
နေပြည်တော် ဧပြီ ၂၆
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက် စခန်း၏ လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သာကေတ မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံ အခြေစိုက်စခန်း(သာကေတ) သို့ ရောက်ရှိပြီး ကမ်းလွန်အခြေစိုက် စခန်းအတွင်းရှိ ဆိပ်ခံတံတားများ အဆင့်မြှင့်တင် တည်ဆောက် ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းနေရာ များ၊ ရေလုံသင်္ဘောကျင်း (Dry Dock)၊ ပစ္စည်းစီမံဌာန ပိုက်စင်၊ ဂိုဒေါင်များနှင့် လုပ်ငန်းကျွမ်းကျင် မှုသင်တန်းဖွင့်လှစ်မည့် အစီအမံ များနှင့် သင်တန်းခန်းမတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ဦးအောင်မင်းနှင့် စခန်း တာဝန်ခံ အထွေထွေမန်နေဂျာ ဦးတင်ထွန်းနိုင်တို့က လိုက်လံ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်း တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ကမ်းလွန်ရေနံ အခြေစိုက်စခန်း (သာကေတ)သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေးအတွက် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်ပံ့ပိုး ပေးနေသော ဌာနတစ်ခုဖြစ်ပါ ကြောင်း၊ ရေနံလုပ်ငန်းသုံးပစ္စည်း များ ထိန်းသိမ်းသိုလှောင်ရာတွင် သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယာဉ်နှင့် ယန္တရား အရန်ပစ္စည်းများ အား စနစ်တကျ စာရင်းဇယားဖြင့် ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်းနှင့် ဝယ်ယူ ဖြည့်တင်းခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ပြုစုထား ရန် ဖြစ်ကြောင်း၊ လိုအပ်သော ရေနံမြေများကို အချိန်မီ ဖြန့်ဝေ ပေးနိုင်ရေး စတိုလက်ကျန်ပစ္စည်း စာရင်းများ ဖြန့်ဝေထားရန် လိုအပ်ကြောင်း၊ စက်ပစ္စည်း များ ပြုပြင်ထိန်းသိမ်းခြင်းအတွက် ကျွမ်းကျင်ဝန်ထမ်းများ ပြန်လည် စုစည်းကာ ဝန်ထမ်းများကို သင်တန်းများ ဖွင့်လှစ်ပို့ချရန် ဖြစ်ကြောင်း၊ လုပ်ငန်းသုံးနှင့် ဝန်ထမ်း အိမ်ရာများအတွက် လိုအပ်သော ရေသန့်အလုံ အလောက် ရရှိရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ကမ်းလွန်ရေနံ အခြေစိုက်စခန်း(သာကေတ)ဝင်း အတွင်းနှင့် ဝန်ထမ်းအိမ်ရာ များတွင် သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်နှင့် လုံခြုံရေး သတိပြုဆောင်ရွက်ရန် ဖြစ် ကြောင်း၊ မိမိတို့ အသုံးပြုလိုသော လက်ကျန်ပစ္စည်းများကို စနစ် တကျ ထိန်းသိမ်းရန်နှင့် မလိုအပ် သော ပစ္စည်းများ စာရင်းရှင်းလင်း ပယ်ဖျက်ရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ ဆိပ်ခံတံတား များ၏ ကြံ့ခိုင်ရေး ပုံမှန်စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းထားရှိရန် လိုအပ် ကြောင်းတို့ကို မှာကြားသည်။
ကမ်းလွန်ရေနံ အခြေစိုက် စခန်း(သာကေတ)သည် ကုန်း တွင်းနှင့် ကမ်းလွန်ရေနံ ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်းများ အောင်မြင်စွာ ပြုလုပ်နိုင်စေရန် အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပြီး ကုန်တွင်းနှင့် ကမ်းလွန်ရေနံ ရှာဖွေတူးဖော် ထုတ်လုပ်သည့် ပြည်တွင်း/ ပြည်ပမှ ဝယ်ယူ ထားသော လုပ်ငန်းသုံးပစ္စည်းများ လက်ခံသိုလှောင်၍ လိုအပ်သည့် နေရာဒေသများသို့ ထောက်ပံ့ ပို့ဆောင် ဖြန့်ဖြူးပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးနေသော Offshore Supply Base တစ်ခုဖြစ်သည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်းများ၊ အသုံးချ သုတေသန၊ ပိုက်လိုင်းအခြေစိုက် စခန်းများ၊ အောက်မြန်မာပြည် ရေနံမြေ အစမ်းတွင်းဒေသများ တွင် တည်ဆောက်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက် ယန္တရားများ ထောက်ပံ့ပို့ဆောင် ပေးခြင်းလုပ်ငန်းများနှင့် လုပ်ငန်း ပိုင်သင်္ဘောများ လွန်းတင်ပြုပြင် ခြင်းလုပ်ငန်းများကို ထောက်ပံ့ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်