ဗန်းမောက် သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မူးသားအုပ်စု ကစောက်ဖာ ကျေးရွာ၌ နှစ်ပေါင်း ၁၀၀ နီးပါးရှိ ဇေတဝန်ဘုန်းတော်ကြီးကျောင်းအား ယခုအခါ အလှူရှင်များ၏ လှူဒါန်းငွေများ၊ ကစောက်ဖာကျေးရွာသူ ကျေးရွာသားများ၏ ထည့်ဝင်ငွေများနှင့် လုပ်အားဒါနများဖြင့် ပျက်စီးနေသောကျောင်းခန်းများအား ရှေးမူရိုးရာမပျက် ပြန်လည် ပြုပြင်တည်ဆောက်နေကြောင်း သိရသည်။
ရှေးရိုးရာမပျက် ဆောက်လုပ်ခဲ့
ကနန်းတိုင်းရင်းသားတို့၏ ရှေးရိုးရာမပျက် ဆောက်လုပ်ခဲ့သော နှစ်ပေါင်း ၁၀၀ နီးပါးခန့်ရှိ ဇေတဝန်ဘုန်းတော်ကြီးကျောင်းမှာ အလျားပေ ၁၅၀၊ အနံပေ ၁၀၀ နှင့် အမြင့်ပေ ၄၀ ရှိပြီး ဥရုတိုင် ခြောက်တိုင်မှာ တစ်တိုင်လျှင် အရှည်ပေ၄၀ ရှိသည်။ ထို့အတူ လုံးပတ် ၃ ပေ ၁၀ လက်မရှိသော ကျွန်းသားတိုင် ၁၅၉ တိုင်၊ အခန်းပေါင်း ၁၂၉ ခန်း၊ လှေကားလေးစင်းပါရှိသော ဘုန်းတော်ကြီးကျောင်းကို ကနန်းဒေသစိတ်မှ လက်သမားဆရာ ၁၅ ဦးနှင့် ကစောက်ဖာကျေးရွာ မှ ရွာသူ ရွာသားများ ဝိုင်းဝန်း၍ ၁၂၈၆ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက် ဗုဒ္ဓဟူးနေ့နံနက် ၄ နာရီတွင် တိုင်ထူကာ စတင်တည်ဆောက် ခဲ့ရာ နယုန်လဆန်း ၇ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ပြန်လည်ပြုပြင်တည်ဆောက်နေ
ထိုဇေတဝန် ဘုန်းတော်ကြီးကျောင်းမှာ ယခုအချိန်တွင် နှစ်ကာလရှည်ကြာလာသဖြင့် သဘာဝဘေးဒဏ်များကြောင့် ကျောင်းခန်းငါးခန်း၊ ကျောင်းတိုင်၂၀ နှင့် လှေကားနှစ်စင်းတို့မှာ ပျက်စီးယိုယွင်းလာနေပြီ ဖြစ်သောကြောင့် ရှေးရိုးရာလက်ရာများကို ထိန်းသိမ်းသည့်အနေဖြင့် တစ်ကြောင်း၊ အုတ်တိုက်ဘုန်းတော်ကြီးကျောင်းအသစ် ပြန်လည် တည်ဆောက်မည်ဆိုပါက ငွေကြေး မတတ်နိုင်ခြင်းများကြောင့် ကျောင်းထိုင်ဆရာတော် ဦးတိလောကက ကျေးရွာသူ ကျေးရွာသားများနှင့် တိုင်ပင်ကာ ပျက်စီးသွားသော နေရာများကို ပြန်လည်ပြုပြင်တည်ဆောက်နေခြင်းဖြစ်သည်။
“ဘုန်းတော်ကြီးကျောင်းက နှစ်ပေါင်း ၉၆ နှစ်ရှိလာပြီဆိုတော့ သဘာဝဘေးဒဏ်တွေကြောင့် အချို့နေရာတွေ ပျက်စီးနေတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျောင်းကို မိုးကြိုးပစ်ခံရတော့ တိုင် လေးတိုင်ပျက်စီးခဲ့သေးတယ်။ လှေကားနှစ်စင်းကလည်း မကောင်း တော့ဘူး။ ကျောင်းကိုဖျက်ပြီးတော့ အသစ်ပြန်ဆောက်မယ်ဆိုရင် လည်း ငွေကြေးကမတတ်နိုင်ပြန်ဘူး။ ဒီကျောင်းကြီးကိုလည်း ဘုန်းကြီး တို့ ကနန်းလူမျိုးတွေရဲ့ရှေးရိုးရာမပျက်မြင်နေချင်ကြတာ။ ဒါကြောင့်မို့ ပျက်စီးသွားတဲ့ နေရာတွေကိုပဲ ပြန်လည်ပြုပြင်တည်ဆောက်နေတာပါ ဒီလိုဘုန်းတော်ကြီးကျောင်းမျိုး ဗန်းမောက်မြို့နယ်မှာ မရှိကြတော့ဘူး၊ ကနန်းဒေသမှာတောင် ငါးကျောင်းပဲရှိတော့တာ” ဟု ကျောင်းထိုင် ဆရာတော် ဦးတိလောကက မိန့်ကြားသည်။
အဆက်ဆက် ကျောင်းထိုင်ခဲ့ကြ
အဆိုပါ ဇေတဝန်ဘုန်းတော်ကြီးကျောင်း တည်ဆောက်ပြီးစီးခဲ့ သည့်နှစ်တွင် ပထမဦးစွာ ကျောင်းထိုင်ခဲ့သော ဆရာတော်မှာ ကနန်း ဒေသစိတ် ဂိုဏ်းအုပ်ဆရာတော် ဦးဉာဏိန္ဒ၊ ဒုတိယဆရာတော် ဦးကဝိန္ဒ၊ တတိယဆရာတော်ဦးဂန္ဓာမာ၊ စတုတ္ထဆရာတော် ဦးစန္ဒ (ကနန်းဒေသစိတ်လက်ဝဲဂိုဏ်းထောက်)၊ ပဉ္စမဆရာတော် ဦးကဝိန္ဒ နှင့် ယခုဆဋ္ဌမကျောင်းထိုင်ဆရာတော် ဦးတိလောကတို့ အဆက် ဆက် ကျောင်းထိုင်ခဲ့ကြပြီး ကစောက်ဖာကျေးရွာ၌ ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)