ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံစုံ ဧကနှစ်သိန်းကျော် စိုက်ပျိုးထားရှိ

 

ကန့်ဘလူ ဇန်နဝါရီ ၃၀


စစ်ကိုင်းတိုင်းဒေသကြီး    ကန့်ဘလူမြို့နယ်အတွင်း  ၂၀၂၃- ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စုစုပေါင်း ၁၉၉၁၈၃ ဧက   စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မြို့နယ်အတွင်း ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊  မုန်ညင်း၊  နေကြာနှင့်ပန်းနှမ်း စသည့်သီးနှံစုံ စိုက်‌ဧက ၂၀၁၁၀၈ ဧကကို   ယမန်နှစ် စက်တင်ဘာလက  စတင်စိုက်ပျိုးခဲ့ရာ မြေပဲ ၉၇၉၆၈ ဧက၊ နှမ်း ၉၅၇၁၅ ဧက၊ မုန်ညင်း ၅၃၂ ဧက၊ နေကြာ ၂၉၃၅ ဧကနှင့် ပန်းနှမ်း ၂၀၃၃ ဧက စုစုပေါင်း ၁၉၉၁၈၃ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။


ကန့်ဘလူမြို့နယ်၌ ဆောင်းရာသီ ဆီထွက်သီးနှံများကို မိုးရာသီ နှင့် ဆောင်းရာသီတို့တွင်   စိုက်ပျိုးကြပြီး   ဒေသခံတောင်သူလယ်သမား များ    ဆီထွက်သီးနှံ   အမျိုးအစားအလိုက်  မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေးဆိုင်ရာ    နည်းပညာများ၊ ရိတ်သိမ်းချိန်လွန်      နည်းပညာများ ကို ပညာပေးစည်းရုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းစားသုံးဆီ ဖူလုံစေရန်အပြင် ပြည်ပမှ မှာယူတင်သွင်းခြင်းများကို လျှော့ချနိုင်ရန်  ဒေသခံတောင်သူလယ်သမားများနှင့် ပူးပေါင်းပြီး     ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။


ဆီထွက်သီးနှံစုံလျာထားစိုက်ပျိုး


ကန့်ဘလူမြို့နယ်၌  ဆောင်းသီးနှံများဖြစ်သည့် ဆီထွက်သီးနှံစုံ လျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၉၅၂၆၈ ဧက၊ နှမ်း ၉၆၇၁၆ ဧက၊ မုန်ညင်း ၅၆၃ ဧက၊ နေကြာ ၃၀၃၃ ဧကနှင့် ပန်းနှမ်း ၅၅၂၈ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

အောင်ဝင်းငြိမ်း (ကန့်ဘလူ)