
ဘားအံ အောက်တိုဘာ ၂၃
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက် ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ကလေး အလုပ်သမားပပျောက်ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များ မိမိဘဝ ရပ်တည်ရှင်သန်နိုင်ရေးနှင့် မိသားစုစားဝတ်နေရေး အတွက် လုပ်ငန်းခွင်တချို့တွင် အရွယ်မတိုင်မီ ဝင်ရောက်လုပ်ကိုင်နေကြရသည်များ ရှိကြောင်း၊ ထိုသို့ ဝင်ရောက်လုပ်ကိုင်နေကြသည်ကို ပထမဦးဆုံး စာရင်းကောက်ယူရမည်ဖြစ်ပြီး ထိုလုပ်ငန်းသည် အလွန်ရေးကြီးကြောင်း၊ ကလေးအလုပ်သမားများ လုပ်ကိုင်သည့်နေရာ ဌာန လုပ်ငန်းအမျိုးအစားများ၊ နောက်ခံ သမိုင်းကြောင်း၊ အသက်အပိုင်းအခြားများ ကို တိတိကျကျ စာရင်းကောက်ယူရန် လိုအပ်မည် ဖြစ်ကြောင်း၊ တိကျသည့် စာရင်းအချက်အလက် များရရှိပြီးမှသာ ကျန်ရှိသည့်ကော်မတီများမှ လုပ်ငန်းစီမံချက်များကို ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရာတွင် မြန်ဆန်မှန်ကန်တိကျရန်လိုကြောင်းနှင့် လုပ်ငန်း ကော်မတီအလိုက် ဆောက်ရွက်ရမည့်အစီအမံများ ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ ဆွေးနွေး တင်ပြကြပြီး စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီ၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံ ဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား များ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီ၊ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီနှင့် ရန်ပုံငွေရှာဖွေရေး နှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီများက သက်ဆိုင် ရာ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် အစီအမံများအား ဆွေးနွေးတင်ပြကြကာ ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကား ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံခရိုင် နယ်စပ်ဒေသရှိ ဖွံ့ဖြိုးရေးအခြေခံ ပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ အတွက် ဆန်၊ ဆီနှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့သည့်အခမ်းအနားကို မွန်းလွဲ ၄ နာရီ တွင် ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်ပြီး ဘားအံခရိုင် နယ်စပ် ဒေသရှိ ဖွံ့ဖြိုးရေးအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် ဆန်အိတ် ၁၀၀ နှင့် ဆီ ၁၀ ပုံးကို လည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ ခရိုင် လယ်ယာစိုက်ပျိုးရေးဌာန တာဝန်ခံ စောဘီတာ သိန်းဒိုနှင့် ဘားအံခရိုင် တွဲဖက်အတွင်းရေးမှူး စောဂေထူးတို့က လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင် တွဲဖက်အတွင်းရေးမှူး စောဂေ ထူးက ဘားအံခရိုင် နယ်စပ်ဒေသရှိ ဖွံ့ဖြိုးရေး အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ များအတွက် ဆန်၊ ဆီ၊ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးသည့်အပေါ် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အနေဖြင့် ကရင် အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင်မှ ယခုအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ထပ်မံကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ယနေ့ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားတွင် စုစုပေါင်း ငွေကျပ် လေးဆယ်ခြောက်သိန်းကိုးသောင်းတန်ဖိုးရှိ ဆန်၊ ဆီနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ ပေးကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)