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး  ကုလသမဂ္ဂ၏ အခြေခံမူနှင့် ရည်ရွယ်ချက်များနှင့် ဆန့်ကျင်လျက် မြန်မာနိုင်ငံ၏  ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် သောအချက်များစွာ ပါဝင်ကြောင်း တွေ့ရှိသည်။ ထို့အပြင် ဆုံးဖြတ်ချက်အဆိုတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဖော်ပြထားရာ  အထွေထွေညီလာခံ တတိယကော်မတီတွင် လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီတွင်လည်းကောင်း  အကြိမ်ကြိမ်ဆွေးနွေးပြီးသောကိစ္စရပ်များ   ဖြစ်သဖြင့် လုံခြုံရေးကောင်စီ၏    လုပ်ပိုင်ခွင့်အတွင်း   ကျရောက်ခြင်းမရှိသော   ကိစ္စရပ်များဖြစ်ကြောင်းလည်း တွေ့ရှိရသည်။  

 


ဆုံးဖြတ်ချက်အဆိုတွင်  အကြမ်းဖက်မှုများရပ်တန့်ရန်  တောင်းဆိုထားကြောင်း တွေ့ရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသော တရားမဝင်အဖွဲ့အစည်းများအဖြစ် ကြေညာထားခြင်းခံရသည့် NUG နှင့် PDFs တို့၏ လုပ်ရပ်များကိုသာ ရှုတ်ချတားဆီးရန်လိုအပ်သည်။

 

 
မြန်မာနိုင်ငံသည်   ၂ဝ၂ဝ  ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုဖြစ်စဉ်များကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး  အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက် လျက်ရှိသည်။  ထို့အပြင်  ၂ဝဝ၈ ခုနှစ်၊  ဖွဲ့စည်းပုံအခြေခံဥပဒေပါ  အချက်များနှင့်အညီ  လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပလျက်  အနိုင်ရသည့် ပါတီအား  နိုင်ငံတော်တာဝန်လွှဲအပ်ပေးရေးအပါအဝင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာအစိုးရ၏  ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို  အားပေးထောက်ခံရန် လိုအပ်သည်။

 


အာဆီယံတူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်မှုကို ပူးပေါင်းဆောင်ရွက်ရာတွင်  မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို  ဝင်ရောက်မစွက်ဖက်ရန်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို  လေးစားရန်နှင့် အာဆီယံပဋိညာဉ်စာတမ်းပါအချက်များအပေါ်  အခြေခံလျက်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ အာဆီယံ၏အစီအစဉ်အရပေးအပ်မည့်    လူသားချင်းစာနာထောက်ထားမှု    အကူအညီများကိုလည်း ခွဲခြားမှုမရှိဘဲ   အကူအညီလိုအပ်သူများထံ   ပေးအပ်နိုင်ရေးအတွက်    အထက်ပါရပ်တည်ချက်အတိုင်း  ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ 

 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏  အထူးကိုယ်စားလှယ်နှင့် ထိတွေ့ဆက်ဆံရာတွင်လည်း မြန်မာ နိုင်ငံ၏ အခြေခံရပ်တည်ချက်များဖြစ်သည့်   ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်  အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို    လေးစားရန်မူများနှင့်အညီ   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေ‌သော နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ အကြား သဘောတူညီချက်များနှင့်အညီ  စိစစ်လက်ခံရေးကို  ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။  

 


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့်  ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံဖြစ်သည်။  မြန်မာ့အရေးစဉ်းစားရာတွင်  သမိုင်းကြောင်းနှင့်  အမျိုးသားစရိုက်လက္ခဏာများကို လည်းကောင်း၊  ကိုလိုနီစနစ်၏     သွေးခွဲအုပ်ချုပ်မှုကြောင့်ဖြစ်ပေါ်ရသည့်    စိတ်ဝမ်းကွဲပြားမှုများကို လည်းကောင်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။  ယင်းသို့သော  နက်နဲကျယ်ပြန့်သည့်ကိစ္စရပ်များကို မြန်မာနိုင်ငံကသာ အသိရှိဆုံးဖြစ်ပြီး ဖြေရှင်းနိုင်စွမ်းရှိသည်။

 


နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ နောက်ခံသမိုင်းကြောင်းမှာ တူညီမှုမရှိခြင်းကြောင့်  ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုများနှင့် ဖိအားများဖြင့် ကြားဝင်ဆောင်ရွက်မှုများသည် နိုင်ငံအများအပြား၌ အောင်မြင်မှုမရရှိ ကြောင်း တွေ့ရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေး၊ ပြည်ထောင်စုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးတို့အတွက် ပြည်သူလူထု၏ အကျိုး စီးပွားကိုရှေးရှုလျက် နိုင်ငံတော်လုံခြုံတည်ငြိမ်၊ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင်   နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်  အားပေးထောက်ခံရမည့်အစား ပြည်တွင်းတည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေမည့် ဖိအားပေးမှုများသည် မည်သို့မျှအထောက်အကူမပြု ကြောင်းနှင့် ယင်းသို့သော ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံက လက်ခံမည်မဟုတ်ကြောင်း  ဖော်ပြ အပ်သည်။ 

 


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏  ဆုံးဖြတ်ချက်ပါအချက်များသည်  မြန်မာနိုင်ငံတည်ငြိမ်အေးချမ်း ရေးအတွက် အပြုသဘော  အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ  နိုင်ငံရေးသွတ်သွင်းရန်  ရည်ရွယ်ထားသည့် အချက်များကိုသာ ဦးစားပေးထားကြောင်းတွေ့ရှိရသည်။  မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့အရေးဆောင်ရွက် ရာတွင် ၂ဝဝ၈ ခုနှစ်၊  ဖွဲ့စည်းပုံအခြေခံဥပဒေ၊  တည်ဆဲဥပဒေများ၊  မြန်မာနိုင်ငံ၏  အခြေခံမူဝါဒ ရပ်တည်ချက်များနှင့်အညီသာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်သည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန
၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။