
တွေ့ဆုံမေးမြန်း- မြင့်မိုရ်၊ ဓာတ်ပုံ- မိုးမခ
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် လတ်တလောရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကြား ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး၊ ကာကွယ်ဆေးထိုးနှံပေးမှုများနှင့်အတူ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်နိုင်ရေး ပညာပေးမှုများ၊ ထုတ်ပြန်ကြေညာမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများအကြား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ပတ်သက်၍လည်း တစ်ဆင့်ချင်းစီ သတ်မှတ်ချက်များနှင့်အညီ အလွှာလိုက် တစိုက် မတ်မတ် ထိုးနှံပေးလျက်ရှိရာ အချို့မြို့နယ်များတွင် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ပြည်သူများ အကြား ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြုံတွေ့ဖြတ်ကျော်လာသော ဝန်ထမ်း အများစု၏ ရင်တွင်းစကားသံများကို ရေးသား ဖော်ပြလိုက်ပါသည်။
ဦးမြသန်း (ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ရင် ကျွန်တော် မခံစားလိုက်ရဘူးလို့ ပြောလို့ရတယ်။ ပြောရရင် ဆေးဦးသွားတယ်လို့ပဲ ပြောရမယ်။ အရင်ဒုတိယလှိုင်း ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် သတိထားပြီး လိုက်နာနေထိုင်ခဲ့တယ်။ အခု တတိယ လှိုင်းကာလမှာလည်း ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက် ပြီး ဘာလက္ခဏာမှ မပြခဲ့ဘူး။ ဒါပေမယ့် အိမ်က အမျိုးသမီးတော့ ကိုဗစ်-၁၉ ရောဂါ ခံစားလိုက်ရတယ် ပြောရမယ်။ ဖျားလည်းဖျား၊ အနံ့လည်းပျောက် အိပ်ရေးတွေလည်းပျက်၊ အစားအသောက်တွေလည်း မကောင်း။ ပြောရရင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာ မျိုး ကြုံတွေ့ခဲ့ရတယ်။ ဒီကာလမှာ ဆေးရုံ၊ ဆေးခန်း တွေသွားပြီး စမ်းသပ်ခဲ့တာတော့ မရှိဘူးပေါ့။ ဒါပေမယ့် နောက်တော့ သူလည်းဆေးတွေသောက် သတိထားနေထိုင်လိုက်တော့ ပြန်ပြီး ကောင်းလာ ပါတယ်။ သိပ်ကြီးကြီးမားမား ဆိုးရွားတာတော့ မဖြစ်ခဲ့ဘူး။ ထူးခြားတာက ကာကွယ်ဆေးထိုးထားတဲ့ ကျွန်တော့်ကို ကူးစက်မှု လုံးဝမရှိခဲ့ဘူး။
အဲဒါကို ကြည့်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေးနဲ့ပတ်သက်ပြီးတော့ အခွင့်အရေးရရင် ရသလို လူတိုင်း ထိုးထားသင့်တယ်လို့ မြင်တယ်။ လတ်တလော ပြည်သူတွေအကြား အသက် ကန့်သတ်ချက်နဲ့ ထိုးပေးတာဆိုတော့ အများစုက တော့ မထိုးနှံရသေးဘူးပေါ့။ တစ်နိုင်ငံလုံး ထိုးခွင့် ရရင်တော့ ဒီရောဂါနဲ့ပတ်သက်ပြီး အတော်လေးကို တည်ငြိမ်သွားမယ်လို့ မြင်ပါတယ်။ အများစု အသက် ဆုံးရှုံးတာကလည်း အောက်ဆီဂျင် အခက်အခဲဖြစ် ခဲ့ကြတယ်လို့ ပြောကြတာပဲ။ ကိုဗစ်-၁၉ နဲ့ပတ်သက် လို့ ကာကွယ်ဆေးကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းထိုးထားသင့်တယ်လို့ မြင်ပါတယ်။
ဦးဇော်မင်းလတ် (ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ်တတိယလှိုင်းကာလမှာ မိုးတွင်းလည်း ဖြစ်တော့ တုပ်ကွေးလိုလို၊ ကိုဗစ်- ၁၉ ရောဂါ လက္ခဏာလိုလို ဖြစ်ကြတာတွေကို ဆေးခန်း၊ ဆေးရုံတွေမှာ အများစုတွေ့မြင်ရတယ်။ အဲဒီလူတွေ အများစုကို စုံစမ်းကြည့်လိုက်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိကြသေးသူတွေ အများစုဖြစ်နေတာ တွေ့ရတယ်။ ပြန်သတိထားမိ လိုက်တာက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားပြီး လူတွေက လတ်တလောမှာ ထူးထူးခြားခြား ဖျားနာ ခြင်းဝေဒနာ ဘာခံစားမှုမှ ဖြစ်ပေါ်နေတာ မရှိဘူးဆို တာကိုသတိထားလိုက်မိတယ်။ ကိုဗစ်-၁၉ လက္ခဏာ အနည်းငယ် ကြုံတွေ့တဲ့သူရှိပေမယ့် အပြင်းအထန် မခံစားရဘူးလို့ ပြောကြတယ်။ ကိုဗစ်-၁၉ ကာကွယ် ဆေးနဲ့ ပတ်သက်လို့ ကျွန်တော်ကောက်ချက်ချနိုင် တာကတော့ ဒီအချိန် ဒီကာလမျိုးမှာ အသက်၊ အရွယ်မရွေး ထိုးထားသင့်တယ်လို့ ယူဆတယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ အခြားရောဂါ အခံရှိတဲ့သူတွေ ပိုပြီးဂရုတစိုက် ထိုးထားသင့်တယ် လို့ မြင်တယ်။ လတ်တလော ကျန်းမာရေးဝန်ကြီး ဌာနကလည်း မြို့နယ်၊ ရပ်ကွက်တွေပါမကျန် အစီအစဉ်ဆွဲပြီး လိုက်လံထိုးနှံပေးနေတာကို တွေ့ရ တယ်။
ထိုးပြီးတဲ့သူတွေကိုလည်း ကျန်းမာရေးဝန်ကြီး ဌာနက ကာကွယ်ဆေးထိုးထားတာပဲ ကူးစက်မှု မရှိတော့ပါဘူးဆိုပြီး ပေါ့လျော့မှုမရှိဘဲ ဂရုတစိုက် နေထိုင်သွားဖို့ လမ်းညွှန်ထုတ်ပြန်အသိပေး ကြေညာ ချက်တွေ ရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီ ကိုဗစ်-၁၉ ကာကွယ်ဆေးကို နောက်ပိုင်း ဖြည်းဖြည်းချင်း ထိုးပြီးကြမယ်ဆိုရင်တော့ ဒီရောဂါ ဟာ သာမန်တုပ်ကွေးရောဂါတစ်မျိုးလိုပဲ တည် တည်ငြိမ်ငြိမ် ဖြစ်သွားမယ်လို့ ထင်ပါတယ်။
မမေဇင်ဦး (ဌာနဆိုင်ရာဝန်ထမ်း )
ကျွန်မက ဌာနဆိုင်ရာတစ်ခုရဲ့ အငယ်တန်း စာရေးဝန်ထမ်းတစ်ဦးပါ။ ကိုဗစ်-၁၉ ရောဂါ ဒုတိယ လှိုင်းတုန်းက ကြုံတွေ့ခံစားလိုက်ရသေးတယ်။ အဲဒီ စဖြစ်တုန်းကတော့ အိပ်ရေးတွေပျက်၊ အစာစားချင် စိတ်လည်း မရှိ ၊ နောက်ပိုင်း ကိုယ်လက်တွေကိုက်ခဲပြီး ဖျားနာလာတယ်။ ပြီးတော့ အနံ့ သုံးလေးရက်လောက် ပျောက်သွားခဲ့တယ်။ ပြီးတော့ ကိုဗစ်စောင့်ကြည့် ရေးစင်တာမှာ ခုနစ်ရက်ကြာနေပြီးတော့ စမ်းသပ် ကြည့်လိုက်တဲ့အခါ ကိုဗစ်ဆိုပြီး အဖြေထွက်လာတာ ပါ။ စဖြစ်တုန်းကတော့ တစ်ခါမှလည်း မကြုံဖူးတော့ ကြောက်ပြီး ငိုမိတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက သူများတွေလို မောတာ၊ အသက်ရှူကျပ်တာရယ် လို့တော့ မကြုံခဲ့ရဘူး။ စင်တာမှာပဲ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ နေထိုင် စားသောက်တော့ ရက်အနည်းငယ်အတွင်းမှာပဲ သက်သာပြီး ပြန်ဆင်းလာနိုင်ခဲ့တယ်။
ကိုဗစ် တတိယလှိုင်းမှာတော့ ကျွန်မတို့ ဝန်ထမ်း အိမ်ရာမှာ တစ်ဦးတစ်ယောက်တောင် ကိုဗစ်နဲ့ ပတ်သက်ပြီးဖြစ်တယ်လို့ မကြားမိဘူး။ အရင် ကာကွယ်ဆေးမထိုးခင် ဒုတိယလှိုင်းမှာတုန်းကတော့ အများစုအဖြစ်များခဲ့တယ်။ အခုနောက်ပိုင်း ဝန်ထမ်း အများစုက ကာကွယ်ဆေးထိုးထားကြတော့ အရင် ဒုတိယလှိုင်းလောက် ဝန်ထမ်းအိမ်ရာမှာ ကိုဗစ် ရောဂါဖြစ်တယ်ဆိုတဲ့ အသံမကြားမိတာကိုတော့ သတိထားမိလိုက်တယ်။ ဒါတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ အကျိုးရလဒ်တွေလို့ ထင်တယ်။ တကယ်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက် လို့ ပြောရရင်တော့ လူတိုင်း ထိုးနှံထားသင့်တယ်လို့ မြင်တယ်။ ထိုးနှံကြဖို့ကိုလည်း တိုက်တွန်း ချင်ပါတယ်။
ဦးမိုးဇာထွန်း (ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ်နဲ့ပတ်သက်လို့ကတော့ ဒုတိယလှိုင်း ကာလမှာလည်း ကျွန်တော်မဖြစ်ခဲ့ဘူး။ အခု တတိယလှိုင်းကာလမှာလည်း ကာကွယ်ဆေး ထိုးထားတော့ လက်တွေ့ခံစားမှု မကြုံခဲ့ရဘူး။ ဒါပေမယ့် ကျွန်တော့်အမျိုးသမီးကတော့ ကိုဗစ် လက္ခဏာနဲ့ ဒီတတိယလှိုင်းကာလမှာ ဆုံးပါးခဲ့ရ တယ်။ ကျွန်တော့်အမျိုးသမီးကလည်း ဝန်ထမ်း တစ်ဦးပါပဲ။ ဒါပေမယ့် သူက အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါအခံတစ်ခုကြောင့် ဒုတိယလှိုင်းအပြီး ဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးစဉ်ကာလ တုန်းက မထိုးဖြစ်ခဲ့တာပါ။ ကျွန်တော့် အမျိုးသမီး ရောဂါဖြစ်တော့ ဒီတတိယလှိုင်းကာလမှာ ဆေးရုံ၊ ဆေးခန်းတွေ အများစုကလည်း ပိတ်ထားတာရယ်၊ လက်မခံတာရယ်၊ နောက်ဆုံး အင်းလျားကုသရေး စင်တာကို ရောက်ခဲ့တယ်။ စင်တာရောက်ပြီး ၁၀ ရက်အကြာမှာ ကိုဗစ်-၁၉ ရောဂါ ဟုတ် မဟုတ် စမ်းသပ်မယ်ဆရာဝန်တွေက ပြောပေမယ့် စမ်းသပ်မှု မပြုခင် ခုနစ်ရက်မြောက်မှာပဲ အဲဒီကိုဗစ်လက္ခဏာ လို့ ယူဆရပြီး အောက်ဆီဂျင်အခက်အခဲကြောင့် အမျိုးသမီးရဲ့ အသက်ဆုံးရှုံးလိုက်ရတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ပြောချင်တာ ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် နဲ့အညီ နေထိုင်သွားဖို့လိုသလို ကိုဗစ်ကာကွယ်ဆေး ကိုလည်း ယုံယုံကြည်ကြည်နဲ့ ထိုးနှံထားကြဖို့ လိုအပ် တယ်လို့ မြင်ပါတယ်။ တကယ်တော့ ဒီတတိယလှိုင်း ကာလမှာ ကာကွယ်ဆေးထိုးထားတဲ့သူအများစုဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဖြစ်စဉ်မျိုးတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်တာ မမြင် တွေ့ရဘူး။ ကျွန်တော်တစ်ယောက်တည်းအမြင်ပြော ရရင်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အခွင့်အခါ ရမယ်ဆိုရင် ထိုးနှံထားသင့်တယ်လို့ မြင်ပါတယ်။
မအိမွန်ကျော် (ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ် ဒုတိယလှိုင်းတုန်းက ကျွန်မခေါင်းလျှော် ပြီး အအေးမိ၊ နှာမွှန်တာကနေ အနံ့ပျောက်၊ ဖျားနာ၊ ကိုယ်လက်တွေကိုက်ခဲပြီး ကိုဗစ်ရောဂါကို ခံစားခဲ့ဖူး ပါတယ်။ ကိုဗစ်ရောဂါစဖြစ်တုန်းကတော့ တစ်ခါမှ မကြုံဖူးတော့ ကြားရုံနဲ့ပဲ ကြောက်စိတ်တွေ ဝင်ခဲ့ တယ်။ ဒါပေမယ့် ကိုဗစ်ရောဂါဖြစ်တဲ့အချိန်မှာ အခြား ရောဂါခံမရှိလို့လားမသိဘူး အပြင်းအထန် ခံစားရ တာလည်းမရှိခဲ့ဘူး။ အသက်ရှူကျပ်တာ၊ မောတာ တို့လည်း မကြုံခဲ့ရသလို အောက်ဆီဂျင်လည်း မရှူခဲ့ ရဘူး။ အစောပိုင်း အအိပ်အစား ပျက်ပေမယ့် နောက်ပိုင်း အစားအသောက်မှန်လာတော့ လူကောင်းအတိုင်း ပြန်ဖြစ်လာတာပါပဲ။ တကယ် တော့ ကိုဗစ်ရောဂါဟာ အနေအစားမှန်၊ ကိုယ်ခံအား မြင့်နေမယ်ဆိုရင် ကောင်းကောင်း ကျော်ဖြတ် နိုင်ပါတယ်။
အခုတတိယလှိုင်းမှာတော့ အရင်လို ကြောက်ရွံ့ စိတ်လည်း မရှိတော့သလို ကာကွယ်ဆေးကလည်း ထိုးထားတာဆိုတော့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက် ပြီး အငွေ့အသက်တောင် ဒီကနေ့အထိ မခံစား ရသေးဘူး။ ပတ်ဝန်းကျင်ကလည်း ကာကွယ်ဆေး ထိုးထားတဲ့သူတွေများတော့ ဒီတတိယလှိုင်းမှာ ပြီးခဲ့တဲ့ဒုတိယလှိုင်းတုန်းကလိုတောင် ဖျားနာတာ မကြားရဘူး။ အဲဒါကြောင့် ကျွန်မကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီး လက်လှမ်း မီသလောက် ကြိုတင်ကာကွယ်ထားကြဖို့ အားပေး ချင်ပါတယ်။