
နေပြည်တော် မတ် ၂၄
ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သားဖွား ခန့်အပ်တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မြန်မာ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက် ဒေသများတွင်နေထိုင်ပြီး ၎င်းတို့အတွက် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရှေ့တန်း မှ အနီးကပ်တာဝန်ယူဆောင်ရွက်ကြမည့် သစ်လွင် သားဖွားများအား ခန့်အပ်တာဝန်ပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်း အမြစ်များ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ လုံလောက်စွာမွေးထုတ်နိုင်ရန် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆရာဝန်များ၊ သူနာပြုဆရာ/ ဆရာမများ၊ အမျိုးသမီးကျန်းမာရေး ဆရာမများ၊ သားဖွားဆရာမများနှင့် ဆေးဘက် ဆိုင်ရာပညာရှင်များကို နိုင်ငံတော်၏ လိုအပ်ချက်နှင့် အညီ နှစ်စဉ်လေ့ကျင့် မွေးထုတ်လျက်ရှိရာ လက်ရှိ ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် လေ့ကျင့် မွေးထုတ်မှုနှောင့်နှေးစေခဲ့သော်လည်း ဝန်ကြီးဌာန အောက်ရှိ သူနာပြုတက္ကသိုလ် နှစ်ခု၊ သူနာပြု သင်တန်းကျောင်း ၂၇ ကျောင်း၊ သားဖွားသင်တန်း ကျောင်း ၂၃ ကျောင်း၊ နှီးနွှယ်သင်တန်းကျောင်း သုံးကျောင်း စုစုပေါင်း ၅၃ ကျောင်းတို့မှ ယနေ့အထိ သူနာပြု/သားဖွား စုစုပေါင်း ၄၁၄၄၂ ဦး မွေးထုတ်ခဲ့ပါ ကြောင်း၊ မတ် ၁ ရက်တွင် သစ်လွင်သူနာပြု ၆၈၄ ဦးကို ခန့်အပ်ပေးခဲ့ပါကြောင်း၊ ယခု သားဖွားသင်တန်း ကျောင်း ငါးကျောင်းမှ သားဖွားသင်တန်းတက်ရောက် အောင်မြင်သူ ၁၆၅ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက် ကျန်းမာရေးဌာန/ဌာနခွဲများတွင် သစ်လွင်သားဖွား ၁၄၈ ဦး ခန့်ထားပေးမည် ဖြစ်ပါကြောင်း။
သင်တန်းဆင်း သစ်လွင်သားဖွားများအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် အရည်အသွေးပြည့်ဝ ပြီး ကျင့်ဝတ်နှင့်ညီသော သားဖွားဆရာမများအဖြစ် မိမိတို့ သင်တန်းတက်စဉ်တစ်လျှောက်လုံး နေ့စဉ် ရွတ်ဆိုခဲ့သော သူနာပြုသားဖွား သစ္စာအဓိဋ္ဌာန်နှင့် အညီ လိုက်နာရမည့်ကျင့်ဝတ်များကို စောင့်ထိန်းပြီး ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိအသက်ကို ပဓာန မထားဘဲ ကိုယ်ကျိုးစွန့်ပြီး မီးလောင်နေသောလူနာ ကို ကာကွယ်ပြုစု စောင့်ရှောက်ပေးခဲ့သောကြောင့် ဖလောရင့်စ်နိုက်တင်ဂေးလ်ဆု ချီးမြှင့်ခံရသည့် မြန်မာနိုင်ငံမှ သားဖွားဆရာမ ဒေါ်သိန်းရီ လို စိတ်ဓာတ်မျိုးကို မွေးမြူနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ထမ်းဆောင်နေ သော သားဖွားဆရာမများကို ဝတ်စုံစရိတ်၊ စားစရိတ် များနှင့် ညတာဝန်ကျစရိတ်များ တိုးမြှင့်ပေးခဲ့ပြီး ဝန်ထမ်းအိမ်ရာတွဲဖက်ပါရှိသည့် စံကိုက်ကျေးလက် ကျန်းမာရေးဌာနများနှင့် ဌာနခွဲများကို နှစ်စဉ်တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေးဝန်ကြီးဌာန ၏ ဝန်ထမ်းများ စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင် နိုင်ရန် ဝန်ထမ်းအိမ်ရာများ နိုင်ငံတော်အစိုးရမှ ထပ်မံ ဖြည့်ဆည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်တွင် မိခင် ကလေး ကျန်းမာရေးဌာန ၃၄၈ ခု၊ ဒေသန္တရကျန်းမာ ရေးဌာန ၉၈ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၉၀၄ ခု နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၉၀၇၇ ခုတို့တွင် ယခု သင်တန်းဆင်းအောင်မြင်သူ ၁၄၈ ဦးနှင့် စုစု ပေါင်း ၁၃၃၇၂ ဦးတို့ဖြင့် ပြည်သူလူထု၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက သစ်လွင်သားဖွားများကို ခန့်အပ်လွှာ ပေးအပ်ပြီး သစ်လွင်သားဖွားတစ်ဦး ဖြစ်သည့် မလင်းလက်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သစ်လွင်သားဖွားများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်