
လင်းလက်နေခြည်
ကျင့်ဝတ်ဟူသည် လူ့တန်ဖိုး
မြန်မာအဘိဓာန်တွင် ကျင့်ဝတ်ကို “လိုက်နာစောင့်ထိန်းအပ်သော ဝတ္တရား” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ “ကျင့်ဝတ် ဆိုသည်မှာ မိမိတို့ မည်သို့ အသက်ရှင် နေထိုင်သင့်သည်၊ မည်သည့် အပြုအမူ တို့ကို မှန်မှန်ကန်ကန် ဆောင်ရွက်သင့် သည်တို့နှင့် စပ်လျဉ်းသည့် လူ့တန်ဖိုး သဘောတရားများကို နားလည်သဘော ပေါက်သည်အထိ ကြိုးပမ်းခြင်း ဖြစ်သည်”ဟု အတွေးအခေါ်ပညာရှင် နော်မန်က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လူ့ဘောင်လောကတွင် ရခဲလှသော လူအဖြစ်ကို ရရှိလာသူတိုင်း လူတစ်ဦး အနေဖြင့် လိုက်နာကျင့်ကြံ ပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်သင့်သည့် အရာ အားလုံးသည် လူ့ကျင့်ဝတ်များပင် ဖြစ်သည်။ လူမှုပတ်ဝန်းကျင်တွင် တန်ဖိုး ရှိသော လူတစ်ဦးဖြစ်စေရန် လူကျင့်ဝတ် များကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ ထိန်းသိမ်းထားရန် လိုအပ်သည်။
မြတ်စွာဘုရားရှင်က သိင်္ဂါလ သတို့သားကို လူ့ကျင့်ဝတ်များ၏ အခြေခံ ဖြစ်သည့် “သူတစ်ပါးအသက်ကို မသတ် ခြင်း၊ သူတစ်ပါးမပေးအပ်သော ပစ္စည်း ဥစ္စာကို မယူခြင်း၊ ယုတ်မာသော ကာမဂုဏ်အမှုကို မပြုကျင့်ခြင်း၊ မဟုတ်မမှန် မပြောဆိုခြင်း” စသည်တို့ကို လိုက်နာပါက လူ့ဘဝတွင် လူပီသစွာဖြင့် နေထိုင်နိုင်မည်ဖြစ်ကြောင်း ဟောကြား ခဲ့သည်။ မကောင်းမှုဒုစရိုက်များကို ရှောင်ရှား၍ ကောင်းမှုသုစရိုက်များဖြင့် မွေ့လျော်ကြသူများသည် ကျင့်ဝတ် စောင့်စည်းသူများဖြစ်သည်။ လူမှု ပတ် ဝန်းကျင်တွင် ရှင်သန်နေထိုင်ကြရာ၌ လူ့ကျင့်ဝတ်များကို လိုက်နာသူများသည် လူအများ၏ ကြည်ညိုလေးစားခြင်းကို ရရှိနိုင်မည်ဖြစ်သည်။ “ပန်းသတင်း လေညင်းဆောင် လူသတင်း လူချင်း ဆောင်”ဆိုသည့် စကားနှင့်အညီ ကျင့်ဝတ်စံတန်ဖိုးများကို လေးစား လိုက်နာ၍ ကောင်းမှုကုသိုလ်များဖြင့် သာ မွေ့လျော်သူများ၏ ဂုဏ်သတင်း သည် လူမှုပတ်ဝန်းကျင်အတွင်း မွှေးပျံ့ နေမည်ဖြစ်သည်။
အဂတိတရားများ တို့ရှောင်ရှား
လိုချင်တပ်မက်ခြင်း လောဘ၊ အမျက်ထွက် ရန်ငြိုးထားခြင်း ဒေါသ၊ အမှားအမှန်မသိ တွေဝေမိုက်မဲခြင်း မောဟ စသည်တို့သည် ကျင့်ဝတ် ဖောက်ဖျက်ရခြင်း၏ အဓိကအကြောင်း တရားများပင်ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟတရားများ ဖုံးလွှမ်းသွားသည့် အခါတွင် လူတို့သည် အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုးတို့ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့သွားပြီး မိမိအတွက်ဆိုသည့် အတ္တစိတ်များဖြင့် လူတစ်ဦးတစ်ယောက် အနေဖြင့် မပြုကျင့်အပ်သော မကောင်းမှုဒုစရိုက် များကို ပြုကျင့်ကာ လူကျင့်ဝတ်များကို ချိုးဖောက်မိတတ်ကြသည်။ နေ့စဉ် ပြုမူ၊ ပြောဆို၊ လုပ်ကိုင် ဆောင်ရွက်မှုတိုင်းတွင် “အတ္တဟိတ” ဆိုသည့် ကိုယ်ကျိုးနှင့်် “ပရဟိတ” ဆိုသည့် အများအကျိုးတို့ အကြား မှန်ကန်မျှတစွာ ရပ်တည် ဆောင်ရွက်နိုင်ရန်အတွက် ထိန်းသိမ်း တည့်မတ်ပေးမည့် လူ့ကျင့်ဝတ်များကို လက်ကိုင်ထားကာ ဘဝအမှားများကို ဖယ်ရှားနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
မြတ်စွာဘုရားရှင်က ကိလေသာကို မထိန်းနိုင်ဘဲ ရင်တွင်းဖြစ်ပေါ်လာသည့် ခံစားချက်များကို အခြေခံ၍ ချစ်ခင် နှစ်သက်သောစိတ်ကြောင့် ဖြစ်ပေါ်လာ ရသည့် ဆန္ဒာဂတိ၊ အမုန်းရန်ငြိုးတို့ ကြောင့် ဖြစ်ပေါ် လာရသည့် ဒေါသာဂတိ၊ ကြောက်ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် ဘယာဂတိ၊ အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်စွမ်းမရှိ၍ ဖြစ်ပေါ်လာရသည့် မောဟာဂတိတို့သည် လူ့ကျင့်ဝတ်ကို ချိုးဖောက်၍ အခြားသူများကို ဒုက္ခ ရောက်စေသော မကောင်းမှုဒုစရိုက် အဂတိတရားများပင် ဖြစ်သဖြင့် သတိထား ဆင်ခြင်သင့်ကြောင်း ဟောကြားခဲ့ခြင်းဖြစ်သည်။ အမှားအမှန် ကို ပိုင်းခြားဝေဖန်တတ်သည့် အသိဉာဏ်ပညာနှင့် အရာရာကို သတိတရားဖြင့် ဆင်ခြင်ကာ ကိုယ်ကျင့် တရားတို့ကို လက်ကိုင်ထားခြင်းဖြင့် ကျင့်ဝတ်ချိုးဖောက်သည့် အပြုအမူများ နှင့် အဂတိလိုက်စားမှုများကို ရှောင်ရှား နိုင်မည်ဖြစ်သည်။
လိုအင်ဆန္ဒဖြည့်တင်းကြရာတွင်
လူသားတစ်ဦးအနေဖြင့် အသက်ရှင် ရပ်တည်နေထိုင်ရာတွင် “စား၊ ဝတ်၊ နေရေး”ဆိုသည့် လူ့ဘဝ၏ ပဓာန လိုအပ်ချက်(၃)ရပ်ကို ဖြည့်တင်းနိုင်ရန် အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို မဖြစ်မနေလုပ်ကိုင် ကြရမည်ဖြစ်သည်။ မိမိလုပ်ကိုင်ရသည့် အလုပ်နှင့်စပ်လျဉ်း၍ လိုက်နာရမည့် “စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ခြင်း၊ မိမိအလုပ်အပေါ် သစ္စာရှိခြင်း၊ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက် များအပေါ် သစ္စာရှိခြင်း၊ မှန်ကန် တည့်မတ်စွာ ဆောင်ရွက်နိုင်ခြင်း၊ တစ်ပါးသူအပေါ် ထိခိုက်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ခြင်း” စသည် တို့သည် လုပ်ငန်းခွင်အတွင်း ထားရှိ ရမည့် အခြေခံကျင့်ဝတ်များပင်ဖြစ်သည်။
လူ့ဘဝတွင် ပစ္စည်းဥစ္စာရှာဖွေ၍ ဘဝ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ကြရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ မိမိကြွယ်ဝချမ်းသာရေး အတွက် ပစ္စည်းဥစ္စာများ ရှာဖွေရာတွင် လောဘစိတ်များဖယ်ရှားကာ အခြားသူ များ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် လုပ်ရပ်များဖြင့် အသက်မွေးခြင်းကို ရှောင်ရှားခြင်းသည် လူ့ကျင့်ဝတ် စောင့်စည်းခြင်းပင်ဖြစ်သည်။ “သမ္မာ အာဇီဝ” ဆိုသည့် ကောင်းမွန်သည့် အသက်မွေးမှုတို့ဖြင့် ရှာဖွေစုဆောင်း အပ်သော ပစ္စည်းဥစ္စာများသည် မိမိ၏ ဘဝကို စစ်မှန်သောပျော်ရွှင်မှုကို ပေးစွမ်းနိုင်သော စစ်မှန်သော ပစ္စည်း ဥစ္စာပင်ဖြစ်သဖြင့် ချမ်းသာခြင်းအစစ်ကို ရယူနိုင်မည်ဖြစ်သည်။
မြင့်မြတ်သူတိုင်း ကျင့်ကြံအပ်သော ပါရမီတော်ဆယ်ပါးတွင် တစ်ပါး အပါအဝင်ဖြစ်သော သီလပါရမီသည် မိမိအပါအဝင် လောကကို ကောင်းကျိုး ဆောင်၍ လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ကမ္ဘာလောက အေးချမ်းသာယာရေး အတွက် မရှိမဖြစ်စောင့်ထိန်းအပ်သည့်အရာပင်ဖြစ်သည်။ သီလဆိုသည်မှာ ကိုယ်ကျင့်တရားပင်ဖြစ်ပြီး ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည့်စောင့်ထိန်းအပ် သော ကျင့်ဝတ်တရားများကို စောင့်ထိန်း ခြင်းဖြင့် ကိုယ်ကျင့်သီလကောင်းမွန် သော လူတစ်ဦးအဖြစ် ရပ်တည်နိုင် ရေး ကြိုးစားဆောင်ရွက်သင့်သည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။ မိမိ၏လုပ်ဆောင်မှုတိုင်းတွင် တစ်ပါးသူ များ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင် မည့် လုပ်ရပ်များမပါဝင်စေရေး အစဉ် တစိုက် အလေးထားဆောင်ရွက်ခြင်းဖြင့် ကိုယ်ကျင့်သီလကောင်းမွန်သောသူများဖြစ်စေရန် ကြိုးစားသင့်သည်။
ကျင့်ဝတ်တရား အလေးထား
ကျင့်ဝတ်ဆိုင်ရာ အယူအဆများကို လေ့လာကြည့်မည်ဆိုပါက ဓလေ့ ထုံးတမ်းဆိုင်ရာ တွေးခေါ်ယူဆချက်များ နှင့် ဘာသာတရားဆိုင်ရာ အဆုံးအမ များကို အခြေခံထားခြင်းသာဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်ယုံကြည်မှု အများဆုံးဖြစ်သည့် “ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ” စသည့် ဘာသာကြီး လေးမျိုး၏ အဓိကအဆုံးအမများ ကို လေ့လာကြည့်မည်ဆိုပါကလည်း “သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ လိမ်လည်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ သူတစ်ပါးမပေးသော ပစ္စည်းဥစ္စာကို ရယူခြင်းမှ ရှောင်ကြဉ် ခြင်း” စသည့်အခြေခံအဆုံးအမများသည် ကျင့်ဝတ်ဆိုင်ရာ ယူဆချက်များ၏ မြစ်ဖျားခံရာ အဆုံးအမများပင် ဖြစ်သည်။
ဘာသာရေးဆိုင်ရာ အဆုံးအမများ၊ ဓလေ့ထုံးတမ်းအစဉ်အလာ အယူအဆ များသည် လူ့အဖွဲ့အစည်းအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့ရောက်ရှိလာပြီး လူ့အဖွဲ့ အစည်းအတွင်း လိုက်နာစောင့်ထိန်းအပ် သော အခြေခံကျင့်ဝတ်များသည် စုစည်း ညီညွတ်မှုစွမ်းအားဖြင့် ဆောင်ရွက် ရသော နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်စု၊ အဖွဲ့အစည်းတစ်ခု၏ လိုက်နာဆောင် ရွက်ရမည့် ကျင့်ဝတ်များအဖြစ်သို့ အသွင်ကူးပြောင်းလာခဲ့သည်။ မိမိ ကြောင့် တစ်ပါးသူထိခိုက်နစ်နာစေမည့် ပြုမူ၊ ပြောဆို၊ လုပ်ကိုင်ဆောင်ရွက်မှု တိုင်းသည် ကျင့်ဝတ်ဖောက်ဖျက်မှုများပင်ဖြစ်သဖြင့် ထိုကဲ့သို့သော လုပ်ဆောင် မှုများ မဖြစ်စေရေးအတွက် လိုအပ်သည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများဖြင့် ထိန်းကျောင်းတည့်မတ်ပေးရန် လိုအပ် သည်။
အများပြည်သူအကျိုး သယ်ပိုးရာတွင်
အများပြည်သူဆိုင်ရာ ရုံးဌာနများ တွင် တာဝန်ယူဆောင်ရွက်သူများသည် အများပြည်သူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ အစိုးရ နှင့် ပြည်သူအကြားတွင် တည်ရှိပြီး ဖြစ်သော အပြန်အလှန်ယုံကြည်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ရသော သူများဖြစ်သဖြင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် ကျင့်ဝတ်ကို အထူး အလေးထားစောင့်ထိန်းရန် လိုအပ်သည်။ ထို့ကြောင့် နိုင်ငံအများအပြားတွင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်ပေးနေသည့် နိုင်ငံ့ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ကိုယ်ကျင့်သိက္ခာနှင့် အပြုအမူဆိုင်ရာ များအပေါ် တန်ဖိုးထားလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင့်ဝတ်များကို ရေးဆွဲပြဋ္ဌာန်းထားကြခြင်းဖြစ်သည်။
ကုလသမဂ္ဂက အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်း ကျင့်ဝတ် လိုက်နာစောင့်ထိန်းခြင်းသည် အဖွဲ့ အစည်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေသကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအကြား အပြန်အလှန်ယုံကြည် မှုကို ပိုမိုခိုင်မာစေသဖြင့် ၁၉၉၆ ခုနှစ်တွင် “International Code of Conducts for Public Officials” ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုထုတ်ပြန်ချက်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ “အများ ပြည်သူဆိုင်ရာ အရာရှိများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိစွာ ဆောင်ရွက် နိုင်စေရန်၊ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်စေရန်၊ မျှတစွာ နှင့် ဘက်လိုက်မှုကင်းစွာ ဆောင်ရွက် တတ်စေရန်၊ အကျိုးစီးပွားပဋိပက္ခ ဖြစ်ပွားမှုများ မရှိစေရန်” ထိန်းသိမ်း ဆောင်ရွက်သွားရန် တိုက်တွန်းထား သည်။
ဝန်ထမ်းကျင့်ဝတ်
မြန်မာနိုင်ငံတွင် ၁၉၉၁ ခုနှစ်က ပြုစုထုတ်ဝေခဲ့သည့် ဝန်ထမ်းကျင့်ဝတ် စာစောင်ကို ခေတ်စနစ်နှင့်အညီ ဖြစ်စေ ရန် ၂၀၀၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ပြင်ဆင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပိုဒ် ၁ (ဋ) တွင် “ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူပြုခြင်း”၊ အပိုဒ် ၇ (ဌ) တွင် “လာဘ်ပေးလာဘ်ယူပြုခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း သို့မဟုတ် တံစိုးလက်ဆောင်ယူခြင်း” နှင့် ၇ (ဍ) တွင် “တာဝန်အရဆောင်ရွက်ရန်ရှိသည့် အလုပ် သို့မဟုတ် ပြုလုပ်ပေးခဲ့ရသည့် လုပ်ငန်းအတွက် ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကို တောင်းခံ ခြင်း၊ ရယူခြင်း၊ လက်ခံရန် သဘောတူ ခြင်း” တို့ကို ရှောင်ကြဉ်ရန် ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အတတ် ပညာပိုင်းဆိုင်ရာ ပြည့်စုံပြီး ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ကျင့်ဝတ်စောင့်ထိန်းကာ အဂတိလိုက်စားမှုကင်းရှင်းစွာ ဆောင် ရွက်နိုင်ရေး ပြည်ထောင်စု ရာထူးဝန် အဖွဲ့က ၂၀၂၁ ခုနှစ် မေလ ၂၈ ရက် နေ့တွင် “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ” ကို ထုတ်ပြန်ခဲ့သည်။
ဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုများတွင် ကျင့်ဝတ် ချိုးဖောက်သည့် အပြုအမူများမှသည် အဂတိလိုက်စားမှုများဆီသို့ ဦးတည် သွားနိုင်မည့် အခြေအနေများမှ ကင်းကွာ နိုင်စေရန် စံတန်ဖိုးများ အပိုဒ် ၁၄ (က) တွင် “အဂတိတရားကင်းရှင်းစွာ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှု ပေးရန်” သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
လူငယ်များသို့
ကျင့်ဝတ်ဆိုသည်မှာ လူတစ်ဦး၏ ပင်ကိုဗီဇနှင့် ဆက်နွှယ်နေပြီး ကျင့်ဝတ်စောင့်ထိန်းသော လူမှုပတ်ဝန်း ကျင်တစ်ခုကို ဖန်တီးပုံဖော်နိုင်ရန်နှင့် ဖြောင့်မတ်တည်ကြည်မှုကို စောင့်ထိန်း သော၊ အဂတိလိုက်စားမှုကို လုံးဝသည်းခံ ခွင့်လွှတ်ခြင်းမရှိသော ယဉ်ကျေးမှု တစ်ရပ် ပေါ်ထွန်းလာစေရေး ဆောင်ရွက် ရာတွင် လူငယ်များ၏ အခန်းကဏ္ဍ ကလည်း အလွန်အရေးကြီးသည်။ ငယ်စဉ်ကတည်းက ဖြောင့်မတ် တည်ကြည်မှုကို တန်ဖိုးထားထိန်းသိမ်း တတ်ပြီး ကျင့်ဝတ်လိုက်နာသော လူငယ် လူရွယ်များကို မွေးထုတ်ပေးနိုင်မည် ဆိုပါက အနာဂတ်တွင် အဂတိကင်းစင် သော မျိုးဆက်တစ်ခုကို ဖန်တီးပုံဖော် နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး မူလတန်းနှင့် အလယ်တန်းအဆင့် ဆရာကိုင်စာအုပ်များ၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် များကို ပြုစုထုတ်ဝေထားပြီး လူငယ် ဖြောင့်မတ်တည်ကြည်မှု မြင့်တင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နေ သည်။ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ်များကို အခြေခံပညာကျောင်းများတွင် ဆောင် ရွက်နေခြင်းနှင့် ကျောင်းသားလူငယ် စကားဝိုင်းများကို ကျင်းပပေးနေခြင်း တို့သည် ကျင့်ဝတ်လိုက်နာသော၊ အဂတိ ကင်းစင်သော မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ချက် များပင်ဖြစ်သည်။ စာရိတ္တကောင်းမွန် သော၊ ဖြောင့်မတ်တည်ကြည်သော၊ ကိုယ်ကျင့်သိက္ခာပြည့်စုံသော၊ လူ့ကျင့် ဝတ်များကို စောင့်ထိန်းသော လူငယ် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင် ခြင်းဖြင့် ကျင့်ဝတ်စံနှုန်းများကို လေးစား လိုက်နာ၍ အဂတိလိုက်စားမှုကင်းစင် သည့် အနာဂတ်ကို ဖန်တီးပုံဖော်နိုင် မည်ဖြစ်သည်။
အဂတိကင်းစင်သော အနာဂတ်ဆီသို့
“ကျင့်ဝတ်” ဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ပိုင်စရိုက်လက္ခဏာပင်ဖြစ်သဖြင့် ကျင့်ဝတ်လိုက်နာ စောင့်ထိန်းသော ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပုံဖော် ရာတွင် ကိုယ်တိုင်ကစ၍ ပြုပြင်ရသည်။ သေးငယ်သော မိုးရေစက်ကလေးများကို စနစ်တကျ စုစည်းလိုက်သည့်အခါ သာယာလှပသော ရေကန်လေးများ ဖြစ်လာနိုင်သကဲ့သို့ လူတစ်ဦးချင်းစီက ကျင့်ဝတ်စောင့်ထိန်းခြင်းဖြင့် ငြိမ်းချမ်း သာယာလှပသော လူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း များအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ခြင်းဖြင့် လည်းကောင်း၊ မျိုးဆက်သစ် လူငယ်များကလည်း စာရိတ္တဗလပြည့်စုံ သော ကျင့်ဝတ်စောင့်ထိန်းသော လူငယ် များအဖြစ် ကြိုးစားဆောင်ရွက်ကြခြင်း ဖြင့်လည်းကောင်း၊ ပြည်သူတစ်ရပ်လုံး ကလည်း အဂတိလိုက်စားမှုကို သည်းခံ ခွင့်လွှတ်ခြင်းမပြုသော စိတ်ဓာတ်များ ထားရှိ၍ လည်းကောင်း ကျင့်ဝတ် စောင့်ထိန်းသော အမူအကျင့်များမှသည် အဂတိလိုက်စားမှု ကင်းစင်သော အနာဂတ်ကို ဖန်တီးပုံဖော်နိုင်ကြပါစေ ကြောင်း တိုက်တွန်းရေးသားလိုက် ရပါသည်။
ရည်ညွှန်းကိုးကား
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် “နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုး များ”၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Website ။
- Log in to post comments