
ရာသီဥတုအပူချိန် ပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်း၌ မွေးမြူရေးပျားအုံများတွင် ရောဂါများ ကျရောက်ဖြစ်ပွားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ဥရောပ ပျားမွေးမြူရေးအုံများတွင် ကပ်ပါးမွှားရောဂါထိန်းချုပ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်-
၁။ ပျားစခန်းရွှေ့ပြောင်းလျှင် မိမိပျားစခန်းအား ပျားရောဂါ ကုသပြီးမှသာ ရွှေ့ပြောင်းရန်။
၂။ လက်ရှိချထားမွေးမြူလျက်ရှိသော ဒေသရှိ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ် တာဝန်ခံမှ ထုတ်ပေးသော ပျားရောဂါကုသပြီးစီးကြောင်း ထောက်ခံချက်လက်မှတ်ရရှိမှသာ ရွှေ့ပြောင်း ရန်။
၃။ ပျားစခန်းအားလုံး ဧပြီလဆန်းမှ မေလပထမပတ်အတွင်း ကပ်ပါးမွှားရောဂါ တစ်ချိန်တည်း တစ်ပြိုင်တည်းကုသမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
၄။ ပျားစခန်းရွှေ့ပြောင်းချထားမွေးမြူမည့် နေရာပတ်ဝန်းကျင်ရှိ ပျားစခန်းများတွင် ကပ်ပါးမွှား ရောဂါ ကျရောက်ဖြစ်ပွားမှု ရှိ/မရှိ ဦးစွာစုံစမ်းပြီး ရောဂါကင်းရှင်းမှသာ ရွှေ့ပြောင်းမွေးမြူရန်။
၅။ ဒေသခံပျားများ ပေါများစွာရှိသောနေရာတွင် ပျားစခန်း ချထားမွေးမြူခြင်း မပြုရန်။
၆။ ပျားအုံပြင်ပစစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်ရန်။
၇။ အုံတွင်းစစ်ဆေးမှု ပြုလုပ်သည့်အခါတိုင်း သံသယရှိသော ရုပ်ဖုံးသားလောင်းများကို ဖောက်ထုတ် စစ်ဆေးရန်။
၈။ ပျားအင်အားကောင်းအောင် ဆောင်ရွက်၍ ပျားသလက်ချပ်နှင့် ပျားအင်အား မျှတမှု ရှိနေစေရေး ဆောင်ရွက်ရန်။
၉။ ပျားအုံများကို ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပျားဘုရင်မများဖြင့် မွေးမြူနိုင်ရေး လုပ်ဆောင်ရန်။
၁၀။ လိုအပ်သော ဖြည့်စွက်စာများကို တိုက်ကျွေးရန်။
၁၁။ ရောဂါကျရောက်ပါက ဌာနမှသတ်မှတ်ထားသော ဆေးဝါးများကိုသာ အသုံးပြုကုသရန်။
၁၂။ ရောဂါဆိုးရွားစွာ ကျရောက်နေသော ပျားစခန်းကို အခြားပျားစခန်းများနှင့် အနည်းဆုံး (၃)မိုင် အကွာအဝေးသို့ ရွှေ့ပြောင်း၍ သီးခြားထားရှိစေပြီး ပျားစခန်းရှိ ပျားအုံအားလုံးကို အမြန်ဆုံး ဆေးကုသမှုဆောင်ရွက်ရန်။
၁၃။ ရောဂါကျရောက်ဖြစ်ပွားနေကြောင်း သိရှိပါက နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ် / မြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးနှင့်မြန်မာနိုင်ငံပျားလုပ်ငန်းရှင်များအသင်းထံသို့ ဆက်သွယ် အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်မှု ရယူရန်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန