ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်  ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆို  ချမှတ်ခဲ့ခြင်းကို မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘဲ ပြင်းထန်စွာ ကန့်ကွက်ပယ်ချ


 

၁-၄-၂၀၂၂ ရက်တွင် ဂျီနီဗာမြို့၌ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ် မြောက် အစည်းအဝေးတွင်   ဥရောပသမဂ္ဂက  တင်သွင်းခဲ့သည့်  မြန်မာနိုင်ငံကိစ္စ  ဆုံးဖြတ်ချက်အဆို ချမှတ်ခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်း၊   ဆုံးဖြတ်ချက် အဆိုတွင်ပါရှိသည့်   အချက်များသည်လည်း    ခိုင်လုံမှုမရှိခြင်းတို့ကြောင့်   လက်ခံနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံကိစ္စအပါအဝင်   လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်သည့်  အပြန်အလှန်  ဆွေးနွေးပွဲများ အဆမတန် များပြားလာနေပြီး၊ ယင်းအခြေအနေများကြောင့်  ကောင်စီ၏ ထိရောက်မှုအပေါ် အပြင်းအထန် ဝေဖန်ဆွေးနွေးနေစဉ် (၄၉)ကြိမ်မြောက် ကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန် ရည်ရွယ်သည့် ဆွေးနွေးမှုကို နာရီပေါင်းများစွာ အချိန်ဖြုန်းခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းကဲ့သို့   ဆောင်ရွက်ခဲ့မှုသည်     လူ့အခွင့်အရေးကို    လက်တွေ့ကျကျ   ကာကွယ်ရန်နှင့် မြှင့်တင်ရန် လုပ်ဆောင်လိုခြင်းထက် အဆိုမူကြမ်းတင်သွင်းသူများ၏  လိုလားချက်ဖြစ်သည့်  မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ  ဖိအားပေးမှုများအဖြစ်  ထပ်ခါတလဲလဲ လုပ်ဆောင်လာသည့် ဆောင်ရွက်ချက်သာဖြစ်သည်။ ကောင်စီအစည်းအဝေးများတွင်   မြန်မာနိုင်ငံ၏  ကိုယ်စားပြုမှုကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ထားခြင်းကြောင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူတစ်ခုဖြစ်သည့် အပြန်အလှန်ဆွေးနွေးခြင်း အနှစ်သာရမှာလည်း ပျောက်ပျက်နေပြီ ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ  လူ့အခွင့်အရေးပုံမှန်သုံးသပ်မှုအစီအစဉ် (UPR) နှင့်စပ်လျဉ်း၍   မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် အစီရင်ခံစာအပေါ်  သုံးသပ်မှုကို  ၂၀၂၂ ခုနှစ်  ဇွန်လတွင်  ကျင်းပမည့်  လူ့အခွင့် အရေး ကောင်စီ၏ အကြိမ်(၅၀)မြောက်အစည်းအဝေးသို့ ရွှေ့ဆိုင်းခဲ့ကြောင်းတွေ့ရှိရသည်။ ယင်းသို့ ရွှေ့ဆိုင်း ခဲ့ခြင်းမှာ  နိုင်ငံအားလုံးကို  တစ်ပြေးညီနှင့်    တူညီစွာဆက်ဆံရန်ဆိုသည့်မူ၊   လူအခွင့်အရေးကိစ္စများကို ဆွေးနွေးရာတွင် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရမည့်မူနှင့် နိုင်ငံရေးသဘော သက်ရောက်ခြင်းမရှိဘဲ သုံးသပ်ခံနိုင်ငံကို  အပြည့်အဝပါဝင်စေလိုသော  UPR  ၏ ရည်ရွယ်ချက်များနှင့်လည်း  ဆန့်ကျင်နေသည်။ 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် မြှင့်တင် ဆွေးနွေးပွဲကို ၁၈-၃-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည်။ ယင်းအစီရင်ခံစာတွင် “Call to Action” နည်းလမ်းဖြင့် လူ့အခွင့်အရေးကိစ္စရပ်များကို ပေါင်းစည်းရန်ဟု အကြောင်းပြဖော်ပြကာ ကုလသမဂ္ဂအေဂျင်စီအမျိုးမျိုး၏ ကျွမ်းကျင်မှုများတွင်  နိုင်ငံရေးသွတ်သွင်း၍ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ  ကုလသမဂ္ဂ ဌာနေရုံး များအပေါ် မလျော်ကန်သည့်  ဖိအားသက်ရောက်စေသည်။ “Call to Action” ကို မည်သို့ရန်ပုံငွေပံ့ပိုးသည်ကိုလည်းကောင်း၊ လိုအပ်သောဝန်ထမ်းအင်အား  ခွဲဝေချထားခြင်း ရှိ-မရှိကိုလည်းကောင်း ဖော်ပြ ထားခြင်းမရှိသဖြင့် အမှီအခိုကင်းစွာလည်ပတ်ရေး  အာမခံချက်မပါရှိကြောင်း   တွေ့ရသည်။  သို့ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံ၏   သဘောတူညီချက်မပါဝင်ဘဲ   ဆောင်ရွက်သည့်  တစ်ဖက်သတ်ယန္တရားများကို မြန်မာနိုင်ငံက လက်ခံခြင်းမရှိဘဲ ပယ်ချသည်။
 မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ  မဟာမင်းကြီးနှင့် အပြန်အလှန် ဆွေးနွေးပွဲကို ၂၁-၃-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည်။ မဟာမင်းကြီးအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှုများကို အသိအမှတ်ပြုသော်လည်း ကိန်းဂဏန်းများကို လျှော့ပေါ့ ဖော်ပြခဲ့သည်။ ထို့အပြင် “လက်နက်ကိုင်ခုခံသူအဖွဲ့များ”  ဟု   အမည်တပ်၍  အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်သည့်အတိုင်းအတာအဖြစ်  လမ်းကြောင်းကာ ဆူပူအုံကြွစေရန်ပင် လှုံ့ဆော်ခဲ့သည်။ အကြမ်းဖက် အဖွဲ့များက  ရဟန်းသံဃာနှင့်  သီလရှင်များ၊  အမျိုးသမီးနှင့်  ကလေးဒါဇင်ပေါင်းများစွာနှင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် အပြစ်မဲ့အရပ်သား ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှုကို မသိကျိုးကျွန် ပြုထားသည်။  မဟာမင်းကြီးသည် ပုလဲ၊ လွိုင်ကော်နှင့် ဒီမောဆိုးမြို့နယ်များ၏ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏   လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်  သိမ်းကျုံးစွပ်စွဲမှုများ  ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍   မြန်မာနိုင်ငံက  အများပြည်သူသို့  ထုတ်ပြန်အသိပေးပြီးဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံ၏အမြင်ကို   သင့်တင့်စွာ   ထင်ဟပ်ဖော်ပြရန်   မဖြစ်မနေလိုအပ်သော်လည်း ယင်းသို့ အများသိထုတ်ပြန်ပြီး အချက်အလက်များကို  မဟာမင်းကြီးက ထည့်သွင်းဖော်ပြရန်  ပျက်ကွက်မှုသည် ၎င်း၏ ပညာရှင်ပီသမှုနှင့် သမာသမတ်ကျမှုအပေါ် မေးခွန်းထုတ်ဖွယ် ဖြစ်သည်။
၂၁-၃-၂၀၂၂ ရက် တစ်ရက်တည်းတွင်ပင်  မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ  အထူး အစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုတစ်ခုကို ထပ်မံကျင်းပခဲ့သည်။ အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် အရေအတွက်ပမာဏအပေါ်  အထူးစိတ်ဝင်စားပုံရပြီး   အစီရင်ခံ သည့်အကြိမ်တိုင်း အရေအတွက်များကို တိုးမြှင့်ဖော်ပြနေသဖြင့် ၎င်းစွပ်စွဲထားသည့် သေဆုံးမှုနှင့် နေရပ် စွန့်ခွာသူများပမာဏမှာ   တစ်မုဟုတ်ချင်း   တိုးပွားလာသည်ကို  တွေ့ရသည်။  လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတစ်ခုတည်းသို့ လုပ်ကြံဖန်တီးတင်သွင်းသည့် အစီရင်ခံစာ နှစ်ခုတွင်ပင် ၎င်းဖော်ပြထားသည့် အရေအတွက်မှာ ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသည်။  အထူးအစီရင်ခံစာတင်သွင်းသူ၏ ကျင့်ဝတ်တွင် သက်ဆိုင်ရာနိုင်ငံအား  ၎င်းနိုင်ငံအပေါ် စွဲဆိုသည့်  စွပ်စွဲချက်များကို  တုံ့ပြန်နိုင်သည့် အခွင့်အရေးပေးရန်နှင့် ထိုတုံ့ပြန်ချက်များကို  အကျဉ်းချုပ်ရေးသားကာ  အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင် နောက်ဆက်တွဲအဖြစ်   ဖော်ပြပေးရန်  လိုအပ်သည်။   သို့သော် အထူးအစီရင်ခံစာတင်သွင်းသူက ၎င်း၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ပြီး  “ရက်စက်ကြမ်းကြုတ်မှုများကို ဖြစ်ပွားစေသည့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ မြန်မာ့တပ်မတော်ထံသို့   လက်နက်ရောင်းဝယ်ဖောက်ကားမှုများ”  ခေါင်းစဉ်ဖြင့် စာတမ်း (Conference room paper) ကိုပါ လုပ်ကြံဖန်တီးခဲ့သည်။ ၎င်းလိုလားသည့်ဇာတ်လမ်းများနှင့်  မကိုက်ညီ သည့် ကွဲပြားသော  ရှုထောင့်နှင့်အမြင်များကို  ရည်ရွယ်ချက်ရှိစွာ ထည့်သွင်းထားခြင်းမရှိသဖြင့် အထူး အစီရင်ခံစာ တင်သွင်းသူ၏ ဆန်းစစ်လေ့လာမှုများသည်  မျှတမှုမရှိ ဘက်လိုက်မှုရှိကြောင်း ထင်ရှားစွာ တွေ့ရသည်။
၁-၄-၂၀၂၂ ရက်တွင် “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများ” ခေါင်းစဉ်ဖြင့် ဥရောပ သမဂ္ဂက တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည်မှာလည်း စိတ်ပျက်ဖွယ်ရာဖြစ်သည်။ ယင်းဆုံးဖြတ်ချက်  အဆိုပါအကြောင်းအရာများတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်း ရေးတွင် ဝင်ရောက်စွက်ဖက်သည့် အတိုင်းအတာကို   ရှင်းလင်းစွာတွေ့ရှိရပြီး၊   စိစစ်ထားခြင်းမရှိသည့် အချက်အလက်များ၊  အခြေအမြစ်မရှိသော  စွပ်စွဲချက်များ  ပါဝင်သောကြောင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ဘက်လိုက်မှုမရှိရေး (Impartiality)၊ ဓမ္မဓိဋ္ဌာန်ကျကျဖြစ်ရေး  (Objectivity) နှင့် လူ့အခွင့်အရေးကိစ္စကိုင်တွယ်ရာတွင်   သီးသန့်ရွေးချယ်ပြီးမပြုလုပ်ရေး    (Non-selectivity)  တို့နှင့် ဆန့်ကျင်နေသည်။  မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံအားလုံးနှင့်     ချစ်ကြည်ရင်းနှီးသော   ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိသည်။ သို့ရာတွင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူများနှင့် ဆန့်ကျင်သော နိုင်ငံအချို့၏ စွက်ဖက်သော အပြုအမူများကို ရှုတ်ချသည်။ ဆုံးဖြတ်ချက်အဆို  တင်သွင်းသော  နိုင်ငံများ၏ မြန်မာနိုင်ငံ အတွက် အထောက်အကူ မပြုသောဆောင်ရွက်ချက်နှင့် ဆုံးဖြတ်ချက်  အဆိုပါမြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိပါးသောယန္တရားများနှင့် ဖော်ပြချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက် ပယ်ချသည်။ 
မြန်မာနိုင်ငံအနေဖြင့်   မိတ်ဆွေနိုင်ငံများ၏   အပြုသဘောဆောင်သော  ပြောကြားချက်များကို အသိအမှတ်ပြုမှတ်သားထားကာ   မြန်မာနိုင်ငံအပေါ်   ဆန့်ကျင်သည့်  ဆုံးဖြတ်ချက်အဆို  အတည်ပြု ချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းမပြုခဲ့ကြသည့် နိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်သည်။ 
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်။