ကျန်းမာမှု အနုပညာ

Type
၅

 

ဆရာမဲဇာ

 

လူအမျိုးမျိုး  စိတ်အထွေထွေရှိရာမှာ  အသိပညာ ဖြည့်တင်းပေးရသူအတွက်  အလွန်ပင်  ခက်ခဲလှပါ သည်။ 
ဤအလုပ်ကိုမှ စွဲစွဲလမ်းလမ်း မနားမနေလုပ်ခဲ့ မိသော ကျွန်တော့်အနေဖြင့် နှစ်ပေါင်းငါးဆယ်ကျော် မြှုပ်နှံထားခဲ့သော်လည်း မျှော်မှန်းရလဒ်များမှာ အသေဖြောင့်စရာ အကြောင်းမမြင်လှပါ။ စွဲစွဲမြဲမြဲ သိစေချင်သောအသိ၊ နိစ္စဓူဝ လုပ်ကြစေလိုသော အလုပ်များဖြင့် လူတစ်ဦးချင်းနှင့် လူထုအတွင်း ကျန်းမာမှုအဆင့် မြင့်စေလိုသော်လည်း လူတို့၏  လက်တွေ့ဘဝတွင် ပရိယေသန ဝမ်းစာရေးကြောင့် ကျန်းမာရေးသည်  မဖျားမနာမချင်း  ဦးစားပေး အဆင့် တက်မလာခဲ့ပါ။

 


ယခု ကမ္ဘာကြီးသည် ဖျားနာလျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါမှာလည်း ပို၍ ပို၍ ဆိုးလာ သည်။ ပြည်သူ့ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံ ဖို့ အချိန်ကျပြီဟု အော်နေကြသော ပညာရှင်များ ကို  အားနာစရာအဖြစ်။  ကိုဗစ်ကုသဆေးတွေ ထုတ်လုပ်ရာမှာ၊    ကိုဗစ်ကာကွယ်ဆေးတွေ တီထွင်ရာမှာ       ဒေါ်လာသန်းပေါင်းထောင်ချီ၍ ရင်းနှီးမြှုပ်နှံလျက်ရှိကြသည်။   စဦးတီထွင်သူ နှစ်ဦးမှာ ဒေါ်လာသန်းတစ်ထောင်ကျော်စီ ရရှိသွား ပါပြီ။ ထိုကုမ္ပဏီကြီး နှစ်ခုထဲသို့ အလုအယက် ရှယ်ယာထည့်ဝင်ကြသူများမှာ ချမ်းသာလာကြ လေပြီ။

 


ဤသို့  ကုသရေး၊ ကာကွယ်ရေးဘက်၌သာ အကျိုးအမြတ်ရှာ၍ ရင်းနှီးမြှုပ်နှံနေကြခြင်းသည် မှန်၊ မမှန်ဆိုသည့်အချက်ကို လက်တွေ့ပြသည့် အနေဖြင့် ဆင်းရဲသောနိုင်ငံများမှ ပြည်သူများ၊ ချမ်းသာသောနိုင်ငံများနေ     ဆင်းရဲသူများက အဖြေပေးနေကြသည်။     ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း၊  သေနှုန်းနှင့်  ဗိုင်းရပ်စ်မျိုးဗီဇကွဲ များ  တစ်ဆင့်ပြီးတစ်ဆင့်  ထွက်ပေါ်လာသည့် အဖြစ်အပျက်များ၊ ကျွမ်းကျင်လုပ်သား ရှားပါး လာသော ပြဿနာများ၊ ကိုဗစ် စိတ်ရောဂါများ၊ ကိုဗစ်နာတာရှည်ရောဂါသည်များမှအစ စာရင်း ကောက်၍ မဆုံးနိုင်အောင် ရှိပါသည်။  စာရင်း ကောက်၍ရသမျှ  ကိုဗစ်-၁၉ ရောဂါလက္ခဏာများ မှာ ၉၈ မျိုးအထိ ရှိနေသည်။ အနာမျိုး ၉၆ ပါးထက် ကျော်၍ များနေလျက်  ဆေးကုဖို့အရေးမှာသာ ဦးစားပေးလျက်ရှိနေသည်။

 


ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေသည် ကမ္ဘာ ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံး ကို ပြောင်းလဲရန် တောင်းဆိုလျက်ရှိနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အကြိမ်ကြိမ် နှုတ်ဖြင့် တိုက်တွန်းနေသော်လည်း  လက်တွေ့ ဘာမျှဖြစ်မလာသေးပါ။  COVAX ခေါ် ပုံစံဖြင့် ကမ္ဘာပေါ်ရှိ ဆင်းရဲသောနိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး  မျှမျှတတ ဖြန့်ဝေရေးကိစ္စ တွင်ပင် လက်တွေ့အဆင်မပြေသေးပါ။
မိမိကိုယ်တိုင်၏      ကျန်းမာရေးအတွက် “ဘယ်သူ့ကိုယုံမှတ်ပြီး ပုံအပ်ရမှာလဲ” ဟူ၍သာ မေးချင်ပါသည်။ ၃၀-၁-၂၀၂၂ ရက်နေ့ စာရင်းချုပ် အရ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၉ ဘီလီယံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၀ ဘီလီယံ ထိုးပေးပြီးဖြစ်ကြောင်း  သိရသည်။  စာရွက်ပေါ် တွင် တွက်လျှင် လူတိုင်းကာကွယ်ဆေးတစ်လုံးကျ ထိုးပြီးရုံမက အလုံးရေ နှစ်ဘီလီယံခန့် ပိုလျှံနေသေး သည်ဟု  ဆိုနိုင်သော်လည်း  ဆင်းရဲသောနိုင်ငံ များရှိ  လူဦးရေ၏   ၁၀  ရာခိုင်နှုန်းခန့်ကိုသာ ထိုးပေးပြီးဖြစ်နေ၏။ ချမ်းသာသောနိုင်ငံအချို့တွင်မူ လူတစ်ဦးလျှင်  လေးကြိမ်အထိ  ကာကွယ်ဆေး ထိုးပြီးဖြစ်ကာ      အသက် ငါးနှစ်အရွယ်အထိ ကာကွယ်ဆေးထိုးပေးနေပြီဖြစ်သည်။

 


ဆင်းရဲသောနိုင်ငံများတွင်           ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဖိစီးမှုများမှာ မှန်းဆ၍မရနိုင်အောင် ဆိုးရွားလျက်ရှိပါ၏။ ကိုဗစ်-၁၉ အတွက် ကာကွယ် ဆေးလည်း   ထိုးခွင့်မရ၊   ကုသဆေးမှာလည်း အဝေးကြီးဖြစ်နေရုံမက ပုံမှန်ဆေးကုသမှုမျိုးပင်  မလုပ်နိုင်လောက်အောင် ကျန်းမာ‌ရေးကဏ္ဍသည် ပျက်ယွင်းလျက်ရှိသည်။ ပုံမှန်သေဆုံးမှုများအပြင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုမှာ ပေါင်းရုံနှင့် မပြီး သေးပါ။

 


နဂိုကပင် မပြည့်မစုံ ကုသပေးနေရသော တီဘီ ရောဂါ၊ ခုခံကျရောဂါများအတွက်  ဆေးဝါးများ သာမက      ဆေးကုသမှုပေးသည့်စနစ်များပါ ထိခိုက်သွားသဖြင့် ရောဂါတိုးရုံမက ထိုသူများထံ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရပါက ဗီဇပြောင်း ကိုဗစ်-၁၉ များ ထွက်လာနိုင်ကြောင်း တွေ့ရသည်။ ၃၁-၁-၂၂ ရက်နေ့ သတင်းအရ တောင်အာဖရိက နိုင်ငံမှ HIV ပိုးရှိသော  အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးသည် ကိုးလကြာနေထိုင်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်း ဗီဇပြောင်းလဲမှု ၂၁ ကြိမ် ဖြစ်ခဲ့ကြောင်း သိရလေသည်။ သို့နှင့် အိုမီခရွန် ဗိုင်းရပ်စ်သည် ကမ္ဘာပတ်လျက်ရှိပါပြီ။

 


ဆင်းရဲ၍  အာဟာရမပြည့်၊  ကျန်းမာအောင် နေဖို့ခက်၊ တစ်သက်တာစုထားသည့် နာတာရှည် ရောဂါများကြားတွင်  ကိုဗစ်-၁၉ က  ထပ်ပိုးဒုက္ခ ပေးနေသည်ကို    လျစ်လျူရှုထားသော    ကမ္ဘာ့ လူ့အဖွဲ့အစည်းကြီးသည် ယခုကျမှ ဒဏ်ခတ်ခံနေ ရပေပြီ။   ဆင်းရဲသူတို့ကြားတွင်  ဖြစ်လာသမျှ ကိုဗစ်မျိုးကွဲများသည် ချမ်းသာသောနိုင်ငံများသို့ တစ်ပြန်တစ်လဲ ဒုက္ခပေးလျက်ရှိပေပြီ။

 


လောလောဆယ်အခြေအနေအရ  ဗိုင်းရပ်စ် မျိုးကွဲများနှင့်  ကာကွယ်ဆေးများ၏  အားပြိုင်မှု (Variants versus Vaccines) ချိန်ခွင်လျှာတွင်  ဗိုင်းရပ်စ်က     အားသာနေသည်ဖြစ်၍     ကမ္ဘာ့ ကပ်ရောဂါကြီး ရပ်ဆိုင်းရန် မျှော်လင့်ချက်သည် မျိုးကွဲပွားရာမှ  မျိုးပျက်သွားမည့်   ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးအပေါ်၌သာ    မူတည်နေတော့၏။ အပြန်အလှန်အားဖြင့် ကမ္ဘာ့လူသားတစ်ရပ်လုံး၏ စုပေါင်းကြိုးစားမှုဖြင့် ကပ်ရောဂါကြီးကို ချုပ်ငြိမ်း စေနိုင်မည့် အခွင့်အရေးကျန်ရှိနေသေးသည်ဟု ဆိုရပေတော့မည်။

 


ကာကွယ်ဆေးရလာဖို့     အားကိုးနေရုံနှင့် လူသားတို့မှာ ကပ်ရောဂါကြီးကို နိုင်အောင် မကျော် လွှားနိုင်ပါ။ ရာနှုန်းပြည့်စိတ်ချရသော ကာကွယ် ဆေးများထွက်လာဖို့ စောင့်စားရမည့် ငါးနှစ်တာ ကာလအတွင်း ရောဂါရသေဆုံးကြရမည့်သူ များလှ ပါ၏။ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိသော ကိုယ်ခံအား ကို ထူထောင်ထားဖို့အတွက် အဓိကမှာ ကိုယ့်အား ကိုယ်ကိုးဖို့သာ ဖြစ်ပါသည်။

 


အာဖရိကတိုက်တွင်         များပြားလှသော ခုခံအားကျဆင်းမှု   ကူးစက်ရောဂါသည်များမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေခြင်း၊ ရောဂါပိုး ဗီဇပြောင်းလဲမှုကို        အားပေးခြင်းများရှိ၏။ ကိုယ်ခံအားကို ဖိထားသောဆေးများ မှီဝဲနေရသော လူနာများ (Immuno compromised) များမှာလည်း ဗိုင်းရပ်စ်တို့ ထင်သလိုလုပ်သမျှခံနေရ၏။ တီဘီ ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ  စသည့် ရောဂါအခံရှိသူများမှာလည်း ကိုဗစ်-၁၉  ရောဂါပိုးဝင်လျှင်  ထိပ်ဆုံးက  သေကျေရပါ၏။ ဤအခြေအနေအရပ်အရပ်ကို ပြောင်းလဲစေရန် အတွက်   ကမ္ဘာ့နိုင်ငံအသီးသီးရှိ   ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ  အံကိုက်ပြောင်းလဲရန် လိုနေပေပြီ။

 


ကမ္ဘာပေါ်တွင် ယခင်က မင်းမူခဲ့သော ကူးစက် ရောဂါအမျိုးမျိုးမှာ ကုသဆေးများ၊ ကာကွယ်ဆေး များကြောင့် လုံးဝချုပ်ငြိမ်းသွားခြင်း (ဥပမာ - ကျောက်ရောဂါ)၊ ဦးကျိုးသွားခြင်း (ဥပမာ  ပိုလီယို ရောဂါ)များရှိသလို ဝမ်းနှင့်ပတ်သက်သောရောဂါ အချို့မှာလည်း   အလွယ်တကူ   မဖြစ်ပွားခြင်း၊ ဖြစ်ပွားလျှင်လည်း ထိန်းချုပ်၍ရခြင်းတို့ ရှိခဲ့၏။ ထိုအောင်မြင်မှုများကြားထဲမှာ    အချိုးအစား ပြောင်းလဲသွားသော   ကူးစက်ရောဂါများထက် မကူးစက်နိုင်သော ရောဂါများက လွှမ်းမိုးလာခဲ့ လေသည်။ 

 


ယခုနောက်ဆုံးပေါ် ကိုဗစ် - ၁၉ ကပ်ရောဂါ မှာမူ   ကူးစက်တတ်သော  ဗိုင်းရပ်စ်ပိုးများနှင့် မကူးစက်တတ်သော ရောဂါအခံရှိသူများ ထိပ်တိုက် တွေ့ကာ    အသေအပျောက်များလျက်ရှိသည်။ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ သွေးတိုး ရောဂါ စသည့်ရောဂါများ ရှိနှင့်ပြီးသူတို့အတွက် ကိုဗစ် -၁၉ ပိုးဒဏ်ကို   မခံနိုင်ဘဲ   သေကောင် ပေါင်းလဲခံစားရခြင်း၊       သေဆုံးရခြင်းများကို အချိန်တိုအတွင်း   မယုံနိုင်စရာ   တွေ့ကြုံရသဖြင့် ဆွေမျိုးများသာမက ကျန်းမာရေးဝန်ထမ်းများပါ အထူးပင်ကြေကွဲဝမ်းနည်းစွာ လက်လွှတ်လိုက် ကြရပါသည်။ 

 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး           အပါအဝင် ကျန်းမာရေးဆိုင်ရာကဏ္ဍမှ  သတိမထားမိသည့် အချက်မှာ လူတို့၏နေထိုင်မှုဘဝဟန် (Life – Style) များပင်  ဖြစ်သည်။    မြို့ပြတွင်   စုဝေးရောက်ရှိ လာခြင်း၊   ကျပ်ညှပ်ပြွတ်သိပ်ဆင်းရဲစွာ   နေထိုင် ရခြင်း၊ လူးလာခေါက်ပြန် ခရီးသွားရခြင်း စသည့် အချက်များကြောင့် ရောဂါပျံ့နှံ့မှု လျင်မြန်များပြား  ရုံမကဘဲ မူလ SARS COV-2 (ခေါ်) ကိုဗစ်-၁၉ မှာ ဗီဇမျိုးကွဲ တစ်မျိုးပြီးတစ်မျိုးပြောင်းကာ ကမ္ဘာပတ်  လျက်ရှိ၏။ ဆင်းရဲသားလူများစုကြီး၏ လူနေမှု အဆင့်ကို  ကျန်းမာရေးစနစ်နှင့်အညီ  မြှင့်တင်နိုင် ပါမှ  ကပ်ရောဂါအမျိုးမျိုးဒဏ်မှ  စိတ်ချရဖို့ရှိ၏။ ကာကွယ်ဆေးကောင်းများမှာလည်း    ပြောင်း၍ ပြောင်း၍နေသော  ဗိုင်းရပ်စ်ပိုးနောက်က လိုက်နေ ရသဖြင့် အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရလေသည်။ 

 


ကျန်းမာရေးအဆင့်ကို မြှင့်တင်ရန်မှာ အခြေခံ အကျဆုံး လူမှုရေးပုံစံများကို မပြောင်းလဲသရွေ့ သမင်မွေးရင်း      ကျားစားရင်းကဲ့သို့        ဖြစ်နေမှာ  အမှန်ပင်။   ဇိကုပ်၍    နတ်ပြည်တင်ရန်လည်း မဖြစ်နိုင်၊ တန်ခိုးရှင်တို့လည်း  မ , မနိုင်၊ ပညာရှင် တို့လည်း  မတတ်နိုင်။  မိမိကိုယ်တိုင်  ပြုပြင် ပြောင်းလဲရန်အခါသာဖြစ်၍နေသည်။ 
ကိုယ်ခံကျန်းမာရေးကောင်းဖို့      ကြိုးစား တည်ဆောက်ထားသူများမှာ    ဤကပ်ရောဂါ ဒဏ်ကို   ကံကောင်းစွာ    ကျော်လွှားနိုင်ခဲ့သည်။ ကျန်းမာရေးဌာနက   ချမှတ်ထားသောစည်းကမ်း များကိုလည်း    လိုက်နာ၊   ကာကွယ်ဆေးလည်း အကြိမ်ပြည့်ထိုးထားပြီးလျှင် ကိုယ်ခံကျန်းမာရေး ကောင်းအောင် ကိုယ့်အားကိုယ်ကိုးရပေတော့မည်။ မိမိတို့ကိုယ်တိုင်  လုပ်နိုင်သော  အလုပ်အဖြစ် အကြံပြုတင်ပြခဲ့ပြီးဖြစ်သည်။ 
လျှော့သုံးလျှော့
၁။    ဆီလျှော့စားပါ။  အဝလွန်၊   အဆီပိတ်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ ကာကွယ် နိုင်၏။
၂။     အငန်လျှော့စားပါ။   သွေးတိုး၊   နှလုံး၊ လေဖြတ်ရောဂါများ ကာကွယ်နိုင်၏။
၃။    အချိုမှုန့်ကဲ့သို့      သဘာဝမဟုတ်သော အရာများကို  လျှော့စားပါ။  သွေးတိုး နှလုံးရောဂါမှစ၍ ကင်ဆာရောဂါများအထိ ကာကွယ်နိုင်၏။
ဖြတ်သုံးဖြတ်
၄။    ဆေးရွက်ကြီးအခြေခံဆေးလိပ်၊ စီးကရက်၊ ကွမ်းယာဖြတ်ပါ။ အဆုတ်ရောဂါ၊ ကင်ဆာ ရောဂါ၊ သွေးကြောပိတ်ရောဂါနှင့် အခြား ရောဂါ ပြဿနာများစွာ ကာကွယ်နိုင်၏။
၅။    အရက်ဖြတ်ပါ။ အသည်းရောဂါ၊ ကင်ဆာ ရောဂါမှစ၍    လူမှုရေးပြဿနာများစွာ ကာကွယ်နိုင်၏။
၆။    မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေ သောအရာများကို   ဖြတ်ပါ။   စိတ်ရောဂါ များ၊ လူမှုရေးပြဿနာများနှင့် ရာဇဝတ် မှုခင်းများစွာကို ကာကွယ်နိုင်၏။


ဆောင်သုံးဆောင်
၇။    မျှတသော   အာဟာရကို   သုံးဆောင်ပါ။ ကိုယ်ခံအားကောင်း၍ ကျန်းမာမည်။
၈။ နေ့စဉ်   ကိုယ်လက်လှုပ်ရှားအားကစားမှု  လုပ်ဆောင်ပါ။ ရုပ်ခန္ဓာသာမက စိတ်ဖိစီးမှု ဝေဒနာများ     လျော့ပါး၍      အလုပ် ကောင်းကောင်းလုပ်နိုင်ပါ၏။ 
၉။     သတိကိုဖြစ်စေသော စိတ်၏ကျင့်စဉ်များ ကို    ဆောင်ရွက်ပါ။    စိတ်ကောင်းရှိလျှင် သတိရှိ၏။   အမှားကင်း၏၊   ကျန်းမာခြင်း ချမ်းသာခြင်းကိုဖြစ်စေ၏။ 
မြန်မာနိုင်ငံသားတို့၏    ကျန်းမာကြံ့ခိုင်မှုကို အခြေခံ၍ အသက်ရှည်စွာ၊ အနာမဲ့စွာ ချစ်ကြည် စည်းလုံးဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတစ်ရပ် ကို ညီညွတ်စွာ ထူထောင်နိုင်မည်မလွဲပါ။ ကျန်းမာ ရေးနှင့်ပတ်သက်၍    လုပ်ငန်းများစွာရှိသော်လည်း ဤအခြေခံအချက်လေး  ကိုးချက်မှစ၍  သတိ ထားဦးစားပေးကာ ပြောင်းလဲကြည့်စေလိုပါသည်။

 

ဤအချက်ကိုးချက်ကို          မပျက်မကွက် သွက်သွက်ကလေး     ဆောင်ရွက်လျှင်   ကျန်းမာ မှု အဆင့်အတန်းမြင့်လာမည်  အမှန်ပင်။ ချဉ်းကပ် ဆောင်ရွက်ပုံ နည်းလေးတစ်ခုတော့ လိုပါသည်။

 


ကျန်းမာမှုကိုမြှင့်တင်ခြင်းသည်    အနုပညာ တစ်ရပ်ဖြစ်သည်။   လူမှုရေးယဉ်ကျေးမှု၊  ဓလေ့ ထုံးစံကအစ   သမိုင်းနောက်ခံအထိ   နားလည်ရန် လိုအပ်သည်။ ဓာတ်ခွဲခန်းတွေ၊ ဆေးခန်းတွေထဲမှာ ရှာ၍မရနိုင်ပါ။ 
ဆရာကြီး   ဂိုအင်ကာ၏   The Art of Living  အမည်ရှိ စာအုပ်သည် ဘဝနေနည်းအနုပညာကို လမ်းညွှန်ထားသည်။     ထိုသို့     ဘဝနေနည်း အနုပညာထဲမှ ကျန်းမာမှုမြှင့်တင်ခြင်းမှာလည်း အရေးကြီးသော   အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် “ကျန်းမာမှုအနုပညာ”  ဟူ၍   အမည်တပ်ကာ တင်ပြလိုက်ရပါသည်။ The Art of Healthy Living ဆိုပါစို့။         ။