
ဘားအံ ဇွန် ၁၇
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်က စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီး ဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုး ရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ (ဘားအံ)၌ ပညာသင်ကြားလျက် ရှိသော ကျောင်းသား ကျောင်းသူ များအား သွားရောက်တွေ့ဆုံ အားပေး၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
အားပေးစကားပြောကြား
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန် နိုင်ငံတော်မှ ယခု ကဲ့သို့ ကျောင်းများကိုဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သုံးနှစ်တာ သင်ကြားပြီးမြောက် ပါက အလယ်အလတ် စိုက်ပျိုးရေး ပညာရှင်၊ မွေးမြူရေးပညာရှင် ဒီပလိုမာအောင်လက်မှတ်ကို ရရှိ မည်ဖြစ်ပြီး ထူးချွန်ပါက ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူ ရေးတက္ကသိုလ်သို့ ဆက်လက် တက်ရောက်ခွင့် ရရှိမည်ဖြစ် ကြောင်း၊ နိုင်ငံအကျိုးကို ပိုမိုတိုး တက်မြင့်မားအောင် ဆောင်ကြဉ်း နိုင်ကြသူများ ဖြစ်ကြပါစေ ကြောင်း အားပေးစကား ပြော ကြားသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံ (ဘားအံ) ကျောင်းအုပ်ကြီးက ပညာသင်ကြားမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က စိုက်ပျိုးရေးသိပ္ပံ (ဘားအံ)အတွက် တက်ရောက် ပညာသင်ကြားနေသော ပထမ နှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၁၅၇ ဦးအား ငွေကျပ် သုံးဆယ့်တစ်သိန်းလေးသောင်းကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား ကျောင်းသူများကိုယ်စား တတိယ နှစ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ စိုက်ပျိုးရေး သိပ္ပံ(ဘားအံ) ကျောင်းပရဝဏ် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စိုက်ပျိုးရေးသိပ္ပံ (ဘားအံ)တွင် တွဲဖက်ဖွင့်လှစ်ထား သော မွေးမြူရေးဒီပလိုမာသင်တန်း ကျောင်း၏ နွားမွေးမြူရေးခြံ၊ ဝက်မွေးမြူရေးခြံ၊ ကြက်မွေးမြူ ရေးခြံတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားသည်။
စုပေါင်းထွန်ယက်
ကရင်ပြည်နယ် ဘားအံမြို့ နယ်တွင် ယခုနှစ်မိုးရာသီ၌ မိုးစပါးဧက ၁၁၉၀၄၃ ဧကစိုက်ပျိုး ရန်လျာထားပြီး လျာထားမိုးစပါး ဧက ပြည့်မီကျော်လွန်စေရေး အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်လျက်ရှိ ရာ ဇွန် ၁၇ ရက် နံနက် ၈ နာရီ ခန့်က မိုးကြိုထယ်ရေးစုပေါင်း ထွန်ယက်ပွဲကို ဘားအံမြို့နယ် နောင်ခရိုင်ကျေးရွာ ကွင်းအမှတ် ၁၁၈၈(က) နောင်ခရိုင်ကွင်းရှိ တောင်သူ ဦးနေလင်းထွေး၏ လယ် ၁၀ ဧက၌ ကျင်းပသည်။
စုပေါင်း ထွန်ယက်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် သားစဉ်မြေးဆက် လက်ဆင့် ကမ်းထိန်းသိမ်း၍ စိုက်ပျိုး လုပ်ကိုင်သွားကြရန် လိုကြောင်း၊ လူဦးရေ တိုးပွားလာသော်လည်း စိုက်ဧကများ တိုးပွားလာခြင်းမရှိ သည့်အတွက် လယ်ယာမြေများကို အနားမပေးဘဲ သီးထပ်သီးညှပ် များဖြင့် နှစ်သီးစားမှ သုံးသီးစား ထိတိုးချဲ့စိုက်ပျိုး၍ အထွက်နှုန်း တိုးတက် ကောင်းမွန်လာအောင် စိုက်ပျိုး လုပ်ကိုင်ကြရမည်ဖြစ် ကြောင်း၊ လယ်ယာလုပ်သား ရှားပါးလာခြင်းကို ဖြေလျှော့နိုင် ရန်နှင့် သီးထပ်၊ သီးညှပ်များဖြင့် စိုက်ပျိုး လုပ်ကိုင်ကြရာတွင် အလျဉ်မီစေရေးအတွက် လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရန် လိုအပ်လာကြောင်း၊ မျိုးစပါး၊ သွင်းအားစု၊ စိုက်နည်း စနစ်၊ ယန္တရားလိုအပ်ချက်များကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုး ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး နှင့် ဘားအံခရိုင် အုပ်ချုပ်ရေးမှူး တို့က ရဲသာ(ကမော့ကစင်)၊ ကော့ကူး၊ ခရစ်၊ နောင်ခရိုင်၊ ကော့မရမ်း၊ တော်ပုံကျေးရွာများမှ မျိုးစေ့ထုတ် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာန ခွဲမှထုတ်လုပ်သော မျိုးသန့်မျိုးပွား မျိုးစေ့(RS) တင်း ၅၀၊ ယူရီးယား ဓာတ်မြေဩဇာ အိတ် ၅၀ နှင့် သဘာဝမြေဩဇာအိတ် ၅၀ တို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် ဘားအံမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၂၀) စက်မှုလယ်ယာစခန်းမှ ထွန်စက်ကြီး ခြောက်စီးနှင့် တောင်သူများ၏ လက်တွန်း ထွန်စက်ငယ်များဖြင့် မိုးကြိုထယ် ရေး စုပေါင်းထွန်ယက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက် လာသော ကျေးရွာများမှတောင်သူ များက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် နောင်ခရိုင်ကျေးရွာ နောင်ခရိုင် ရေဂူအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရေဂူနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အများ ပြည်သူ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေ အနားယူ နိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)